ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် – (၅)

2013 filed photo

ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် –  (၅)

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၆

၄၆။ ပီတာဇီမန်းက ချက်နိင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်တဲ့အခါမှာဘယ်လိုစတင်ခဲ့ရသလဲ ဆိုတာ အကျဉ်းချုပ် ကောက်နှူတ် ဖေါ်ပြပေးလိုက်ပါတယ်။ တော်လှန်ရေးပြီးတော့ ပထမနှစ်နှစ်အတွင်းမှာ ချက်ကိုစလိုဗက်ကီးယားရှိ အဓိက နိုင်ငံရေးပြဿနာတွေကတော့ ဖက်ဒရယ် သမ္မတနိုင်ငံ အစီအစဉ်ကို  ဖြေရှင်းမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်းဆီ ဦးတည်နေတဲ့ စလိုဗေးကီးယားရဲ့ ခွဲထွက်မယ်လို့ ဖိအားပေးမှုနဲ့ စီးပွားရေးအသွင်ပြောင်းမှု ပုံစံကို ရွေးချယ်မှု စတဲ့ ပြဿနာတွေ ဖြစ်တယ်။ ၁၉၉၂ ခုနှစ် နွေရာသီ ရွေးကောက်ရလဒ်က ပြဿနာ နှစ်ရပ်ကို ကြိုတင် အဖြေထုတ်ပေးလိုက်တယ်။ ဒါတွေက စီးပွားရေး အသွင် ပြောင်းဖို့ရာ မှန်ကန်တဲ့ လမ်းကို ရွေးပေးတာရယ်၊ ဖက်ဒရယ် ပြည်ထောင်စုကို နှစ်နိုင်ငံအဖြစ် ခွဲထုတ်ပေးလိုက်ရတာတို့ ဖြစ်တယ်။ လုံခြုံရေးကိစ္စအတွက် အာရုံမစိုက်နိုင်တော့ဘူး။ အုပ်စိုးသူလူသစ်တွေဟာ ထောက်လှမ်း ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာကို မသိကြတာမို့ ၊ ဒီလိုနဲ့ ထောက်လှမ်းရေးတွေကို သတိမမူမိလွှတ်ထားလိုက်သလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒီစိတ်မဝင်စားမှု၊ နားမလည်မှုနဲ့ အဲဒီအချိန်က လှုပ်လှုပ်ရှားရှားအခြေအနေတွေက လူထုအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အဆိုးမြင်စေဖို့ ဖန်တီးနေတယ်။ ဒီတော့ သူတို့တွေဟာ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ဖို့ အတော်ကြီး အခက်အခဲ တွေ့စေတယ်။

၄၇။ သူတို့ကလည်း သူတို့အကျိုးစီးပွားအတွက် စုပေါင်းကာကွယ်ရေးကို ရယူဖို့ အားထုတ်တာပါ။တနည်းပြောရရင် သူတို့က တကယ့်အလုပ်ကို အာရုံစိုက်မဲ့အစား သူတို့ရဲ့ ကိစ္စတွေကို ပူပင်ဖို့ အချိန်ရသွားကြပါတယ်။ စိတ်မချမ်းမြေ့စရာ ပြင်ပနဲ့ သဘောကွဲလွဲမှုနဲ့ အတွင်းအငြင်းပွားမှုတွေက ထောက်လှမ်းရေးဌာန နောက်ကနေ ထပ်ကြပ်လိုက်နေတယ်။ ၁၉၉၁ ခုနှစ် နွေရာသီမှာ ပြည်ထောင်စု သတင်း လုံခြုံရေး ဌာန FBIS ကိုဖွဲ့စည်းတယ်။ ဒီဌာနဟာ နောက်ဆုံးမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချုပ်အချယ်ကင်းတဲ့ ဌာန ဖြစ်လာပါတယ်။ ဦးစီးနေရာမှာ ညွှန်ကြားရေးမှူး တစ်ယောက်ပြီး တစ်ယောက် တာဝန်ယူကြတယ်။ အရင်ဒေသတွေရဲ့ မြို့ကြီးတွေမှာ ရုံးတွေ ရှိတာကြောင့် ဌာနဟာ သီးခြားရပ်တည်တဲ့ အဖွဲ့အစည်းလို လည်ပတ်နေတယ်။ အဖွဲ့တစ်ခုလုံးကို မထိန်းချုပ်နိုင်တာကတော့ ဒီဌာနရဲ့ အကြီးဆုံး အားနည်းချက်ပါ။ ချက်သမ္မတနိုင်ငံကို တည်ထောင်ပြီးနောက် အရပ်ဘက် တန်ပြန်ထောက်လှမ်းရေးဌာနကို ချက် နိုင်ငံ သတင်းလုံခြုံရေးဌာန BISCR လို့ နာမည်ပြောင်းလိုက်တယ်။

၄၈။ ပီတာဇီမန်းက ထောက်လှမ်းရေးဘယ်လိုစဖွဲ့သင့်သလဲဆိုတာရှင်းပြသွားပါတယ်။ ထောက်လှမ်းရေးအဖွဲ့တွေကို ပြုပြင် ဖွဲ့စည်းရတာ အချိန်ကြာတယ်။ အကုန်အကျ များတယ်။ စိတ်မချမ်းမြေ့စရာ အမှားမရှိအောင်လုပ်လို့ မရတာတွေ့ရှိရပါတယ်။ ဒီမိုကရေစီ နိုင်ငံမှာ ထောက်လှမ်းရေး အဖွဲ့ရဲ့ အုပ်ချုပ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး၊ မူဝါဒတွေကို တာဝန်ယူဆောင်ရွက်နိုင်ဖို့ သီးခြားလူတစ်စုကို ကြိုတင် လေ့ကျင့်ပေးရမယ်လို့ သူကဆိုတယ်။ ထောက်လှမ်းရေးအဖွဲ့ရဲ့ နောင်တက်မဲ့ အကြီးအကဲဟာ နိုင်ငံရေးနယ် လက်ဝဲ လက်ယာ အစွန်းနှစ်ဘက်ကလူ မဖြစ်သင့်ဘူးလို့ဆိုပါတယ်။ နှစ်တွေ အကြာကြီး ပြည်ပြေး ဖြစ်ခဲ့တဲ့လူ၊ ဒါမှမဟုတ် ကုန်သည်၊ ဒါမှမဟုတ် ကြေးစားစစ်သားစတဲ့ လူမျိုးတွေ မဖြစ်သင့်ဘူးလို့လည်းပြောပါတယ်။ အချိန်တိုအတွင်း ကျွမ်းကျင်ဖို့ ဆိုတာ မလုံလောက်ဘူးလို့ဆိုပါတယ်။ တကယ့်အခက်အခဲက အသေးစိတ်လုပ်ကြည့်မှ တွေ့ရတတ်ပါတယ်။

နိုင်ငံခြား ပုံစံတွေကို စုပေါင်း စပ်ပေါင်း လုပ်ပြီး ဖြေရှင်းနည်းတစ်ခုကို ထုတ်ကောင်း ထုတ်နိုင်ပါလိမ့်မယ်။  မတော်မတရား အုပ်စိုးမှု စနစ် ကျဆုံးပြီးနောက် တပ်ဖွဲ့သစ်ကို မျက်နှာသစ်တွေနဲ့ ဖွဲ့တာ အကောင်းဆုံးနည်း ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ပထမဆုံးအဆင့်မှာ အရင်အစိုးရ လက်ထက်က ထောက်လှမ်းရေးဟောင်းတွေကို မသုံးဘဲနဲ့တော့ ဒါဟာ မဖြစ်နိုင်လောက်ပါဘူးလို့ သူကထောက်ပြသွားပါတယ်။ သူတို့ကို အပြန်အလှန်အနေနဲ့ တစ်ခုခုပေးမယ်လို့ ဂတိပေးရပါမယ်။ ဥပမာ (၅) နှစ်တာ အကာအကွယ်မျိုးဖြစ်ပြီး (၅) နှစ်ပြည့်ရင်ထောက်ပံ့ငွေ ရက်ရက်ရောရောပေးကာ သူတို့ကို ဖယ်ရှားရမယ်။ ဒီအာမခံချက်ပေးတဲ့အစီအစဉ်ကို သူကပြောသွားပါတယ်။

၄၉။ နိုင်ငံရေးအထက်စီးရသူ လူသစ်တွေကို အချိန်တိုအတွင်း ဆက်ဆံရေး ပြေပြစ်အောင် ပညာပေးဖို့ လိုတယ်။ ထောက်လှမ်းရေး အဖွဲ့တွေကို အာဏာပိုင်တွေက တာဝန်တွေ၊ ကန့်သတ်ချက်တွေ အမြန်ဆုံး ချပေးရမယ်လို့ သူက မီးမောင်းထိုးပြသွားပါတယ်။ ထောက်လှမ်းရေးတပ်ဖွဲ့ဟောင်းကို ဖြိုဖျက်ပြီး အဖွဲ့အစည်းသစ်ကို အမြန် တည်ဆောက်တဲ့ (တစ်နှစ် နှစ်နှစ်ထက် ပိုမကြာသင့်) ကနဦးအဆင့်ပြီးတဲ့နောက် လူထု၊ စာနယ်ဇင်းတို့နဲ့ ဆက်သွယ်မဲ့နည်းလမ်းကို ရှာတာဟာ သင့်တော်ပါတယ်။ ထောက်လှမ်းရေး အဖွဲ့က တိုင်းပြည်ကို  လတ်တလော ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ပေးလေ့ ရှိတယ်။ လူရွယ်လူသစ်တွေကို ရှာဖွေ ခန့်ထားပြီး အားသွန် လေ့ကျင့်ပေးရမယ်။ အစိုးရစနစ် ပြောင်းပြီးကာစက ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူးတွေဟာ အချိန်တန်ရင် ထွက်တော်မူ နန်းကခွာရမယ်ဆိုတာ ခေါင်းထဲ ထည့်စဉ်းစားထားသင့်တယ်။ သူတို့ကို အတွင်းစည်းထဲက ကျွမ်းကျင်လူသစ်တွေနဲ့ အဆင့်ဆင့် အစားထိုးသွားသင့်တယ်။ ပါလီမန် သက်တမ်း တစ်ဝက်လောက်မှာဆို ပိုကောင်းပါတယ်။စတာတွေကိုထောက်ပြသွားပါတယ်။

၅၀။ သူကထောက်လှမ်းရေးတပ်ဖွဲ့ကိုပြုပြင်ပြောင်းလဲပြီးအောင်မြင်အောင်ဘယ်လိုဆောင်ရွက်ခဲ့တယ် ဆိုတာ နိဂုံးချုပ်တင်ပြပါ့မယ်။ အဲဒီအဖွဲ့အစည်းဟာ ပါလီမန်နဲ့ အများပြည်သူရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရပါမယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအရ တရားဥပဒေ ပြဌာန်းရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး စတာတွေအကြားမှာ  အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို မျှတဆီလျှော်အောင် ခွဲဝေရတယ် ဆိုပါတယ်။ အရင်က လုံခြုံရေးတပ်ဖွဲ့ဟာ အလွန် နာမည်ပျက်ခဲ့တာကြောင့် အသစ်ဖွဲ့စည်းမဲ့ ဌာနအနေနဲ့လည်း အပျော်တမ်းတွေ ပါဝင်တာမျိုး မဟုတ်ပဲ၊ တကယ်ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့ပြောပါတယ်။ အဲဒီ အစွန်းနှစ်ဖက် ကြားထဲ ရောက်အောင် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ကူသလို၊ လက်တွေ့ လုပ်ဆောင်ရာမှာ ပညာမတတ်၊ အတွေ့အကြုံ  မရှိတဲ့ လူတွေကိုလည်း အမျိုးသားလုံခြုံရေးကိစ္စတွေမှာ ထည့်သွင်းပြီး စွန့်စားရတဲ့အခြေအနေကို ကြုံတွေ့ ရပါတယ်။တစ်ချိန်တည်းမှာ အများပြည်သူကို ရာဇဝတ်မှုဘေးရန်က ကင်းဝေးအောင် ကာကွယ်ပေးဖို့လည်း  လိုအပ်သေးသလို ဒေသခံ ရဲတပ်ဖွဲ့တွေကို စစ်သားတွေနဲ့ ပူးပေါင်း ကင်းလှည့် စေရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့အစိုးရ ဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေများအတွက် အတန်အသင့် အဆင်ပြေလာပြီးဥပဒေပါ ပြဌာန်းချက်နဲ့ ညိစွန်းသူမှန်သမျှကို ငွေရေးကြေးရေးအရ လျှော်ကြေးမပေးဘဲ ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ ဆက်လက် ခန့်ထား သူတွေကိုလည်း နိုင်ငံခြားတိုင်းပြည်တွေကို စေလွှတ်ပြီး ပညာသင်ယူ စေခဲ့တာမျိုးလည်း ရှိပါတယ်။

၅၁။ ၁၉၉၁ ခုနှစ်မှာ ချက်ပြည်ထောင်စုဟာ Interpol ခေါ် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့် ရခဲ့ပါတယ်။ ထောက်လှမ်းရေးနဲ့ ထိန်းကွပ်မှု၊ အခြားအရပ်ဘက်နဲ့ စီးပွားရေး ဥပဒေ စတာတွေ ပြဌာန်းနိုင်ခဲ့ပါတယ်။ ဥပဒေနဲ့ မညှိစွန်းတဲ့ လူသားတွေရဲ့ သာမန် လုပ်ဆောင်ချက် တွေကိုလည်း ရာဇဝတ်ဥပဒေကနေ ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ လုံခြုံရေးအဖွဲ့ရဲ့  ဖွဲ့စည်းပုံကိုလည်း အထိန်းအချုပ်ရှိအောင် ပုံစံချမှတ်နိုင်ခဲ့ပါတယ်။  ရဲနဲ့ မဆိုင်တဲ့လုပ်ရပ်တွေကိုလည်း အရပ်ဘက်ကို လွှဲပြောင်း ပေးလိုက်ပါတယ်။ လုံခြုံရေးအဖွဲ့ အနေနဲ့လည်း အရင်ကလို လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ရဲနဲ့ အရပ်ဘက်အုပ်ချုပ်ရေး ဌာနတွေကနေ ထင်သလို တောင်းယူပိုင်ခွင့် မရှိတော့အောင်လုပ်ခဲ့ပါတယ်။ ဥပဒေအရသာ ရရှိပိုင်ခွင့် ရှိပါတော့တယ်။ တိုင်းသူပြည်သားတွေအနေနဲ့လည်း လုံခြုံမှုဟာ အရေးကြီးတဲ့ ပြဿနာ ဖြစ်ကြောင်း နားလည်ခွင့် ရရှိလာစေပါတယ်။ ဒီကိစ္စကို အသေးအဖွဲ့လို့ ယူဆဖို့လည်း မဖြစ်နိုင်ပါဘူးလို့ သတိပေးထားပါတယ်။လုံခြုံရေး အဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲမှုဟာ တစ်နိုင်ငံလုံးမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲများနဲ့တစ်ပြိုက်နက်တည်း ဖြစ်ပါတယ်။ ။အသစ်ပေါ်ပေါက်လာတဲ့ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့တွေဟာ တရား ဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနဲ့ လွတ်လပ်ခွင့်တွေရှိလာအောင် ဖေါ်ဆောင်ရုံ နိုင်ယုံသာမက တိုင်းပြည်ကို ဥရောပနဲ့ အတ္တလန်တိတ် ပုံစံမျိုး ဖြစ်ပေါ်လာပြီး ဥရောပသမဂ္ဂ အဖွဲ့ထဲမှာ အသိအမှတ်ပြုခြင်းခံရတဲ့အထိ ပြုပြင်ပြောင်းလဲရေးတွေလုပ်ကာ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ကို အသစ် ပြန်လည် တည်ဆောက်နိုင်ခဲ့ရတာ ဖြစ်ပါတော့တယ်။

၅၂။ မြန်မာနိုင်ငံရဲ့ထောက်လှမ်းရေးအဆင့်အတန်းဟာ စဉ်းစားတွေးခေါ်နိုင်ပြီးခန့်မှန်းတွက်ချက်နိုင်စွမ်း၊
ဇွဲလုံ့လဝိရိယနဲ့ ဖြတ်ထိုးဥဏ် ၊ကြံရည်ဖန်ရည်ရှိမှူ စွမ်းရည်အနေနဲ့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ပြီး နံမည်ကြီး ထောက်လှမ်းရေးအဖွဲ့များဖြစ်တဲ့ C.I.A / KJB / အစ္စရေးမော့ဆက် ထောက်လှမ်းရေးတို့က အသိအမှတ်ပြုခံ ထားရပါတယ်။ ထောက်လှမ်းရေးပြုကွဲစ၊ အားနည်းနေချိန်မှာတောင် ၁၉၈၃ခုနှစ် အာဇာနည်ဗုံးပေါက်ကွဲမှူ ဖြစ်စဉ် တရားခံ မြောက်ကိုးရီးယား ကွန်မန်ဒိုများကို ဖမ်းမိနိုင်ခဲ့ပါတယ်။ ဒီလိုအားကောင်းခဲ့တာကြောင့် စစ်အာဏာရှင်များက မြှောက်စားခဲ့ပြီး နောက်ဆုံးမထိမ်းသိမ်းနိုင်ဖြစ်ခဲ့ရာမှ ဖြုတ်ထုတ်သတ်၊ သုညဖြေရှင်းနည်းကို ဆက်တိုက်လုပ်ခဲ့လို့ ဦးကျိုးပြီး လုံခြုံရေးကွန်ယက် ယနေ့ထိ ပေါက်ပြဲနေဆဲ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

ယခုအခါ နိုင်ငံတကာမှာ အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်တိုက်ကြုံတွေ့နေရာ အင်ဒိုနီးရှားမှာဖြစ်ပြီးနောက် ထိုင်းနဲ့မလေးရှားမှာ ကာကွယ်ရေး လေ့ကျင့်မှူအပူတပြင်း လုပ်နေသလောက် ခြိမ်းချောက်ခံရတဲ့ မြန်မာနိုင်ငံမှာတော့ ဘာကို အားကိုးရထားလို့ ဧဧဆေးဆေး နေနိုင်တာကိုက အံ့သြဖွယ်ဖြစ်ပါတယ်။
ယနေ့ အကြမ်းဖက်သမားများဟာ အဆင့်မြင့်နည်းပညာသုံးသလို ထိုင်းမှာ လေ့ကျင့်ပြသပေးတဲ့ ပညာရှင်က ဗုံးကို မီးဖိုချောင်ပစ္စည်းနဲ့ပင် အလွယ်တကူ လုပ်လို့ရနေပြီ ပြောကတည်းက နည်းပညာကိုဘဲ ခေါင်းထဲ ထည့်လာကာ အသွင်ယူ ရုပ်ဖျက်ပြီး ပတ်စ်ပို့်အတုနဲ့ အကြမ်းဖက်ဝင်လုပ်လို့ ရနေပြီဖြစ်ပါတယ်။ ဖိလစ်ပိုင်၊ထိုင်းနိုင်ငံတို့ရှိ မွတ်ဆလင်ခွဲထွက်ရေးအဖွဲ့တွေဟာ အကြမ်းဖက်လုပ်ဆောင်တာတချို့ရှိခဲ့သလို အင်ဒိုနီးရှားမှာ ဖြစ်တဲ့ဗုံးကွဲမှုဟာ အိုင်အက်စ် လုပ်တာဖြစ်ကြောင်း ကြေငြာသွားခဲ့ပြီဖြစ်တယ်။
 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီတွေနဲ့ ပဋိပက္ခနောက်ပိုင်းမှာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းချောက်မှူရှိလာသလို တရုတ်နိုင်ငံမှ အကြမ်းဖက်သမားတွေ အငြင်းပွါးဖွယ် ခိုလှူံချင်လို့ ထွက်လာတဲ့သတင်းတွေလည်း သိရပါတယ်။ အိုင်အက်အကြမ်းဖက်တွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ နယ်မြေကျဉ်းလာတာမို့ လှုပ်ရှားဖို့ ခြေကုပ်နဲ့ စီးပွါးရေးအရ ဖြေရှင်းဖို့ ပြန်ပေးဆွဲ အကြပ်ကိုင်လုပ်ဆောင်လာဖို့ ရှိနေတယ်လို့ နိုင်ငံတကာပညာရှင်များက သုံးသပ်ထားတာမို့မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ကာကွယ်မဲ့ NIB နဲ့ လုံခြုံရေးစီမံချက်များဖွဲ့စည်း၊ ရေးဆွဲဖို့လိုလာပြီဖြစ်ပါတယ်။
ချက်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးစာအုပ်ကို မှီငြမ်းခွင့်ပေးတဲ့အတွက် AAPP မှ ဦးဘိုကြည်ကို ကျေးဇူးတင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts