ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ရသဆောင်းပါးစုံ

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – အတိတ်ကို မချည်နှောင်မိဖို့

 

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – အတိတ်ကို မချည်နှောင်မိဖို့

(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၀၂၁၆
ပြည်သူ့ခေါင်းဆောင်က-
“ကျမတို့ဟာ အတိတ်ကို သင်ခန်းစာပဲယူမယ်၊
အတိတ်ကို ချည်နှောင်နေမှာမဟုတ်ဘူး၊
အတိတ်ထဲမှာ နေ နေမှာမဟုတ်ဘူး”
ဆိုတဲ့ စကားကို ပြောသွားတယ်တဲ့။ဒါဟာ
လောက ,ဘဝ, ဓမ္မ နယ်ပယ်အားလုံးရဲ့ အပြောင်းအလဲတိုင်းမှာ အလွန်အရေးပါတဲ့ သတိထားစရာခံယူချက်ပါ။

မြတ်ဗုဒ္ဓရဲ့ ပြဿနာပြေငြိမ်းနည်းတွေ ထဲမှာ-
ဒီနည်းဗျူဟာကို “တိဏဝတ္ထာရက သမထ”လို့ ခေါ်ပါတယ်။
“ဆေးကြောသုတ်သင်ဖို့မနိုင်လောက်တဲ့ မစင်ကို မြက်နဲ့ဖုံးလွှမ်းပစ်ရသလို ငြင်းလို့ခုံလိုမဆုံးနိုင်မယ့်ပြဿနာများကို အတိတ်မှာ ချန်ထားရစ့်ခဲ့ရတဲ့ ငြိမ်းအေးနည်း”ပေါ့။

မြတ်ဗုဒ္ဓလက်ထက်တော်က ဖြစ်ရပ်များကို လေ့လာကြည့်ရင် ဒီနည်းဗျူဟာက မြတ်ဗုဒ္ဓရဲ့ အထက်မျက်ဆုံး နည်းဗျူဟာတစ်ခု ဖြစ်တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

လူဖမ်း, အသက်သတ်, လက်ဖြတ်အလုပ်တွေကြောင့် သာဝတ္ထိတစ်ပြည်လုံး ဖိန့်ဖိန့်တုံကြောက်နေရတဲ့ ခိုးသားကြီး အင်္ဂုလိမာလ – ဟာ ကျွတ်ချိန်တန်တော့ ဘုရားနဲ့တွေ့ပြီး ဘုရားသား ရဟန်းတော်ဖြစ်လာတယ်။
အရှင်အင်္ဂုလိမာလပေါ့။

တစ်ဘက်က အတိတ်ကိုစွန့်လွှတ်လိုက်ပြီး ဘဝသစ်ရောက်ခါမှ- တိုင်းသူပြည်သားတွေက အတိတ်ကိုချည်နှောင် ဆွဲကိုင်လာကြတယ်၊

အရှင်အင်္ဂုလိမာလ ဆွမ်းခံကြွတော်မူတဲ့အခါ-
ငါ့အဖေကိုသတ်သူ
ငါ့သားကိုသတ်သူ
ငါ့လင်ကိုသတ်သူ ..စတဲ့
အတိတ်ရန်ငြိုးတွေနဲ့ ခဲနဲ့ ထုသူက ထု၊ ထင်းစနဲ့.ယောက်မနဲ့စတဲ့ ရရာလက်နက်တွေနဲ့ ကလဲ့စားချေကြလို့
မထေရ်မြတ်မှာ ဆွမ်းခံပြန်တိုင်း သွေးသံရဲရဲ။ပြည်သူက အတိတ်ကို နေ့စဉ်ဆွဲကိုင်လှုပ်နေတော့ မထေရ်မြတ်စိတ်ကလဲ  အတိတ်ကိုချည်နှောင်မိရက်ပြန်ဖြစ်သွားတယ်။
ဘယ်လိုလဲဆိုတော့-
တောထဲမှာ တရားနှလုံးသွင်းဖို့ မျက်လုံးမှတ်လိုက်ထာနဲ့.. အတိတ်က သူ သတ်ခဲ့ဖြတ်ခဲ့တဲ့ ခြေပြတ်,လက်ပြတ်, ခေါင်းပြတ်, လျှာထွက်ဆိုတဲ့ ကမ္မနိမိတ်တွေပဲ ပေါ်လာပြီး သမာဓိတည်ဆောက်လို့ မရတော့ဘူး။

အပြောင်းအလဲတစ်ခု ရောက်ချင်တော့-
တစ်နေ့မှာ ဆွမ်းခံရင်း မီးဖွားဖို့အခက်ကြုံနေတဲ့ အမျိုးသမီးရဲ့ဒုက္ခကို ကယ်ကူချင်လို့ ဘုရားဆီသွားပြီးလျှောက်ထားတဲ့အခါ-  ဘုရားရှင်က- “ငါသည် မွေးဖွားလာချိန်မှစပြီး သူ့အသက်ကို မသတ်ဖူးပါ..ဤမှန်သောသစ္စာစကားကြောင့်.. လို့ သစ္စာဆိုလိုက်ချစ်သား”ဆိုတော့ ရှင်အင်္ဂုလိမာလက- “တပည့်တော်ဟာ လူပေါင်းများစွာကိုသတ်လာတာ ဒီလိုသစ္စာဆိုလို့ ဘယ်မှန်ပါ့မလဲ”လို့ပြန်လျှောက်တယ်။

မြတ်စွာဘုရားက ရှင်အင်္ဂုလိမာလဟာ ‘အတိတ်ကို ချည်နှောင်နေတယ်’ဆိုတာသဘောပေါက်လိုက်တဲ့အတွက်.. “ချစ်သား..သင်လူတွေသတ်ခဲ့တယ်ဆိုတာ မန္တာနီပုဏ္ဏေးမသားဘဝကမို့လား၊ အခုသင်ဟာ အရိယာနွယ် ဘုရားသားတော်ဖြစ်နေပြီပဲ”လို့ သတိပေးလိုက်တော့မှ အမြင်ရှင်းသွားပြီး “အရိယာနွယ်ဖွား ဘုရားသားတော်ဖြစ်ချိန်မှ” ဆိုတဲ့စကားနဲ့ သစ္စာပြုပြီး ရေကိုတိုက်လိုက်တော့ မိခင်ရောကလေးပါ အသက်ချမ်းသာသွားတယ်။

ဒီသတင်းကြားတော့မှ မြို့သူမြို့သားတွေလဲ အမြင်မှန်ရကြပြီး အရှင်မြတ်ကို အတိတ်နဲ့ မချည်နှောင်ကြတော့ဘဲ ကြည်ညိုလာကြတယ်။

မထေရ်မြတ်လဲ တရားဖြောင့်ဖြောင့်အားထုတ်နိုင်လို့ ရဟန္တာကြီးဖြစ်သွားတယ်။
တကယ့်ကိုမှ အောင်ပွဲရတဲ့ ဧရာမအပြောင်းအလဲကြီးဖြစ်သွားခဲ့တာ မထေရ်မြတ် ထိုင်ပြီး သစ္စာပြုတဲ့နေရာတောင် ကမ္ဘာတည်သရွေ့မပျက်တဲ့ “ကပ္ပဋ္ဌာယီ”စာရင်း ဝင်သွားခဲ့ပါတယ်။ကောင်းမွန်အောင်မြင်တဲ့ အပြောင်းအလဲကြီး တစ်ခုမှာ-
အတိတ်ကို ချည်နှောင်မနေဖို့

အတိတ်ထဲမှာ နေ မနေဖို့ဆိုတာ
အဲဒီလောက် အရေးလဲပါ, အရေးလဲကြီးတဲ့ ကိစ္စကြီးပါ။အပ္ပမာဒေန သမ္ပာဒေထ…

၂၃.၂.၁၆၊ ပါရမီရိပ်သာ၊ ဆစ်ဒနီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts