စာအုပ်စင်

ညွန့်ထွေး – စာအုပ်မိတ်ဆက်

ညွန့်ထွေး – စာအုပ်မိတ်ဆက်
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

● ချိုးကူသံလေးကို မလွမ်းဘူးလားအမေ
နောင်ကျော်
၂၄၇ မျက်နှာ၊ ကျပ် ၂,၅ဝဝ၊ တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း

ဒီစာအုပ်ဟာ ဆရာနောင်ကျော်ရဲ့ ၁၁ အုပ်မြောက် စာအုပ်လို့ ဆိုပါတယ်။ City Mart  ဆိုင်တွေရဲ့ အရောင်းရဆုံးစာအုပ် ၁ဝ အုပ်စာရင်းမှာ ရက်အတော်ကြာရှိနေတဲ့ စာအုပ် ဖြစ်ပါတယ်။

ယခင် ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန နည်းပြ၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားအစရှိတဲ့ ဘဝတွေကို ဖြတ်သန်းခဲ့တဲ့ စာရေး ဆရာ နောင်ကျော်ရဲ့   စာစောင်အသီးသီးမှာ ဖော်ပြပြီးသား  ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်းပါး၂၈ ပုဒ်ကိုစုစည်းထားတာပါ။

နိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းနေကြတဲ့ ကာလမှာလေ့လာလိုသူများအတွက် ငြိမ်းချမ်းရေးစာစုများက အ ထောက်အကူဖြစ်ဖွယ်ရှိပါတယ်။ နောက်ဆုံးပို့ထားတဲ့  “အမုန်းမပါ မေတ္တာမိုးရွာသော ပြည်ထောင်စုဆီသို့” ဆိုတာကတော့  ရှေ့ဆောင်းပါးတွေမှာ တို့ထိထားတဲ့အကြောင်းအရာတွေကို အနှစ်ချုပ်ထားသလိုဖြစ်နေတဲ့ ဆောင်းပါးပါပဲ။ တိုင်းရင်းသားအတွေဆီကခွဲထွက်ရေးစကားသံ  သိပ်မကြားရတော့ဘူး၊ “နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ယဉ်ကျေးမှု စသည့် နယ်ပယ် အသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination) အပြည့်အဝရရှိဖို့” ဆိုတာကိုပဲ ပြောလာကြတယ်လို့ စာရေးသူက သုံးသပ်ထားပါတယ်။ ဒီအချက်ကို လူမျိုးကြီးဖြစ်တဲ့ ဗမာလူမျိုးအများစုက ခံစားဖူးမယ်မဟုတ်၊ နားလည်မယ်မဟုတ်လို့ ဆိုပါတယ်။ ဒီအချက်ကိုနားလည်မှ ရင်းနှီး၊ ချစ်ကြည်၊ ညီညွတ်၊ ငြိမ်းချမ်းနိုင်မယ်လို့ဆရာနောင်ကျော်က ရေးထားပါတယ်။ မြန်မာပြည်မှာ ပြန်လည်ဖော်ဆောင်လို့မရသေးတဲ့ ငြိမ်းချမ်းရေးအကြောင်း စာစုများကို စာရေးဆရာက “ချိုးကူသံလေးကို မလွမ်းဘူးလားအမေ” လို့ အမည်ပေးထားတာဖြစ်ပါတယ်။
—————————————

 

● အနီရောင်သစ္စာပန်းများ
နိုင်မြင့် (လူထုစာကြည့်တိုက်)
၁၃၂ မျက်နှာ၊ ကျပ် ၁,၅ဝဝ၊ အားအင်သစ်စာပေ

လူထုဒေါ်အမာ နှစ်တစ်ရာပြည့်ကာလအမှတ်တရထွက်ပေါ်လာတဲ့ စာအုပ်တွေထဲက တစ်အုပ်ပါ။ ဆောင်းပါး ၁၁ ပုဒ်   ပါဝင် ပါတယ်။  ဒေါ်အမာရဲ့ ခင်ပွန်းသည်လူထုဦးလှအကြောင်း ၂ ပုဒ်ကို တွေ့ရပါတယ်။ စာအုပ်၊ စာဖတ်ခြင်း၊ စာကြည့်တိုက်နှင့် လူထုဦးလှ၊ နှစ် ၁ဝဝ ရဲ့ အနီရောင်သစ္စာပန်းများ (သို့မဟုတ်) လူထုဦးလှဆိုတဲ့ ၂ ပုဒ် ဖြစ်ပါတယ်။

ဆောင်းပါးတွေထဲမှာ  လူထုတိုက်နဲ့ ရင်းနှီးတဲ့ သခင်အုန်းမြင့်အကြောင်းပါဝင်သလို ဒဂုန်တာရာအကြောင်းလည်း ဖတ်ရမှာ ဖြစ်ပါတယ်။ သခင်အုန်းမြင့်နှင့် နိုင်ငံရေး စာပေထုတ်ဝေရေး၊ ဒဂုန်တာရာနှင့် အတူယှဉ်တွဲနေထိုင်ရေး ဆိုတဲ့ဆောင်းပါး နှစ်ပုဒ်ပါ။ စာပေလောက၊ နိုင်ငံရေးလောကသားတွေ ဖတ်ချင်ကြမယ့်ဆောင်းပါးတွေပါ။ ရန်ကုန်မှာ နေထိုင်တဲ့ ဆရာနိုင်မြင့်ရဲ့ မဂ္ဂဇင်း ဂျာနယ် ဆောင်းပါးများထဲက တချို့ကို  စုစည်းထုတ်ဝေခြင်းဖြစ်ပါတယ်။
—————————————

 
● ဆုထူးပန်ယောက်ျား
လူထုဦးလှ
စာမျက်နှာ ၆ဝ၊ ကျပ် ၁,၂ဝဝ၊ ကြီးပွားရေးစာအုပ်တိုက်

အနှစ် ၇ဝ ခန့် အကြာမှ ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေတဲ့စာအုပ်ပါ။ သုံးနှစ်မပြည့်သေးတဲ့၊ စာမဖတ်တတ်သေးတဲ့ သုံးနှစ်အရွယ် သားငယ်ကို ပို့တဲ့ပေးစာပုံစံမျိုး ရေးထားပါတယ်။ လူကြီးတစ် ယောက်ရဲ့ ဆုံးမမှု၊ စေတနာ၊ ဆန္ဒတွေပါဝင်တဲ့ ဒီစာတွေကို သားကြီး ၃ နှစ်ပြည့်ချိန်မှာ စာအုပ်အဖြစ် အမှတ်တရထုတ်ဝေဖို့ ရည်ရွယ်ခဲ့တဲ့အတိုင်း ပုံနှိပ်ဖြစ်ခဲ့တယ်၊ စက္ကူရှားပါးတဲ့ ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်မှာထုတ်တဲ့ မြန်မာစာအုပ်တွေရဲ့ ထုံးစံအ တိုင်း စာအုပ်ကို ဖွင့်ကြည့်လိုက်ရင် အရောင် နှစ်မျိုးသုံးမျိုး ဖြစ်နေတယ်လို့ဆိုပါတယ်။

မေမြို့/ပြင်ဦးလွင်နဲ့ ၃ မိုင်လောက် ဝေးတဲ့ ဂေါ်ရခါးရွာ ဘရားဘတ်သီးရာမှာရေးခဲ့တဲ့ ပေးစာတွေပါ။”ဖေဖေ့ရဲ့ ၁၉၄၄ ခုနှစ် နှစ် ၇ဝ ကျော်က စိတ်ကူးစိတ်သန်းတွေဟာ အခုထိမရိုးသေးဘူးလို့ ခံစားမိပါတယ်” ဆိုပြီး လူထုဦးလှရဲ့သားတစ်ဦးဖြစ်သူ စာရေးဆရာ ညီပုလေးက ဒုတိယအကြိမ်ထုတ်စာအုပ်ရဲ့ အမှာစာမှာမှတ်ချက်ပြုထားပါတယ်။ ဒီစာအုပ်ကို အခုမှ ဒုတိယအကြိမ်ပြန်ထုတ်နိုင်တာကြောင့် ကုန်လွန်ခဲ့တဲ့နှစ်တွေအတွက် အလွန်နှမြော၊ ဝမ်းနည်းမိတယ်လို့လည်း အမှာစာမှာ ဆက်ရေး ထားပါတယ်။ဒီစာအုပ်ကို လူထုဦးလှဆိုတဲ့ ကလောင်အမည်နဲ့မဟုတ်ဘဲ ကြီးပွားရေးဦးလှဆိုတဲ့အမည်နဲ့ ထုတ်ခဲ့တာပါ။ ပေးစာတစ်စောင်မှာတော့ အဲဒီခေတ်က အစပြုဖွဲ့စည်းခဲ့တဲ့ တပ်မတော်အပေါ် အဲဒီခေတ် သတင်းစာဆရာတစ်ယောက်ရဲ့ သဘောထား၊ လေးစားမှုတို့ကို ဖတ်ရမှာ ဖြစ်ပါတယ်။  မျက်နှာဖုံးကလည်း ပထမအကြိမ်ထုတ်ခဲ့စဉ်က အဖုံးကိုပဲ ပြန်ယူသုံး တယ်လို့ ယူဆရပါတယ်။ စိတ်ကူးကောင်းတယ်လို့ ဆိုပါရစေ။ ၁၉၄ဝ ဝန်းကျင် သရုပ်ဖော်ပုံလည်းဖြစ်တဲ့အတွက် အများကြီး တန်ဘိုးရှိလှပါတယ်။

စာမျက်နှာ ၁၈ မှာတော့ လူထုဦးလှက မြန်မာပြည်က တိုင်းရင်းသားတွေအကြောင်း၊ လူမျိုးခြား၊ ဘာသာခြားတွေအကြောင်း သူ့အမြင်ကို ရေးထားပါတယ်။ ပင်လုံစာချုပ် မချုပ်ခင် သုံးနှစ်အလိုမှာ ရေးသားခဲ့ခြင်းပါ။ အဲဒီခေတ်စာနယ်ဇင်းဆရာတစ်ဦးရဲ့ အမြင် ဘယ်လို ရှိတယ် ဆိုတာကို ဖော်ပြတဲ့ အရေးအသားဖြစ်တဲ့အတွက် မြန်မာနိုင်ငံတိုင်းရင်းသားအရေး လေ့လာလိုသူများ ဖတ်သင့်တဲ့စာအုပ် ဖြစ်ပါတယ်။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts