သတင်းဆောင်းပါး

သွန်းခ – ငါသည် ငါ၏နိုင်ငံတော်၊ ထို့ကြောင့် ငါသည် အောင်ဆန်း

သွန်းခ – ငါသည် ငါ၏နိုင်ငံတော်၊ ထို့ကြောင့် ငါသည် အောင်ဆန်း
(မိုးမခ) ဖေဖေါ်ဝါရီ (၁၇)၂ဝ၁၆

သွန်းခ တစ်ယောက်တည်းကြည့်၊ တစ်ယောက်တည်း ကြိတ်ခံစား နေရတာ မတရားဘူး။ ပွဲ(ပြဇာတ်)မ ကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက်၊ ဒါမှမဟုတ် ဇာတ်စင်အပြင်ဘက်က စကားသံတွေနဲ့”ငါသည်အောင် ဆန်း” ဘယ်လိုဖြစ်လာခဲ့တယ်၊ ဘယ့်လောက်ကြိုးစားခဲ့ရတယ် ဆိုတာလေးပါ မျှဝေပေးချင်လိုက်တာလို့ စိတ်ကူးပြီး အခုလိုရေးဖြစ်ခဲ့တာပါပဲ။

” ငါသည်အောင်ဆန်းဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ကပြချင်တာမဟုတ်ဘူး။ ဗိုလ်ချုပ် ကို အားကျတဲ့ လူငယ်တွေပေါ်လာအောင်၊ ဗိုလ်ချုပ်ကိုအားကျလာအောင်၊ အထူးသဖြင့် ဒီဘက်ခေတ် လူငယ်လေးတွေ ကို ဗိုလ်ချုပ်အောင်ဆန်း ဟာ နိုင်ငံတော်ကိုသာကြည့်ခဲ့ပြီး မိသားစုအတွက် ကြည့်ခဲ့သူမဟုတ်ဆိုတာ ကိုပြချင်တာပါပဲ”

” ကုန်ကျစရိတ်အားဖြင့် သိန်း၈ဝဝ ကျော်ပါလိမ့်မယ်။ ဒါပေမယ့် ဒီပြဇာတ်ဟာ ငွေနဲ့လဲလို့မရတဲ့ပြဇာတ်ပါ။ ကျွန်တော့် ဆရာသမား အကယ်ဒမီ မြို့တော်မောင်ယဉ်အောင် ရဲ့ အနှစ်နှစ်အလလ၊ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၎ဝ (၁၉၇၆) လောက်ကတည်းက ဒီပြဇာတ်အပေါ်  ကြိုးစား အားထုတ်လာခဲ့တာ၊ ပြခွင့်ရဖို့ ကြိုးစားခဲ့ရတာပါ”

” ဂုဏ်ယူလိုက်ရတာပါပဲ။ ငွေနဲ့လဲတာမဟုတ်ဘူး။ ခုလိုပြခွင့်ရလိုက်တာ အနှိုင်းမဲ့ပါပဲ။ ဆရာမြို့တော်သိန်းအောင် တစ်ခေတ်မှာ ဆရာမောင်ယဉ်အောင်ဟာ ပြဇာတ်စာရေးဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်နယ်ပယ်မှာလည်း ၁၉၉ဝ က ဇာတ်ညွှန်းအကယ်ဒမီ ရခဲ့တဲ့ဆရာမောင်ယဉ်အောင်ပါ”

“ဒီဘက်ခေတ် လူတွေက ပြဇာတ်ကောင်းကောင်းမကြည့်ရကြဘူး။ ဒီလိုဆက်တင်၊ ဒီလိုမီးအပြင်အဆင် တွေ၊ ဒီလိုဆိုင်းဝိုင်းမျိုးတွေနဲ့ မမြင်ဖူးကြဘူး။ အခုသိသွားကြပြီ။ ငါတို့မြန်မာတွေရဲ့ပြဇာတ်တွေဟာဒါမျိုးအဆင့် တွေရှိပါလား ဆိုတာအံ့သြသွားကြပြီ၊ ဂုဏ်ယူသွားကြပြီ”

“ဆရာမောင်ယဉ်အောင် ကပြခဲ့ဖူးတဲ့ ပြဇာတ်တစ်ခုရှိခဲ့တယ်ဗျ။ ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ဆိုတဲ့ပြဇာတ်ပါ။ ၉ည၊ ၁ဝည ဆက်တိုက်ကပြခဲ့ဖူးတယ်။ လူနည်းမသွားပါဘူး။ အခု “ငါသည်အောင်ဆန်း” ဆိုတဲ့ပြဇာတ်သည်လည်း တစ်နေရာရာမှာ ကဖြစ်မှာပါ။ ၄၊ ၅၊ ၁ဝ ညပြဖြစ်ဦးမှာပါ”

ဒီစကားတွေကတော့ ဆရာမြို့တော်ဦးယဉ်အောင်ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ လက်ရှိ အောင်ဆန်းပွင့် ကိုစီစဉ် ညွှန်ကြားနေသူ ဦးသန်းဦး နဲ့ ငါသည်အောင်ဆန်း ပထမည ပြအပြီး နှစ်ပါးခွင် အစ၊ အမျိုးသားကဇာတ်ရုံ အဝင် ဝမှာ အမေးအဖြေလုပ်ဖြစ်ခဲ့တာလေးပါ။

“မင်းသားဖိုးချစ်ဟာ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဌပါ။ နိုင်ငံတော်ကခွင့်ပြုတယ်၊ သဘင်အစည်းအရုံးက ခွင့်ပြုတယ်။ ဒါပေမယ့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံ သဘင်အစည်း ကို လှူတဲ့အနေနဲ့ ၂ည ခွင့်ပြု တယ်။ အဲဒီအတွက် တစ်ည သိန်း ၃ဝ၊ နှစ်ည ဆိုတော့ သိန်း၆ဝ။ အဲဒါကို ဖိုးချစ်က မြန်မာနိုင်ငံသဘင်အစည်း အရုံး ကိုလှူလိုက်တာပါ” လို့လည်းဆက်ရှင်းပြခဲ့ပါသေးတယ်။

မြန်မာပြည် ကျောက်စိမ်းဆိုင်းအဖွဲ့နဲ့ အတူ ဟိန်းရာဇာ။ ဂီတမှုး သျှံထွန်း၊ သီချင်းတွေရေးပေးခဲ့တဲ့ မန္တလေး က စိန်မွတ္တား တို့နဲ့ အားဖြည့် တင်ဆက်သွားခဲ့တဲ့ “ငါသည်အောင်ဆန်း” ပြဇာတ်ကို ဇာတ်မင်းသားလေးဖိုးချစ် က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ဖေဖေါ်ဝါရီ ၁၂ ရက်ညနဲ့ ၁၃ ရက်ညတွေမှာ ကပြခဲ့ပါတယ်။

ပြဇာတ်နာမည်ကြောင့်ပဲထင်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေက ဗိုလ်ချုပ်အောင်ဆန်း ရဲ့မိသားစု ဝင်တစ်ဦးဦးရဲ့ခွင့်ပြုချက်ရမှ ဇာတ်ရုံ ခွင့်ပြုနိုင်မယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် အကြောင်းပြန်တာ ဖတ်ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ခွင့်ပြုလိုက်တာကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာရော။ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေမှာ ဖတ်လိုက်ရတဲ့အခါ မြို့ရွှေမန်းသား မင်းသားလေး ဖိုးချစ်တော့ မပြောတတ်ဖူး။ သွန်းခ တော့ပျော်လိုက်တဲ့ဖြစ်ခြင်း။

သွန်းခ ငယ်ငယ်က ကြည့်ခဲ့ရဖူးပါတဲ့ ဆရာမောင်ယဉ်အောင် လက်ရာ “ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်” မှာ ဒီဘက်ခေတ်လောက် ခေတ်မမီ သေးပေမယ့် စင်ပေါ်မှာတံတားကြီး မိုင်းနဲ့ခွဲပြတာ မှတ်မိနေပါ သေး။

အခုရောတဲ့။ ငါသည်အောင်ဆန်း ပြဇာတ်မှာ ဆက်တင် အထူးတင်ဆက်ချက်တွေကြောင့် ပရိသတ်လက်ခုပ် သံတွေနဲ့ သောသောညံ ခဲ့တာပါပဲ။

စကားပြောတွေကလည်း ထိမိလိုက်တာ။ အဖိနှိပ်ခံမြန်မာပရိသတ်တွေ အကြိုက်ပေပေါ့။ ရင်ဘတ်တွေကို ပြေးပြေးဆောင့်ခဲ့တာပေါ့။

ဗိုလ်ချုပ်ကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုက်ရတဲ့ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်၊ ဘာမှန်းညာမှန်းမသိနိုင် င်သေးတဲ့ အခုလက်ရှိလူထုခေါင်းဆောင် နဲ့ မောင်နှမ တစ်နည်းအားဖြင့် လူမမယ်လေးတွေ ကိုထားပြီး ဗိုလ်ထွန်းလှနဲ့ အတွင်းဝန်ရုံး ကိုထွက်သွားခဲ့တဲ့မြင်ကွင်းဟာ ရင်နာစရာရော ဆက်တင်ကြောင့်ပါ လက်ခုပ်သံ ညံခဲ့သေးတာပါ။

ဇာတ်စင်ပေါ် ကားစက်နှိုးပြီး မောင်းထွက်သွားပြနိုင်ခဲ့တာကိုး။ မော်တော်ကားကလည်း ဟိုးရှေးခေတ်က မော်တော်ကားဟောင်း။ နောက်ပြီး ဆက်တင်ကြောင့်ပဲ လက်ခုပ်မတီးသင့်မှန်းသိပေမယ့် ယောင်ပြီးတီးမိ ခဲ့တာက လုပ်ကြံခံခဲ့ရတဲ့ ဇာတ်ဝင်ခန်းပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဝန်ကြီးတွေ ပက်ပက်စက်စက်လုပ်ကြံခံရပုံကို ဇာတ်စင်ပေါ်မှာ အစည်းအဝေး စားပွဲတစ်ခုလုံး ချာချာလည်နေအောင် လုပ်ပြနိုင်တာကိုး။ သေနတ်သံတွေ တဒိုင်းဒိုင်း နဲ့ပေကိုး။ ယမ်းခိုးတွေအူ လို့ပါ။

ဗိုလ်ချုပ်ဈာပနကျင်းပခဲ့တာကို ဗီဒီယို နဲ့ မော်ကွန်းမှတ်တမ်း လည်းတင်ပြပေးခဲ့ပါသေးတယ်။ ပရိသတ် မျက်ရည် ဘယ်လိုလုပ်ထိန်းနိုင်ပါ့မလဲ။ ရာဇဝင် တွေက သိထားပြီးသား။ ပြဇာတ်ဆိုတာလည်းသိသိကြီးနဲ့ မျက်ရည်ကျခဲ့ကြတာကတော့ အနုပညာ အစွမ်းလည်းပါပါမယ်။ စိတ်နာနေကြတာလည်းဖြစ်နိုင်ပါတယ်။

ဇာတ်ဝင်ခန်းအရ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်အခမ်းအနား ကျင်းပဖို့ အတွက် ကျောင်းအုပ်ဆရာ ဟောင်းကြီး ဦးချစ်သွေး (မင်းသားလေးဖိုးချစ်) ကို ဆရာတွေနဲ့ ကလေးတွေက သီချင်းတစ်ပုဒ်ဆိုပြဖို့တောင်း ဆိုကြပါတယ်။

ဘင်ဂျိုလေးနဲ့ သီချင်းဆိုပြရင်း နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုလိုက်ကြတာကြောင့် အောက်ကပရိသတ်ပါ အားလုံးမတ်တပ်ရပ်၊ နိုင်ငံတော်သီချင်းသံပြိုင်ဆို၊ အလေးပြု၊ မျက်ရည်တွေ ကျကုန်တော့တာပါပဲ။

“ငါသည်အောင်ဆန်း” ဟာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ကိုအားကျ ၊ လေးစားတဲ့လူငယ်လေး အကြောင်းသာဖြစ်ပါတယ်။

ပြင်ဆင်ချိန်သိပ်မရလိုက်ပေလို့သာပါခင်ဗျာ။ မီးအပြင်အဆင်၊ ဇာတ်ခုံဆက်တင်၊ အလှည့်အပြု၊ အဝင် အထွက် တွေ ကောင်းလွန်းလို့ လက်ခုပ်သံ တသောသောနဲ့ပါဆို။

သြော်၊ အခုလည်း ကောင်းလွန်းလို့ မနေနိုင် မထိုင်နိုင်ထရေးလိုက်တာပါပဲခင်ဗျာ။

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts