Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ကိုရီးယား – မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး စီမံကိန်းစတင်ပြီ

ကိုရီးယား – မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး စီမံကိန်းစတင်
ရန်နောင်(ဗိုလ်တထောင်)။ မိုးမခ၊ ဖေဖေါ်ဝါရီ ၁၇ – ၂၀၁၆

ကိုရီးယား -မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး  စီမံကိန်း နှင့် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဒလမြို့ ရှိ တံတား တည်ဆောက်မည့်နေရာ ဖြစ်သော ကမာကဆစ် ရပ်ကွက် တွင် ယနေ့ နံနက် ၉ နာရီ ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဒလ တံတားကြီးကို ကိုရီးယား နိုင်ငံမှ ချေးငွေအဖြစ် ဒေါ်လာသန်းပေါင်း ၁၃၇.၈၃၃ သန်း ၊ မြန်မာဘက်မှ မြန်မာငွေ ၃၀.၃၄၃ သန်း နှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၁၇၄ သန်း အကုန်အကျခံ တည်ဆောက်မည် ဖြစ်သည်။ ချေးငွေများကို နှစ် (၄၀) အတွင်း အပြီးဆပ်ရမည်ဖြစ်သည်။

တံတားကြီးသည် ဒလမြို့ ဗိုလ်မင်းရောင်လမ်း နှင့် ရန်ကုန်မြို့ ဘုန်းကြီးလမ်းကို ဆက်သွယ်ထားပြီး ရန်ကုန်ဘက်ခြမ်းတွင် အနော်ရထာလမ်း နှင့် ဗိုလ်ချုပ်လမ်းကြားထဲတွင်တံတား အဆင်း ဖြစ်မည်ဖြစ်သည်။ တံတား တည်ဆောက်ချိန်ကာလမှာ ငါးနှစ်မျှ ကြာမည်ဖြစ်သည်။

တံတားတည်ဆောက်ရေး စီမံကိန်းတွင် မလွတ်ကင်းသောအိမ်ရာများအတွက်လည်း ယနေ့တွင် ထောက်ပံ့ကြေးများ ကို ပေးအပ်ခဲ့ပြီး စာသင်ကျောင်းများ နှင့် ဘုန်းကြီးကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန မှ တာဝန်ယူ ပြန်လည် ဆောက်လုပ်ပေးမည် ဖြစ်သည်။

အိပ်မက်တံတား ကြီး အမှန်တကယ် ဖြစ်တော့မည် ဖြစ်၍ အလွန်ပင် ပျော်မိပါသည်ဟု လည်း ဒေသခံတဦး မှ ပြောပြခဲ့သည်။

မလွတ်ကင်းသူ (၆၈) ဦးထဲမှ ၃ ဦးသာ ကန့်ကွက်သည်ဟုလည်း ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေမှ ပြောကြားခဲ့သည်။

ထောက်ပံ့ကြေးငွေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် တို့မှ ပေးအပ်ခဲ့သည်။

၂၀၄၀ တွင် ရန်ကုန်မြို့သည် ခေတ်မှီသော မြို့တမြို့ ဖြစ်လာရမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts