ရသဆောင်းပါးစုံ မောင်မောင်စိုး

မောင်မောင်စိုး – တအန်း ပလောင် နှင့် TNLA – အပိုင်း (၂)

မောင်မောင်စိုး – တအန်း ပလောင် နှင့် TNLA – အပိုင်း (၂)
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆

တကယ်တမ်းပြောရလျှင် ပလောင်ဒေသအပါ ရှမ်းပြည်နယ်တခုလုံး မငြိမ်မသက်ဖြစ်ပွားဖြစ်ပွားခြင်းသည် ပလောင်တောင်ပိုင် စော်ဘွားအပါ ရှမ်းပြည်နယ်စော်ဘွားများ အာဏာစွန့်လွှတ်ရာမှအစပြုသည်ဟု ဆိုရပေမည်။ ရှမ်းပြည်နယ်ရှိ စောဘွားများ အုပ်ချုပ်သည့်စနစ်သည် ပဒေသရာဇ်စနစ်ဆိုသော်လည်း ယင်းဒေသတွင် နှစ်ရာပေါင်းများစွာ အခြေတည်လာသော စနစ် တရပ်ဖြစ်သည်။

စောဘွားနှင့် သူ၏လက်နက်ကိုင်တပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့အပြင် သူ၏ လက်အောက်အဆင့်ဆင့်တွင်ရှိသော မြို့စားတိုက် သူကြီး ရွာသူကြီး စသူများသည်လည်း ဒေသခံရှမ်းပလောင်များသာဖြစ်သည်။ မြန်မာဘုရင်လက်ထက်ကရော အင်္ဂလိပ် ခေတ်ကပါ သူတို့၏ အုပ်ချုပ်ရေးကို ဒေသတွင်းမူလအခြေကျပြီးဖြစ်သော စောဘွားတို့၏ အုပ်ချုပ်ရေးစနစ်မှတဆင့်သွားခဲ့ကြသည်။အဆင့်ဆင့်ရှိ ဒေသခံတို့၏ အုပ်ချုပ်ရေးစနစ်နှင့် သူတို့၏အုပ်ချုပ်ပိုင်ခွင့်ကို အသိမှတ်ပြုခဲ့သည်။

တကယ်တမ်းအားဖြင့် ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းသင့်သည်ဆိုသော်ငြားလည်း ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တရပ် ဒေသခံတိုင်းရင်းသားတို့၏ အဆင့်ဆင့် အုပ်ချုပ်ခွင့်ရှိသည့်အုပ်ချုပ်ရေးစနစ်တရပ်ကို အကောင်ထည်မဖေါ်နိုင်ခဲ့ဟု ဆိုရပေ မည်။ လွတ်လပ်ရေးရပြီး မကြာမှီ တရုတ်ဖြူ ကူမင်တန်တပ်များ ရှမ်းပြည်နယ်တွင်းဝင်ရောက်လာသောအခါ ရှမ်းပြည်နယ်ရှိ စော်ဘွားတို့၏ ကာကွယ်ရေးတပ်များ ကာကွယ်ခုခံနိုင်စွမ်းမရှိသဖြင့် ပြည်မမှတပ်များ လာရောက်တိုက်ခိုက်မှု ပြုရာမှပြည်မ တပ်များ ရှမ်းပြည်နယ်တွင်း တပ်စွဲအခြေချခြင်း ပြုခဲ့ရသည်။ဤ အကြောင်းအချက်သည်လည်း ရှမ်းပြည်နယ်တွင်း ပြည်မမှစွက်ဖက်မှုကြီးလာစေသည့်အကြောင်းတချက်လည်းဖြစ်သည်။

လွတ်လပ်ရေးရပြီးစကာလက ဆိုရှယ်လစ်နှင့် လက်ဝဲဝါဒ ရေပန်းစားချိန် ပဒေသရာဇ်စနစ်တိုက်ဖျက်ရေး ပြုလုပ်ခဲ့သည်ဟု ဆိုနိုင်သော်လည်း ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်အစားမထိုးနိုင်ခဲပေ။ နှစ်ပေါင်းများစွာ ရှမ်းပြည်တွင်းအခြေကျနေသောစော်ဘွားတို့၏ အုပ်ချုပ်ရေးစနစ်ဖျက်သိမ်းလိုက်ပြီး ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် အစားမထိုးနိုင်သည့် အကျိုး ဆက်အဖြစ် ရှမ်းပြည်တွင်း မငြိမ်သက်မှုမှု စစ်ပွဲများ ယနေ့တိုင်ကြုံတွေ့ခဲ့ရသည်။

ထို့ပြင် ဒေသခံ အစဉ်အလာ သြဇာနှင့် လုပ်ပိုင်ခွင့်ရှိသောသီပေါစော်ဘွားကဲ့သို့ ခေါင်းဆောင် စော်ဘွားတစ်ယောက်အား တရားလက်လွတ် ဖမ်းဆီး အစဖျောက်ပစ်ခြင်းသည်လည်း တိုင်းရင်းသားတို့အတွက် ကျေနပ်ဖွယ်ရာမရှိသည့် အချက် ဖြစ်သည်။ထို့ပြင် ရှမ်း ပလောင်တိုင်းရင်းသားတို့၏ အဆင့်ဆင့် လုပ်ပိုင်ခွင့် အုပ်ချုပ်ခွင့်မရှိခြင်းသည်လည်း တိုင်းရင်းသား မျိုးချစ်လူငယ်များစွာ ပေါ်ပေါက်လာစေပြီး ယခင်စော်ဘွားအနွယ်များနှင့် တိုင်းရင်းသားမျိုးသား မျိုးချစ်လူငယ်များကို ပူး ပေါင်းမိသွားစေ၏။

 

ထို့ကြောင့်လည်း ပလောင်ဒေသအပါ ရှမ်းပြည်တခုလုံးသည်ယနေ့တိုင် လက်နက်ကိုင်အဖွဲ့အများဆုံး စစ်ပွဲအများဆုံးဖြစ်ပွား ရာဒေသဖြစ်နေတော့သည်။ အစိုးရစစ်တပ်၏ တဝက်ခန့်မှာလည်းရှမ်းပြည်ထဲသို့ရောက်ရှိနေတော့၏။ ထို့ပြင် စစ်အစိုးရအ နေနှင့် ရှမ်းပြည်နယ်တခုအတွင်း တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်ဟူ၍ စစ်တိုင်း ၄ တိုင်း တခုပြီးတခု တိုးချဲ့ဖွင့်လှစ်ခဲ့ရသကဲ့သို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်ခေါ် ဒကစများစွာ ဖွင့်လှစ်ခဲ့ရသည်။ စစ်အင် အားနှင့် စစ်စားရိတ်များစွာ အသုံးပြုခဲ့ရသည်။

(က) P N F ပလောင်အမျိုးသားတပ်ဦး
၁၉၅၈ စော်ဘွားများ အာဏာစွန့်ရပြီးနောက်ပိုင်း နမ့်ဆန်တောင်ပိုင်စောဘွားမျိုးနွယ်များနှင့် အမျိုးသားရေးစိတ်မြင့်တက် လာနေသော တအန်းလူငယ်များသည် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စတင်ပူးပေါင်းလှုပ်ရှားလာခဲ့ကြသည်။

နောက်ဆုံး နမ့်ဆန်တောင်ပိုင်စော်ဘွား တာ့ခွန်ပန်းစိန်၏သားဖြစ်သူ တာခွန်အေးသည်ပလောင်အမျိုးသားတပ်ဖွဲ့တပ်ရင်း ၅ ကိုဖွဲ့ စည်းပြီး နမ့်ဆန်တဝိုက်တွင် ရှမ်းလက်နက်ကိုင်များ နှင့်ပူးတွဲလှုပ်ရှားခဲ့သည်။ အမျိုးသားရေးစိတ်မြင့်တက်လာနေသော တအန်းအမျိုးသားတစ်ဦးဖြစ်သည့် တာခွန်သောင်းသည် ပလောင်အမျိုးသားတပ်ဖွဲ့ တပ်ရင်း ၆ ကိုဖွဲ့စည်းပြီး နမ့်ခမ်းတဝိုက် လှုပ်ရှားခဲ့ကြသည်။

၁၉၆၃ ဇန္နဝါရီ ၁၂ ရက်နေ့တွင် ယင်းနှစ်ဖွဲ့ပူးပေါင်းပြီး ပလောင်အမျိုးသားတပ်ဦး Palung National Front PNF ကိုဖွဲ့စည်း ခဲ့ကြသည်။ ထို့နေ့ကို တအန်းပလောင်အမျိုးသားများ၏ တော်လှန်ရေးနေ့အဖြစ်လည်း သတ်မှတ်ခေါ်ဝေါ်ကြသည်။ P N F တွင် ဥက္ကဌအဖြစ် တာခွန်သောင်း၊ အတွင်းရေးမှူးအဖြစ် တာအုန်းခိုင် တို့ကဆောင်ရွက်ပြီး တာခွန်အေးက ဗဟိုကော် မတီဝင်အဖြစ် တာဝန်ယူခဲ့သည်ဟုဆိုပါသည်။

(ခ) PSLOနှင့် PSLA
တဖန် ၁၉၇၆ ဇန္နဝါရီ ၁၂ ရက်နေ့တွင် PSLO Palung StateLiberative Orgnization ပလောင်ပြည်နယ် လွတ်မြောက် ရေးအဖွဲ့နှင့် PSLA Palung State Liberation Army ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ PSLO ဥက္ကဌဖြစ်သူ တာခွန်သောင်း ၁၉၈၄ တွင် ကွယ်လွန်သွားပြီးနောက် ဥက္ကဌအဖြစ် တာမိုင်းသန်းလွင်၊ ၎င်း နောက် တာကျော်လှ တို့ ၂ နှစ် ၃ နှစ်ခန့်တာဝန်ယူခဲ့သည်ဟုဆိုသည်။ ၎င်း ပုဂ္ဂိုလ်နှစ်ဦးနောက်ပိုင်းတွင် ဥက္ကဌအဖြစ် တာ အိုက်မုန်းမှ တာဝန်ယူခဲ့ပြီး ၂၀၀၅ လက်နက်အပ်သည့်အချိန်ထိ တာဝန်ယူခဲ့သည်ဟုဆိုပါသည်။

PSLO/PSLA ပလောက်လက်နက်ကိုင်အဖွဲ့အနေနှင့် နောက်ပိုင်းတွင် SSA ရှမ်းအဖွဲ့ထက် KIA ကချင်လက်နက်ကိုင်အဖွဲ့နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကာ ယနေ့တိုင်လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုရှိကြသည်။ နောက်ပိုင်းတွင် KIA မှတဆင့် ဗကပနှင့် ဆက်ဆံခဲ့သည်။ ၁၉၆၈ နှင့် ၁၉၈၉ ကာလကြား ရှမ်းနှင့်ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တိုင်းလိုလိုသည် လက်နက်ခဲယမ်းမီးကျောက်အကူအညီရရှိလိုမှုပေါ်အခြေခံပြီး ဗကပနှင့် တပ်ပေါင်းစုဖွဲ့ခဲ့ကြ ပေသည်။

ထိုစဉ်က ပလောင်တပ်ဖွဲ့လှုပ်ရှားရာနေရာမှာ အောက်ဘက်မိုးမိတ် ကျောက်မဲ သီပေါ နမ့်ဆန် နမ္မတူ အပေါ်ဘက် သိန္နီ ကွတ်ခိုင် မူစယ် နမ့်ခမ်း အနောက်ဘက် ရွှေလီမြစ်ကြားပလောင်ကျေးရွာများအများစုရှိသည့် ဒေသအတွင်း လှုပ်ရှားခဲ့ကြ သည်။ မြင့်မားမတ်စောက်သော တောင်တန်းများ နက်ရှိုင်းသော လျှိုမြောင်များက ပလောင်လက်နက်ကိုင်အဖွဲ့အတွက်အ ကောင်းဆုံး ပြောက်ကျားစစ်ဆင်နိုင်သည့် အခွင့်အရေးများပေးအပ်ခဲ့သည်။

ပလောင်လက်နက်ကိုင်အဖွဲ့အနေနှင့် ဒေသကျွမ်းကျင်မှု တောတောင်ထူထပ်မှုအပေါ် အခြေပြုပြီး အစိုးရတပ်များအပေါ် ပြောက် ကျားစစ်ဆင်နိုင်ခဲ့သော်လည်း တိုက်ပွဲကြီးများတိုက်ခိုက်နိုင်စွမ်းမရှိခဲ့ပါ။ အဓိကအခက်အခဲမှာ လက်နက်ခဲယမ်းမီး ကျောက်အခက်အခဲဖြစ်သည်။ ခဲယမ်းမီးကျောက် ထောက်ပံ့မှု အခက်ခဲရှိသော ကျည်ဖြုံးအားမတတ်နိုင်သော တပ်ဖွဲ့တခု အနေနှင့် ရင်ဆိုင်တိုက်ပွဲကြီးများ ကြာမြင့်စွာ မတိုက်နိုင်သည်မှာ မထူးဆန်းလှပေ။

ထို့ပြင် ၁၉၆၈ မှစ၍ ဗကပ တပ်ဖွဲ့များက ၂၀၂ စစ်ဒေသဟူ၍ရွှေလီချိုင့်ဝှမ်းဂွင်ဟုခေါ်ဆိုသော နမ့်ခမ်း မိုးလို မိုးမိတ်ကြား ရွှေလီမြစ် အရှေ့ဖက် တကြောသို့ထိုးဖေါက်ဝင်ရောက်လာရာဗကပတပ်ဖွဲ့များနှင့် ယင်းဒေသတကြောလှုပ်ရှားနေသော KIAပလောင်လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကြသည်။ ပလောင်လက်နက်ကိုင်အဖွဲ့အဖို့ ပလောင်ဒေသတချို့ကို ဗကပ ၂၀၂ စစ်ဒေသ၏ လုယူခြင်းကိုခံလိုက်ရ၏။ ဗကပနှင့် ပလောင်အဖွဲ့ KIA အဖွဲ့တို့၏ လက်နက်ကိုင်ပဋိပက္ခအား ၁၉၇၆ ခုနှစ်ရောက်မှ ဆွေးနွေးဖြေရှင်းပြီး အပစ်အခတ်ရပ်စဲရေးပြုလုပ်နိုင်ခဲ့သည်။

ထို့ပြင် သီပေါနယ် ကျောက်မဲ မိုင်းငေါ့မြို့နယ်ခွဲတဝိုက် မိုးမိတ်ကွန်ခါ တဝိုက်တွင် SSA နှင့်လည်း နယ်မြေပိုင်ဆိုင်မှု အ ငြင်းပွားပြီး လက်နက်ကိုင်ပဋိပက္ခတချို့ဖြစ်ခဲ့သော်လည်း ဗကပနှင့်ဖြစ်သလောက် ပြင်းထန် ရှည်ကြားခြင်းမရှိခဲ့ပါ။ KIA နှင့် ပလောင်လက်နက်ကိုင်အဖွဲ့တို့ကြားတွင်မူ ပြဿနာမရှိခဲ့ဘဲ ဆက်ဆံရေးအထူးကောင်းမွန်ခဲ့သည်။

၁၉၆၈ မှ ၁၉၈၉ အတွင်း အစိုးရတပ်အနေနှင့် ဗကပနှင့်တိုက်ပွဲကြီးများ ပြင်းထန်စွာဖြစ်ပွားနေရာ ပလောင်လက်နက်ကိုင်အဖွဲ့ရှိရာဒေသသို့ တပ်ရင်းအများအပြားသုံးသည့် စစ်ဆင်ရေးကြီးများမဆင်နွှဲနိုင်ခဲ့ပါ။ ကျောက်မဲ သီပေါရှိ ရမခ တိုင်းတပ်မှ တပ်ရင်းများမိုးကုတ်မိုးမိတ်မှ ထိုစဉ် မန္တလေးအခြေစိုက် နမခတိုင်းတပ်တချို့စစ်ဆင်ရေးဝင်ရောက်သည်ကို ကြုံတွေ့ခဲ့ ရသည်။

သို့သော် ၁၉၈၀ နောက်ပိုင်း ဗကပ တပ်မ ၄၈ မှ တပ်ရင်း ၃ ရင်းရွှေလီချိုင့်ဝှမ်းဂွင်အတွင်းဝင်ရောက်ခဲ့ရာ အစိုးရစစ်တပ် မှလည်းတပ်မ ၆၆ မှ တပ်ရင်း ၄ ရင်းပါ နည်းဗျူဟာတခုသုံးပြုပြီး တုန့်ပြန်လာသည်။ ၄ နှစ်ခန့်ကြာမြင့်သည့် စစ်ဆင်ရေး ကာလအတွင်းဗကပ ၂၀၂ စစ်ဒေသ ရွှေလီချိုင့်ဝှမ်းဂွင်သာမက ပလောင်လက်နက်ကိုင်အဖွဲ့စိုးမိုးရာဒေသအတွင်းထိပါ တိုက်ပွဲများပျံ့နှံ့ခဲ့ပြီး ပလောင်ဒေသတွင်းရှိ ပလောင်ဒေသတွင်းရှိ ကျေးရွာများပါပြင်းထန်သည့် စစ်ဒဏ်သင့်ခဲ့ပေသည်။

မည်သို့ဆိုစေ ၁၉၇၆ ခုနှစ် PSLO/ PSLA စဖွဲ့ပြီးနောက်ပိုင်းပလောင်တပ်အနေနှင့် လက်နက်ခဲယမ်းမီးကျောက် အခက် အခဲအကန့်အသတ်ကြောင့် ပြောက်က်ကျားစစ်နှင့် တိုက်ပွဲငယ်များသာဆင်နွှဲနိုင်ခဲ့ပြီး ထင်သလောက်မပေါက်ခဲ့ဟု ပြောရ ပေမည်။

ထို့ပြင် ပလောင်လက်နက်ကိုင်တပ်ဖွဲ့၏ အင်အားမှာလည်းသိသိသာသာ တက်မလာချေ။ နမ့်ဆန် နမ့်ခမ်း ကွတ်ခိုင် စသည့်မြို့ပြများတွင် နေထိုင်သော ပလောင်လူဦးရေထက် ကျေးလက်တောတောင်ထူထပ်၍ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသောဒေသများတွင်နေထိုင်သော ပလောင်လူဦးရေကပိုများပေရာ ပလောင်လူမျိုးအများစုမှာ စာပေယဉ်ကျေးမှု နိမ့်ကျ ခြင်း ပြင်ပကမ္ဘာနှင့်အဆက်သွယ်ပြတ်တောက်ခြင်းတို့ ကြုံတွေ့နေရပေရာ ပလောင်လူမျိုးအများစုအတွင်း အမျိုးသားစိတ် နိုးကြားထကြွရန် အကန့်အသတ်ရှိနေခဲ့ပေသည်။ ဗကပတို့အခြေချခဲ့သော ဝ ဒေသ၏ ယဉ်ကျေးမှုရေချိန်မှာ ထိုစဉ်က ပ လောင်လူမျိုးတို့ထက် နိမ့်ပါးသည်ဟုဆို၍ရသော်လည်း ဗကပတို့အနေနှင့် တရုတ်၏ကူညီအားပေးမှုနှင့်အတူ ရုပ်ဝတ္ထု ပစ္စည်းအား ငွေအားကို အသုံးပြု၍ ဝ လူမျိုးများဒေသကို ထူထောင်နိုင်ခဲ့သည်။ ပလောင်လူမျိုးများမှာဤကဲ့သို့ ရုပ်ဝတ္ထုအား ငွေအား အကူအညီ မရရှိခဲ့ချေ။

(ဂ) တပ်ပေါင်းစု
PSLO/ PSLA ပလောင်လက်နက်ကိုင်အဖွဲ့မှာ စတင်ထူထောင်ခါစက ရှမ်းအဖွဲ့များနှင့်ပူးပေါင်းခဲ့သော်လည်း နောက်ပိုင်းတွင် KIAကချင်လက်နက်ကိုင်အဖွဲ့နှင့် အထူးဆက်ဆံရေး ကောင်းခဲ့ပေသည်။ ၁၉၇၆ နောက်ပိုင်း KIA နှင့်အတူ ဗကပနှင့်အပစ်အခတ်ရပ်စဲခဲ့သော်လည်း ဗကပနှင့် နီးကပ်သော ဆက်ဆံရေးမရှိခဲ့။ ဗကပထံမှ စစ်ရေးအကူအညီ လောက်လောက် လားလားမရခဲ့သလို ဗကပ၏ အလေးထားဆက်ဆံမှုကို မခံခဲ့ရဟု ဆိုနိုင်သည်။

သို့သော် ပလောင်လက်နက်ကိုင်အဖွဲ့သည် KIA နှင့်အတူမဒတ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ထိုစဉ်က မဒတ ဌာနချုပ်ရှိရာ မာနာ ပလောသို့ ကိုယ်စားအဖွဲ့စေလွှတ်ထားနိုင်ခဲ့သည်။ လက်ရှိပလောင်အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသော တာအိုက်ဘုန်းနှင့် တာ့ဘုန်းကျော်တို့သည် ကရင်ပြည်နယ် မာနာပလောသို့စေလွှတ်တာဝန်ပေးခြင်းခံရသည့် ပလောင်လက်နက်ကိုင်အဖွဲ့ကိုယ်စားလည်အဖွဲ့ဝင်များဖြစ်သည်။ ဦးတာ့ဘုန်းကျော်မှာမဒတ အတွင်းရေးမှူးအဖြစ် KNU မှ ဖဒိုမန်းငြိမ်းမောင်နှင့်တွဲ၍ တာဝန်ယူဘူးခဲ့သည်ဟု ဆိုသည်။

မာနာပလောရောက် ပလောင်ကိုယ်စားလည်အဖွဲ့သည် KIA သာမက KNU WNO အဖွဲ့များပါ ရင်းနှီးကျွမ်းဝင်ခဲ့ ရုံမက မဒတ၏ ကူညီအားပေးမှုနှင့် ယနေ့ PSLF Palung StateLiberative Front ကိုဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုပါသည်။

ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts