ရသဆောင်းပါးစုံ မောင်မောင်စိုး

မောင်မောင်စိုး – တအန်း ပလောင် နှင့် TNLA – အပိုင်း (၄)

12705562_555203751309215_4691059692318537548_n
မောင်မောင်စိုး – တအန်း ပလောင် နှင့် TNLA – အပိုင်း (၄)
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆

(က) PSLF ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
PSLO/PSLA တို့မှ ကရင်ပြည်နယ် KNU ဌာနချုပ်ရှိရာ မာနာပလောသို့စေလွှတ်ထားသော ပလောင်ကိုယ်စားလှယ် အဖွဲ့ ဝင်များမှ မဒတ အကူအညီဖြင့် မာနာပလောတွင် စတင်ဖွဲ့စည်းခဲ့သောအဖွဲ့ဖြစ်သည်။ တာ့အိုက်မုန်းခေါင်းဆောင်သော PSLO/PSLA တို့နဝတ အစိုးရနှင့် အပစ်ရပ်ပြီးနောက် ၁၉၉၂ ဇန္နဝါရီ ၁၂ ရက်တွင်စတင်ဖွဲ့စည်းခဲ့သည်ဟုဆိုပါသည်။ ဤသို့ဖြင့် ပလောင်အဖွဲ့သစ်တခုသည် ပလောင်အဖွဲ့ဟောင်းတွင်းမှပင် ပေါ်ထွက်လာသည်ဟုဆိုရပေမည်။

သို့သော်စတင်ဖွဲ့စည်းပြီး မာနာပလောရောက် ပလောင်အင်အားဆယ်ဂဏန်းသာရှိသည်ဖြစ်ပြီး မိမိပလောင်ဒေသနှင့်ဝေးကွာနေသည်ဖြစ်ရာ ထိထိရောက်ရောက် လှုပ်ရှားနိုင်စွမ်းမရှိခဲ့ပေ။ ထို့ပြင်ပလောင် ဒေသအတွင်း၌လည်း တာ့အိုက်မုန်းဦးဆောင်သောအဖွဲ့ကရှိနေသေးပေရာ အခြေအနေကို စောင့်ကြည့်နေရသေးသည့် သဘောဖြစ်ပုံရသည်။ ထို့ပြင်စတင်ဖွဲ့စည်းကြသောသူများမှာ အသက် ၃၀ မပြည့်တတ်သော လူငယ်များဖြစ်ကြပေရာ ယခင်လူဟောင်းလူကြီးများ၏ သဘောထား ကိုလည်းစောင့်နေရပုံရသည်။

သို့သော် တာ့အိုက်မုန်းနှင့်အဖွဲ့လက်နက်အပ်ပြီးနောက် ကရင်ပြည်နယ်ရှိ PSLF အဖွဲ့ဝင်များသည် ပလောင်ဒေသတွင်းပြန်လည်ဝင်ရောက်ရန်နှင့် လက်နက်ကိုင်တပ်ဖွဲ့ပြန်လည်ဖွဲ့စည်းရန် ကြိုးစားအားထုတ်လာကြတော့သည်။ လက်နက်အပ်လိုက်ရသည်ကိုလက်ခံလိုစိတ်မရှိသော်လည်း အစိုးရကဖိအားပေး၍ မလွဲမရှောင်သာ လက်နက်အပ်လိုက်ရသည့် ဒေသတွင်းမှ လူဟောင်းအချို့ကလည်း ပြန်ပူးပေါင်းလာခဲ့ကြသည်။

(ခ) TNLA တအန်းလွတ်မြောက်ရေးတပ်မတော်
သို့နှင့် လက်နက်ကိုင်လှုပ်ရှားမှုကို ပလောင်ဒေသတွင်း ပြန်လည်လှုပ်ရှားမှုများစတင်နိုင်ရန် PSLF အဖွဲ့ဝင်များသည် ယခင် PSLA စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ တာ့ညီလုံးနှင့် တိုင်ပင်၍ TNLA ကို၂၀၀၇ ဇူလိုင်လတွင်း စတင်ဖွဲ့စည်းလှုပ်ရှားခဲ့ကြသည်ဟု ဆိုပါသည်။ တာညီလုံးမှာမူ ၂၀၁၂ ခုနှစ် TNLA ဟုပီပီပြင်ပြင်ပေါ်ထွက် မလာမှီ ကွယ်လွန်သွားကြောင်း ကြားသိရသည်။

တအန်း ပလောင်ဒေသကို လက်တွေ့ကာကွယ်ရန် ပလောင်လက်နက်ကိုင်တပ်ဖွဲ့တခု မဖြစ်မနေလိုအပ်သည်ဟု PSLFခေါင်းဆောင်ပိုင်းကယူဆသည့်အတွက် ၂၀၀၉ အောက်တိုဘာလတွင် ကျင်းပသော PSLF ၏ တတိယအကြိမ် ညီလာခံတွင်
ယခင် PSLA မှ တပ်မှူးကြီးဟောင်းအချို့နှင့် စုစည်းကာ TNLA ကို အတည်ပြု ဖွဲ့စည်းခဲ့ကြသည်။

ဤသို့ စည်းရုံးလှုပ်ရှားလာရာမှ လက်တွေ့ခြေလှမ်းအဖြစ်၂၀၁၁ အောက်တိုဘာလတွင် KIA ၏ အကူအညီနှင့် KIAတပ်မဟာ ၃ နယ်မြေ ဗန်းမော်ဒေသတွင်းရှိ ဝါရာဘွမ်တွင်ပလောင်လူငယ် ၅၀ ကျော် စစ်ပညာသင်ယူကာ TNLA ကိုလက်တွေ့ အစပြု လိုက်ကြတော့သည်။

(ဂ) လူ ၄၂ ယောက် သေနတ် ၂၂ လက်
ဖီဒယ်ကပ်စထရို ၏ ကျူးဘားတော်လှန်ရေးသမိုင်းတွင်ဘာတစ္စတာ စစ်အာဏာရှင် အစိုးရအားတော်လှန်ရန် သင်္ဘောတစီး လူအင်အား ၈၀ ကျော်ဖြင့် ကျူဘားကမ်းခြေသို့ ဆိုက်ရောက်လာသော ကပ်စထရိုတို့အဖွဲ့အား ဘာတစ္စတာ အစိုးရဆီး ကြိုတိုက်ခိုက်ရာ အများအပြား ကျဆုံးပြီး လူစုကွဲသွားခဲ့သည်။တကွဲတပြားဖြစ်သွားသူများ ကျူးဘားတောင်တန်းများပေါ်ပြန်လည်စုစည်းရာ လူ ၁၂ ယောက်နှင့် သေနတ်၁၂လက် သာစုစည်းမိပြီး ကျူးဘားတော်လှန်ရေးကို လူ ၁၂ ယောက် သေ နတ် ၁၂ လက် နှင့် ပြန်လည်စတင်ခဲ့ရသည်ဟုဆိုပါသည်။

KIA နယ်မြေတွင်း စစ်ပညာလေ့ကျင့်ခဲ့သော TNLA ပလောင်လူငယ်များသည် ၂၀၁၁ ဒီဇင်ဘာ ၂၃ ရက်တွင် ကချင်ပြည်နယ် ဗန်းမော်ဒေသမှ စတင်ချီတက်၍ ရွှေလီမြစ်အား နမ့်ခမ်းမြို့အောက်ဘက်ကျကျမှ ဖြတ်ကာ ၂၀၁၂ ဇန္နဝါရီလအတွင်းတွင် တအန်းပလောင်ဒေသတွင်းသို့ ပြန်လည်ခြေချနိုင်ခဲ့သည်ဟုဆိုသည်။ စစ်သင်တန်းစတက်စဉ်က လူအင်အား ၅၀ ကျော်ရှိရာမှ အကြောင်းအမျိုးမျိုးကြောင့် လျော့ပါးသွားရာတအန်းပလောင်ဒေသ တွင်းရောက်ရှိချိန်တွင် လူ ၄၂ ယောက်
ကျန်ရှိပြီး KIA ကပေးလိုက်သော သေနတ် ၂၂ လက် ပါရှိလာသည်ဟုဆိုသည်။

ဤသို့ဖြင့် ပလောင်တို့ ဒုတိယတော်လှန်ရေး (ဝါ) ပလောင်တို့၏ ဒုတိယလက်နက်ကိုင်တပ်ဖွဲ့သည် လူ ၄၂ ယောက်သေနတ် ၂၂ လက်ဖြင့် တအန်းပလောင်တောင်တန်းများပေါ်တွင်၂၀၁၂ နှစ်ဆန်းပိုင်းမှ အစပြု သက်ဝင်လှုပ်ရှားလာတော့သည်။တာ့အိုက်မုန်းဦးစီးသော ပလောင်လက်နက်ကိုင်အဖွဲ့ လက်နက်အပ်ပြီး ၇ နှစ်အကြာတွင်ဖြစ်သည်။

(ဃ) အင်အားတိုးပွားမှု မြန်ဆန်သည့် TNLA
စတင်ဖွဲ့စည်းပြီးနောက် TNLA သည် လူသစ်စုဆောင်းရေးကိုအားသွန်ခွန်စိုက်လုပ်ခဲ့ပုံရသည်။ ဖွဲ့စည်းပြီး တနှစ်အကြာ ၂၀၁၃တွင်အင်အား ၅၀၀ ခန့်ထိတိုးပွားလာသည်ဟုဆိုသည်။ နောက်ပိုင်းလစဉ် လူသစ် ၂၀၀ ခန့်စုဆောင်းနိုင်သည်ဟု ဆိုသည်။ TNLA အနေနှင့်လူသစ်စုဆောင်းရာတွင် အတင်းအကြပ် စုဆောင်းမှုများရှိသည်ဟုစွပ်စွဲပြောဆိုခံရမှုများရှိသည်။ ဤပြဿနာမှာ ပလောင်တဖွဲ့တည်းစွပ်စွဲခံရသည့်ပြဿနာတော့မဟုတ်ပေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တိုင်းလိုလို စွပ်စွဲခံရသည့်ပြဿနာဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကမူ အသက်ပြည့်ပြီးသူတိုင်း မိမိဒေသအား ကာ ကွယ်ရန် စစ်မှုထမ်းဥပဒေ ပြဌာန်းကျင့်သုံးခြင်းဖြစ်သည်ဟု တုန့်ပြန်လေ့ရှိသည်။ အငြင်းပွားဖွယ်ရာတော့ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ပလောင်အဖွဲ့၏ အင်အားမှာ လျင်မြန်စွာတိုးပွားလာခဲ့သည်။ ပလောင်ပညာတတ်လူငယ်များလည်း မိမိဆန္ဒအရ ပါဝင်လာသည်များကိုလည်းတွေ့လာရသည်။ ဤသို့ဖြင့်၂၀၁၅ ပထမ နှစ်ဝက်အရောက်တွင်ပလောင်လက်နက်အဖွဲ့၏ လက်နက်ကိုင်အင်အားမှာ ၅၀၀၀ ခန့်အထိရှိလာသည်ဟုဆိုသည်။ လက်ရှိပလောင်တပ်ဖွဲ့၏ လှုပ်ရှားမှုနှင့် လှုပ်ရှားနိုင်စွမ်းအားအရလည်းဖြစ်နိုင်ချေရှိသည်ဟု သုံးသပ်ရပေသည်။ သို့ပေမဲ့ အင်အားအတိအကျကို တွက်ဆရန် အခက် အခဲရှိသည်။

ဤသို့မြန်ဆန်စွာအင်အားစုဖွဲ့လာနိုင်သည်မှာ အကြောင်း ၂ ချက်ကြောင့်ဖြစ်သည်ဟုဆိုရပေမည်။ ပထမအချက် ယခု အကြိမ် ပလောင်လက်နက်ကိုင်အဖွဲ့အား ပြန်လည်ခေါင်းဆောင်သည့် လူငယ်ခေါင်းဆောင်များ၏ လုပ်ရည်ကိုင်ရည်မြင့်တက်မှုအမြင်ကျယ်မှုကြောင့် ဖြစ်သည်။ ဒုတိယချက်မှာ တအန်းပလောင်ဒေသတွင်း ယခင်ကာလများထက် ယဉ်ကျေးမှု ပိုမို မြင့် မားလာသကဲ့သို့ အမျိုးသားရေးစိတ် ပိုမိုမြင့်တက်လာ၍လည်းဖြစ်သည်။

တကယ်တမ်းတွင် လူသစ်စုဆောင်းရသည်ထက် စုဆောင်းရရှိသည့်သူများအား လေ့ကျင့်ရခြင်း ဘတ်ဂျက်တာဝန်ယူရခြင်းလက်နက်ရှာဖွေတပ်ဆင်ရခြင်းက ပိုခက်ခဲ ပိုတာဝန်ကြီးသည်။ ဤပြဿနာကို လက်ရှိ ပလောင်တပ်ဖွဲ့ခေါင်းဆောင်များ ဖြေရှင်းနိုင်ပုံရသည်။

ပလောင်တပ်ဖွဲ့ဝင်သစ်များလေ့ကျင်ခြင်းကို အစောပိုင်းကKIA ဒေသတွင်းပြုလုပ်ခဲ့ကြပြီး နောက်ပိုင်း အခြေခံသင်တန်းများ
ကို ပလောင်ဒေသတွင်း၌ပင်ပြုလုပ်ကြသည်ဟုဆိုသည်။ ဗိုလ်င်တန်း ဆရာဝန်အဆင့် ဆေးကျောင်းစသည်တို့အတွက်KIAဒေသသို့ စေလွှတ်သင်ကြားသည်ဆိုသည်။ ၂၀၁၄ အတွင်းအစိုးရတပ်ပစ်ခတ်လိုက်သော ၁၀၅ မမ ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် လိုင်ဇာရှိ KIA ဗိုလ်သင်တန်းရှိ ဗိုလ်လောင်များကွယ်လွန်ရာတွင် TNLA မှ ၁၁ ဦးပါရှိခဲ့သွားခဲ့သည်ကိုတွေခဲ့ရပါသည်။ သို့နှင့် ပလောင်အဖွဲ့၏ လူသစ်များအား KIA ဒေသရော ပလောင်ဒေသမှာပါ လေ့ကျင့်ခဲ့ကြသည်ဟုဆိုရမည်။

ထို့ပြင် ထောင်နှင့်ချီ၍တိုးလာသော အင်အားများအတွက်ရိက္ခာစားရိတ် ဝတ်စုံစားရိတ် လေ့ကျင့်ရေးစားရိတ် ကျန်းမာရေး စားရိတ် စစ်ရေးအသုံးစားရိတ်ကုန်ကျငွေမှာ နည်းမည်မဟုတ်ချေ။ လက်ရှိပလောင်အဖွဲ့ခေါင်းဆောင်များ ဖြေရှင်းနိုင်ပုံရ သည်။ KIA ဒေသကဲ့ ကျောက်စိမ်းနယ်မြေ ရွှေ ပယင်းထွက်ရာနယ်မြေများ တအန်းပလောင်ဒေသတွင်းမရှိရာ ပလောင်ခေါင်း ဆောင်များအနေနှင့် ဘတ်ဂျက်ပြဿနာကို ခက်ခက်ခဲခဲ ဖြေရှင်းရလိမ့်မည်ဟု ယူဆရသည်။ လက်ရှိအနေအထားတွင် တပ်ဖွဲ့ဝင်များအား လစာဟူ၍ ပေးနိုင်ခြင်းမရှိဘဲ အသုံးစားရိတ်အဖြင့် တစ်လကျပ်တစ်သောင်းခန့်သာ ထုတ်ပေးနိုင်ဟု ကြားသိရသည်။ ဘတ်ဂျက်အခက်အခဲများနှင့် ရုန်းကန်လှုပ်ရှားနေရသည်ဟုဆိုရပေမည်။

ပလောင်တပ်ဖွဲ့ဝင်များတိုးပွားလာသည်နှင့်အညီ လက်နက်တပ်ဆင်ရန်လည်းလိုအပ်လာပေမည်။ ပလောင်အဖွဲ့အနေနှင့် ဗကပကဲ့သို့လက်နက်ထုတ်ပေးမည့်တိုင်းပြည်မရှိ။ ကျန်လက်နက်ကိုင်အဖွဲ့များမှ အကူအညီဆိုသည်မှာလည်း အကန့်အ သတ်ရှိသည်။ သို့ဖြစ်ရာ လက်နက်များအဘယ်ကရမည်နည်း။ လက်နက်မှောင်ခိုဈေးကွက်တခုရှိနိုင်သည်ဟုခန့်မှန်းရသည်။ ယခင်လို ထိုင်းနယ်စပ်မှ လက်နက်မှောင်ခိုဈေးကွက် တော့မဖြစ်နိုင်ချေ။ လမ်းကြောင်းသယ်ယူမှု အခက်အခဲရှိသည်။ ဖြစ်နိုင်ချေအရှိဆုံးမှာ တရုတ်နယ်စပ်မှ လက်နက်မှောင်ခိုဈေးကွက်ဖြစ်နိုင်ပေသည်။

တရုတ်ပြည်တွင် တိန်ရှောင်ဖိန်အာဏာရလာပြီး ၁၉၈၀ ကာလနောက်ပိုင်း တရုတ်စစ်တပ်အား အင်အား ၅ သန်းမှ ၂ သန်းထိလျော့ချပြီးပြင်ဆင်ဖွဲ့စည်းခဲ့ရာ လက်နက်ငယ်များ သန်းနှင့်ချီပိုထွက်လာခဲ့သည်။ နောက်ပိုင်းတရုတ်ပြည်ချမ်းသာကြွယ်ဝလာသည်နှင့်အမျှ စစ်တပ်အား လက်နက်အသစ်အဆန်းများ ပြောင်းလဲတပ်ဆင်လာသည်နှင့်အမျှ လက်နက်ဟောင်းများစွာပေါ်ထွက်လာသည်။ ထို့ပြင် စစ်ပွဲအတွက်ပြင်ဆင်ထားရှိသော ကျည်ဆံ အမြောက်ဆံစသည့်ခဲယမ်းမီးကျောက်များမှာလည်း စစ်ပွဲမရှိ၍ မသုံးရပါက လေ့ကျင့်ရေးသုံးအပြင်သုံးရန်မရှိဘဲ သက်တမ်းကုန်ကဖျက်ဆီးရန်ဖြစ်လာသည်။ တရုတ်တို့သည် လက်နက်ဟောင်းများဆေးသုတ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရောင်းချလေ့ရှိသည်။ တရားဝင် ရောင်းမကုန်သော ဖျက်ဆီး ပစ်ရမည့် လက်နက် ခဲယမ်းမီးကျောက်များသည် မှောင်ဈေးကွက်၏ အရင်းအမြစ်ပင်ဖြစ်သည်။

တရုတ်သမတ ရှီကျင့်ပင် တက်လာပြီးနောက် စစ်တပ်မှ ဗဟိုစစ်ကော်မရှင်မှစ၍ ထိပ်တန်းဗိုလ်ချုပ်များစွာ လာဘ်ပေး လာဘ်ယူမှုနှင့် အရေးယူခံရသည်ကိုတွေ့ရသည်။ စစ်ဘက်ထိပ်တန်းအရာရှိများ၏ အဂတိလိုက်စားမှုသည်လည်း လက်နက်မှောင်ခိုဈေးကွက်ဖြစ်လာစေနိုင်သည့် အကြောင်းရင်းတရပ်ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က တရုတ်နယ်စပ် ရွှေလီတဝိုက်တွင်လက်နက်မှောင်ခိုရောင်းဝယ်မှုတခု သတင်းသဲ့သဲ့ကြားရဘူးသည်။ ယခုနှစ်ဆန်းတွင်လည်း ကိုးကန့်နယ်စပ်အနီးတွင်ကားတစီးတိုက် လက်နက်ရာနှင့်ချီ၍ ဖမ်းမိသည်ဟု တရုတ်သံအရာရှိတစ်ဦးပြောသည်ကိုတွေ့ရသည်။

တရုတ်ပြည်တွင် လက်နက်မှောင်ခိုမှုသည် အမှုကြီးဖြစ်သည်။ သေဒဏ် ဖြစ်သည်။ သိုပေမဲ့ အကျင့်ပျက်လဘ်စားသော အစိုးရအဖွဲဝင်များရှိနေပါက စူ့ထက်စူ လူစွမ်းကောင်းပေါက်ဖေါ်များ အဖို့ မှောင်ခိုလက်နက်ဈေးကွက်တခု ဖန်တီးရောင်း ချခြင်း ရှိနိုင်သည်ဟု တွက်ဆရပေသည်။ မြန်မာပြည်မှ သစ်များ ကျောက်စိမ်းများ သတ္တုများ အင်ကြင်းကျောက်များကို ၂၂ ဘီးကားကြီးများနှင့် တရုတ်ပြည်ဘက်သို့ ကားစီးရာနှင့်ချီ၍ မှောင်ခိုထုတ်နေပေရာတရုတ်ပြည်ဘက်မှ မြန်မာပြည်ဘက်သို့ လက်နက်မှောင်ခိုလမ်းကြောင်းတခု မပေါ်လာနိုင်စရာမရှိပေ။ လက်နက်မှောင်ခို ရောင်းဝယ်မှုဆိုသည့် အလွန်တရာ မြိုးမြိုး မျက်မျက် မြတ်စွန်းနိုင်သည်မဟုတ်ပါလော။

နောက်ဖြစ်နိုင်ဘွယ်ရာတခုမှာ တရုတ်အစိုးရတာဝန်ရှိသူများက မျက်စေ့မှိတ်မသိချင်ယောင်ဆောင်ကာ တိုင်းရင်းသား လက်နက် ရောင်းချမှု ခွင့်ပြုပေးနေခြင်းဖြစ်သည်။ သို့သော်ဤအချက်မှာ ခန့်မှန်းစွပ်စွဲချက်တစ်ရပ်သာဖြစ်ပြီး ခိုင်လုံသော သက်သေအထောက်ထား ပြနိုင်ရန် ခက်ခဲပေသည်။

မည်သို့ပင်ဖြစ်စေ ပလောင်အဖွဲ့အနေနှင့် တိုးပွားလာသောအင်အားများကို လက်နက်တပ်ဆင်စွမ်းရှိလာသည်ကို တွေ့ရ သည်။ ထို့ပြင် ပလောင်တပ်ဖွဲ့အနေနှင့် ကိုးကန့်တို့နှင့်စစ်ရေးအရ ပူးပေါင်းပြီး တပ်ရင်း ၃ ရင်းပါ စစ်ဗျူဟာတခုကိုပင် ကိုးကန့်ဒေသသို့စေလွှတ် တိုက်ခိုက်လျက်ရှိရာ ကိုးကန့်အဖွဲ့ထံမှ စစ်လက်နက်အကူအညီရရှိနိုင်ဟု တွက်ဆရပါသည်။

ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts