ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ဇော်ဇော်အောင်နှင့် မောင်မိုးသူ

 မောင်မိုးသူ – ဇော်ဇော်အောင်နှင့် မောင်မိုးသူ
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆

မော်ဒန်သတင်းဂျာနယ်၊ ၂၉ ဇန်နဝါရီလ ၂၀၁၆ ပါ ဆောင်းပါးဖြစ်သည်။

`ဇော်ဇော်အောင် နှင့် မောင်မိုးသူ ´ လို့ ရေးရမလား၊ ` ဇော်မြင့် နှင့် စိန်မြင့်´ လို့ ရေးရမလား မပြောတတ်ပါဘူး။ ထူးတော့ မထူးပါဘူးလေ။ ဇော်ဇော်အောင်ဟာ ဇော်မြင့် ဖြစ်သလို မောင်မိုးသူက စိန်မြင့် ဖြစ်နေလို့ပါပဲ။

၂၅ ရက်နေ့မနက် မိုးမလင်းခင်ကပဲ မိုးရွာနေတာ တစ်ညလုံး။ ဘယ်အချိန်က ရွာနေသလဲ မသိပါဘူး။ မောင်မိုးသူ ၄း၀၀ နာရီလောက်မှာ နိုးတော့ အပြင်က မိုးသံကြားနေရပြီး မိုးက ရွာနေပါပြီ။ အေးလည်း အတော်အေးတယ်။ မနက် ၅း၀၀ နာရီမှာတော့ မောင်မိုးသူ ထနေပါပြီ။ ထုံးစံအတိုင်း အဝတ်အစားလဲပြီး လက်ဖက်ရည်ဆိုင်ကို လာခေါ်မယ့် ကိုမျိုးတို့ ဇနီး မောင်နှံကို စောင့်နေပါတယ်။ အမြဲလာခေါ်နေကျ ကိုသန်းဝင်းကမှာထားလို့ ကိုမျိုး လာခေါ်နေကျပါ။ အဲသည်လို စောင့်နေ ချိန်မှာ မြောက်ဒဂုံကသားငယ်က ဖုန်းလှမ်းဆက်တယ်။ မိုးရွာနေတယ်၊ အေးတယ်၊ သည်မိုးမိရင် မကောင်းဘူး၊ လက်ဖက် ရည်ဆိုင်မလိုက်နဲ့တဲ့။ အသက်ကကြီးလာတော့ သားသမီးတွေအမိန့်ပေးတာကို နာခံနေရတော့တာပဲ။ မိုးက တကယ်ပဲ တစ်နေကုန်ရွာတာ။ အေးလည်း အေးတယ်။

၂၆ ရက်နေ့ မနက်ကျတော့ ကိုမျိုးတို့ လင်မယားလာခေါ်လို့ မောနင်းစတားကို ရောက်ပါတယ်။ မောနင်းစတားရောက်မှ စောဝေက ဖုန်းဆက်ပြီး ဆရာဇော် ည ၉း၀၀ နာရီက ဆုံးတယ်၊ ကျနော်တို့ အခုရုပ်ကလာပ်ကို ရေဝေးပို့နေကြတယ်လို့ ပြောပါတယ်။ အိမ်ကိုလှမ်းဖုန်းဆက်တော့ သမီးက ညက ဖေ့ဘုတ်ခ်မှာဖတ်ရတယ်၊ မယုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ တနေ့ ကပဲ ဦးဇော်မြင့်တို့အိမ်ရောက်လို့ တွေ့ခဲ့သေးတယ်တဲ့။ ညကလည်း မိုးမိုးက ဖုန်းမဆက်ဘူးတဲ့။

မိုးမိုးဆိုတာ ဇော်မြင့်ရဲ့ တဦးတည်းသော သမီး၊ အေးသီတာနဲ့ အမြဲတွေ့နေကျ။  တကယ်လည်း မိုးမိုးက ညက မဆက်နဲ့ တော့ဆိုလို့ မဆက်ကြတာတဲ့။ သမီး အေးသီတာ ညက သူဆိုင်က ပြန်လာတော့ မိုးချုပ်လှပြီ။ မောင်မိုးသူက အိပ်ပြီ။ မနက် မောင်မိုးသူ လက်ဖက်ရည်ဆိုင် ထွက်လာတော့ အေးသီတာက မထသေးဘူး။ မောနင်းစတားရောက်တော့ ဇော်မြင့်ဆုံးတဲ့ သတင်းကို သိရပြီ။ ဒါနဲ့ ချက်ချင်းပဲ အိမ်ကို ပြန်ဖုန်းဆက်တော့ သမီးကလည်း ခုမနက်မှသိရသတဲ့။ ဒါနဲ့ ဖေဖေ လက်ဖက် ရည်ဆိုင်ကပြန်လာတော့ သွားကြမယ်လို့ ချိန်းလိုက်ကြတယ်။ အဲသည်အချိန်မှာပဲ သားငယ်က သူ့သားကို ကျောင်းပို့ပြီး လက်ဖက်ရည်ဆိုင် ရောက်လာပါတယ်။ မမနဲ့ ဖုန်းဆက်ပြီးပြီ၊ ဖေဖေနဲ့ ကျနော်က လက်ဖက်ရည်ဆိုင်ကပဲ ဦးဇော်တို့အိမ် သွားမယ်၊ မမနောက်မှ အိမ်ကနေ လိုက်လာမယ်တဲ့။ ဒါနဲ့ပဲ မောင်မိုးသူဟာ မနက် လက်ဖက်ရည်ဆိုင်သွားတဲ့ ဘောင်းဘီ ရှည်နဲ့ပဲ သားနဲ့ ဇော်မြင့်တို့ အိမ်ကို သွားပါတယ်။

သားငယ်က ရေတာရှည်လမ်းထဲဝင်ပြီး သင်္ကန်းဝယ်ပါတယ်။ မနက်ပိုင်းဆိုပေမဲ့ မရမ်းကုန်းက ဇော်မြင့်တို့အိမ်ကို အတော် သွားရတယ်။ ဇော်မြင့်အိမ်ရောက်တော့ မိုးမိုး (ဇော်မြင့်သမီး) လာတွဲခေါ်ပြီး အိမ်ပြင်က ကုလားထိုင်တလုံးမှာ ထိုင်စေပါတယ်။ သားငယ်ကတော့ အိမ်ထဲဝင်ပြီး ခင်မေရီဆီသွားပါတယ်။ သားငယ်ဟာ ဇော်မြင့်တို့ ဒေါ်ခင်မေရီတို့ သားပါပဲ။ သားကို ဇော်မြင့်တို့ ခင်မေရီတို့က `ဘူးဘူး´ လို့ပဲခေါ်တာ။

မောင်မိုးသူ အပြင်မှာ ထိုင်နေတုန်း ဇော်မြင့်ရဲ့ ညီမဝမ်းကွဲ ပိုပိုရဲ့ သားကြီး ၊ သားငယ်တွေက လာနှုတ်ဆက်ကြတယ်။ သူတို့ အမေ ပိုပို ဆုံးသွားပါပြီ။ ပိုပိုက ဇော်မြင့်ညီမ ဖြစ်ပြီး ညိုညိုကတော့ အမကြီး ဖြစ်ပါတယ်။ ပိုပိုက မောင်မိုးသူတို့ မန္တလေး တက္ကသိုလ်မှာ မယ်ရွေးသေးတာကွလို့ဆိုတော့ ကလေးတွေက ရယ်နေပါတယ်။

စောဝေတို့၊ ကြွက်နီတို့၊ ကာလူး (ကိုလေး) ၊ ငြိမ်းအေးတို့ ရေဝေးက ပြန်လာကြသတဲ့။ မတွေ့ရတာကြာပြီဖြစ်တဲ့ ငြိမ်း အေးကိုတွေ့ရင် မောင်မိုးသူက ဆဲနေကျမို့လို့ ဆဲလိုက်ရသေးတယ်။

အိမ်ဖုန်းမှာလည်း တဂွမ်ဂွမ်ဆက်နေကြတာတဲ့။ ဇော်မြင့်အကြောင်းသိချင်တဲ့ သတင်းဌာနတွေနေမှာပေါ့။ ဇော်ဇော်အောင် ဆိုတဲ့ ဇော်မြင့်အကြောင်းကို မောင်မိုးသူဆိုတဲ့ စိန်မြင့်က စဉ်းစားနေမိပါတယ်။

ထူးထူးဆန်းဆန်း တိုက်တိုက်ဆိုင်ဆိုင် ပြောရရင် မောင်မိုးသူက ၁၉၃၇ မေလ ၁၇ ရက်နေ့မှာ မွေးတာ၊ ဇော်မြင့်က ၁၈ ရက်နေ့မှာ မွေးတာ၊ ဇော်မြင့်က စိန်မြင့်ထက် တရက်တိတိ ငယ်ပါတယ်။ အဲ ပိုပြီး ထူးဆန်းတာက မောင်မိုးသူနဲ့ ထောင်ထဲမှာ အတူနေခဲ့တဲ့ ဦးရဲထွန်း(ဦးချန်ထွန်းရဲ့ သား၊ဒေါက်တာဘမော်ရဲ့ သမက်) က မေလ ၁၉ ရက်နေ့မွေးတာ။ မောင်မိုးသူထက် နှစ်ရက်၊ ဇော်မြင့်ထက် တရက် ငယ်ပါတယ်။ ဦးရဲထွန်းကတော့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် (ပါတီချင်းမတူပါ)၊ ထောင်ထဲမှာ အတူနေ၊ ထွက်လာတော့လည်း သူ့အိမ်ကို မကြာခဏရောက်၊သူ့သမီး မင်္ဂလာဆောင်တော့လည်း သွား၊သူကွယ်လွန်တော့ လည်း သွားခဲ့ရပါသေးတယ်။

စိန်မြင့်၊ ဇော်မြင့်၊ ရဲထွန်းတို့က ထူးထူးဆန်းဆန်း တနှစ်တည်း၊ တလတည်း ၁၇၊ ၁၈၊ ၁၉ ရက်နေ့ မွေးကြသူများ ဖြစ်ပါတယ်။ အငယ်ဆုံးဦးရဲထွန်းက အရင်ဆုံး ကွယ်လွန်ပြီး အလယ်လူဇော်မြင့်က ၂၆ ရက်နေ့မှာကွယ်လွန်လို့ စိန်မြင့် သူ့အိမ်မှာ ရောက်နေရပါပြီ။ ဇော်မြင့်နဲ့ စိန်မြင့် ဘယ်တုန်းက ဘယ်လိုတွေ့ခဲ့ကြသလဲဆိုရင် မိုးသူခေါ် စိန်မြင့် ၅၆ မန်းတက္ကသိုလ် ရောက်တော့ ဇော်မြင့်က ကျောင်းရောက်နှင့်နေပါပြီ။

ဇော်မြင့်နဲ့စိန်မြင့်ဟာ မန္တလေးတက္ကသိုလ်မှာ အချစ်ဆုံး သူငယ်ချင်းနှစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ဇော်မြင့်က တပ်ဦးသစ်၊ စိန် မြင့် တပ်ဦးပါ။ ဒါပေမဲ့ စာရေးတော့ တူတူ၊ အိပ်တော့လည်းတူတူ၊ အရက်သောက်တော့လည်း တူတူပါပဲ။ ဇော်မြင့်က ကဗျာရေးတာ ကောင်းတယ်။

ဇော်မြင့်ရန်ကုန်တက္ကသိုလ်ပြောင်းသွားတော့လည်း စိန်မြင့် ရန်ကုန်ရောက်ပါတယ်။ စိန်မြင့် ရန်ကုန် ဇော်မြင့်အိမ်မှာ နေဖို့ မိန်းမရယ်၊ ကလေးနှစ်ယောက်ရယ် ရန်ကုန်ဆင်းလာတော့ ဇော်မြင့်က ဘူတာရုံမှာ ဆင်းစောင့်ပြီး သူ မော်လမြိုင် ပြောင်း သွားရကြောင်း လာပြောပါတယ်။

နောက် ဇော်မြင့်နဲ့ စိန်မြင့် ရန်ကုန်စာပေလောကမှာ အတူလှုပ်ရှားကြတယ်။ ဇော်မြင့်က ဇော်ဇော်အောင်အမည်နဲ့ စပိုင်အေး ဂျင့်စိုးအောင် ဝတ္တုတွေ အများကြီး ရေးပါတယ်။ သူ့ခေတ်သူ့အခါမှာတော့ အအောင်မြင်ဆုံး စပိုင်ဝတ္တုရေးဆရာ ဖြစ်ပါတယ်။ မောင်မိုးသူကတော့ စာရေးရုံမကဘူး။ ရုပ်ရှင်ပါ ရိုက်နေပါပြီ။

ဇော်မြင့်က ဗိသုကာဘိုကြီးနဲ့ သူငယ်ချင်း။ ဇော်မြင့်ကို အကြောင်းပြုပြီး ဘိုကြီး၊ တင်ထွန်း၊ အောင်ကြီးမြင့်တို့ရဲ့ AI ကို မောင် မိုးသူရောက်ပြီး ခင်မောင်ရင်နဲ့ ဆုံတာ၊ မောင်မိုးသူကို အကြောင်းပြုပြီး ပေါ်ဦးသက်တို့၊ ဝင်းဖေတို့ အေအိုင်ရောက်တာ။ အဲ သည်တုန်းက အေအိုင်ဟာ ဗိသုကာရုံးဖြစ်ပေမဲ့ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင်သမား လူငယ်တွေ စုဝေးရာ ဖြစ်ခဲ့ပါတယ်။ ခင်မောင်ရင် နေမကောင်းတော့ ဇော်မြင့်လည်း နေမကောင်း ဆေးရုံတက်ရလို့ ဇော်မြင့်ဆီသွားမေး၊ ခင်မောင်ရင်ဆီသွားမေး လုပ်ရပါသေးတယ်။ ခင်မောင်ရင်ဆုံးတော့ ဇော်မြင့်တို့၊မောင်မိုးသူ တို့ သွားရပါတယ်။ မောင်မိုးသူ၊ ဇော်ဇော်အောင်၊ ကိုတာ တို့ သုံးယောက်ပေါင်းပြီး ခင်မောင်ရင်အကြောင်း စာတအုပ်ရေးဖူးတယ်။ စိတ်ကူးချိုချိုက ထုတ်တာ။

ဇော်မြင့်၊ မခင်မေရီတို့မှာ သမီးလေးတယောက်ပဲရှိတယ်။ မိုးမိုး။ မောင်မိုးသူရဲ့သမီး အေးသီတာနဲ့ ရွယ်တူပါပဲ။ ဒါပေမဲ့ ဇော် မြင့်၊ မခင်မေရီတို့အိမ်ကို အရောက်များတာကတော့ မိုးသူရယ်၊ အမာရယ်၊ သားငယ်ဘူးဘူးရယ် ဖြစ်ပါတယ်။ ခင်မောင်ရင် ဆောက်ပေးတဲ့ အိမ်အလယ်ကောင်က အပေါက်ကြီးနဲ့ အိမ်ကို သားငယ်က သိပ်ပြီးရှုံ့ချတာ။ ဇော်မြင့်တို့ ခင်မေရီတို့က က လေးဖြစ်တဲ့ ဘူးဘူးကို သိပ်ချစ်ကြတာ။

ဇော်မြင့်ဟာ ဇော်ဇော်အောင်ဆိုပြီး စပိုင်ဝတ္တုကောင်းတွေ ရေးခဲ့ပေမဲ့ မြန်မာစာပေလောကရဲ့ မော်ဒန်၊ပို့စ်မော်ဒန် သဘော တရားတွေကို စနစ်တကျရေးသားပြုစုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ငြိမ်းအေး ထုတ်ဝေခဲ့တဲ့ သရဖူမဂ္ဂဇင်းမှာ ဇော်ဇော်အောင်က ဆရာကြီးပေါ့။ တာရာမင်းဝေတို့၊ မင်းခိုက်စိုးစန်တို့ဟာ ဇော်မြင့်တပည့်တွေပဲ။

ဇော်မြင့်နဲ့ မောင်စွမ်းရည်တို့ဟာ စာပေအယူအဆ တိုက်ပွဲဆင်ခဲ့ကြပေမဲ့ လူချင်းတည့်ပါတယ်။ မောင်စွမ်းရည်တယောက် ရန်ကုန်ပြန်လာတော့ သိန်းနိုင်အိမ်မှာ ဇော်မြင့်၊ မိုးသူ၊ ဝင်းဖေ နှစ်ယောက်၊ ဝင်းဖေ (၁) က မောင်စွမ်းရည်၊ ဝင်းဖေ (၂) က ဒါရိုက်တာ၊ နောက် ခင်မောင်ဝင်း (ဝင်းကြွယ်) တို့ ဆုံကြတယ်။

နောက်မောင်စွမ်းရည် စာပေစကားဝိုင်းမှာ မောင်စွမ်းရည်၊ ဒါရိုက်တာဝင်းဖေ၊ မောင်သိန်းနိုင်၊ မိုးသူ၊ ဇော်ဇော်အောင်၊ ခင် ဆွေဦးတို့ Home မှာ လုပ်ခဲ့ကြတယ်။ အဲသည်ခြောက်ယောက်စလုံးဟာ မန္တလေးတက္ကသိုလ်ထွက်များ ဖြစ်ပါတယ်။

ခုတော့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဇော်မြင့် ဆုံးတယ်။ ၂၇ ရက်နေ့ ၅း၀၀ နာရီမှာ သင်္ဂြိုဟ်မယ် ပြောပါတယ်။ သမီးမိုးမိုးကတော့ ဘဘမလာပါနဲ့၊ မပို့ပါနဲ့လို့ ပြောပါတယ်။ မိုးသူ မနေပါဘူး။ လိုက်ပို့မှာပါ။ အခုလည်း သောကြာနေ့ထွက်မယ့် မော်ဒန် ဂျာနယ်မှာ ဇော်မြင့်နဲ့ စိန်မြင့်ဆိုပြီးရေးနေပါတယ်။ ဇော်မြင့်အကြောင်းတော့ သရဖူမှာ အရှည်ကြီးရေးဦးမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts