Han Thit Naing ဓာတ်ပုံသတင်း

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာမှ ကျူးးကျော်နေအိမ်များဟု ဆိုကာ နေအိမ် ၅၀၀ ကျော် ဖျက်ဆီးခံရ

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာမှ ကျူးးကျော်နေအိမ်များဟု ဆိုကာ နေအိမ် ၅၀၀ ကျော် ဖျက်ဆီးခံရ

ဟန်သစ်နိုင် (မိုးမခ) ဇန်နဝါရီ ၂၈ ၂၀၁၆

၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၂၅ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ မြဲမြံအောင် စိုက်ခင်း၊ စံသမာဓိစိုက်ခင်း၊ မြဝတီစိုက်ခင်းရှိနေအိမ် ၅၀၀ကျော်အား ရဲအင်အား ၃၀၀ကျော်နှင့် ငှားရမ်းအလုပ်သမား ၅၀၀နီးပါးက ဝင်ရောက်ဖျက်ဆီးခဲ့သည်။

၎င်းမြေနေရာများသည် လွန်ခဲ့သော ၂၄နှစ်ခန့်ကတည်းကနေထိုင်သူများဖြစ်ပြီး၊ ၁၀နှစ်၊ ၅နှစ်၊ ၃နှစ် စသဖြင့် အေးဆေးစိုက်ပျိုးနေထိုင်သူများဖြစ်သည်။ ယခုအခါ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ၄င်းပိုင်မြေဖြစ် ကြောင်း (၂၁၊ ၁၊ ၂၀၁၆)ရက်မှ (၂၅၊ ၁၊ ၂၀၁၆)ရက်အတွင်း အပြီးရွှေ့ပြောင်းပေး ရမည်ဖြစ်ကြောင်းအမိန့်စာ ပေးခဲ့သည်။မလိုက်နာလျှင် ရက်ပေါင်း (၃၀) ပြစ်ဒဏ်ချမှတ်မည်ဟုပါရှိသည်။

ဇန်နဝါရီ ၂၆ရက်နေ့ မနက် ၇နာရီတွင် ဖျက်ဆီးခိုင်းသူများက အလုပ်သမားအား နေ့စား (၇၀၀၀)ဖြင့် ငှားရမ်းပြီး ဦးထုတ်အပြာများဆောင်းခိုင်းကာဖျက်ဆီးစေခိုင်းခဲ့သည်။

ရဲများကိုအင်အားသုံးစေခိုင်းစေခိုင်းခဲ့ပြီး၊ ကိုယ်တိုင်မဖျက်ထားသောနေအိမ်များအား ဘိုဒိုဇာများဖြင့် ဖျက်ပစ်ခိုင်းခဲ့သည်။ ဖျက်ဆီးခဲ့သေနေအိမ် များအတွင်းတွင် ဘုန်းကြီးကျောင်းမျာလည်း ပါဝင်ခဲ့သည်။

“ဦးဇင်းရဲ့ဒီဓမ္မာရုံနဲ့ကျောင်းက ကြာပြီ၊ ဒီမှာတော့ ဦးဇင်းက ယဉ်ကျေးမှုတွေသင်တယ်၊ တရားတွေ ဟောတယ်၊ ဦးဇင်းက ကိုယ့်ဘာသာကိုယ့်လူမျိုးကိုစောင့်ရှောက်မယ်၊ လူငယ်တွေဆို အင်္ဂလိပ်စာသင်မယ်၊ နိမ်ကျနေတဲ့ပညာရေးတွေမြှင့်တင်မယ်ဆိုပြီးတော့ လလောကီပညာရေးတွေ လဲကြိုးစားခဲ့တယ်၊ လောကုတ္တရာ ပညာရေးဆိုလည်း ဒကာ၊ ဒကာမတွေကိုဟောပြောဖို့အတွက် တရားစခန်းတွေလဲဖွင့်တယ်၊ တရားတွေလဲဟော ခဲ့တယ်၊ ဒါပေမယ့် ဦးဇင်းတို့နိုင်ငံမှာ သာသနာ ကိုလွတ်လွတ်လပ်လပ်ပြုခွင့်မရတော့ဘူး၊ သာသနာကြီးကိုရိုက် ချိုးခံလိုက်ရပါပြီ၊ အစိုးရရဲ့လုပ်ရပ်က ဘာသာသာသနာပေါ်မှာလည်း ငဲ့ညှာထောက်ထားမှုမရှိဘဲနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ကိုယ်ကိုယ်တိုင်ပဲဖျက်တယ်လို့ပဲ ဦးဇင်းတို့ထင်ပါတယ်” ဟု ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံဖျက်ဆီးခံရသော ဒေါက်တာဦးဝိစိတ္တက ပြောပြခဲ့သည်။

“ကလေးတွေနဲ့ မိုးထဲရေထဲ သူတို့လာဖျက်တော့ ကျောင်းသားကလေးငယ်တွေနဲ့ ဆိုတော့ တော်တော် စိတ်သောကရောက်ရပါတယ်။ အိမ်မရှိတဲ့အတွက် ဘယ်နေရာနေလို့နေရမှန်းမ သိတော့ပါဘူး”ဟု ၄နှစ်နေထိုင် ခဲ့ပြီး အိမ်ဖျက်ဆီးခံရသူ မကြူကြူမော်က ပြောပြခဲ့သည်။

“စပြီး နို့တစ်စာပေးကတည်းက ကျီးလန့်စားစားနဲ့ မအိပ်မနေနေခဲ့ရပါတယ်၊ ကျမတို့ကကိုယ့်ပါကိုယ် ကြိုဖျက်ထားတော့ ညကတည်းက မိုးထဲမှာအပင်ကြီးကြီးအောက်မှာမိသားစုနေခဲ့ရတယ်၊ အသက်ကြီးတဲ့ အမေကလည်း မဖျက်ထားသေးတဲ့အိမ်ကိုပို့ထားရတယ်၊ အခုမနက်တော့ အဲဒီအိမ်ကလည်း ဘူဒိုဇာနဲ့ဖျက် ပစ်ခံရပြီ၊ အခုလည်းဝယ်ဖို့မပြောနဲ့ ငှားစရာတောင်မရှိသေးဘူး၊ မြေအလွှတ်လဲမရှိဘူး၊ လက်ရှိအစိုးရ ကိုတော့ ဖျက်သွားတဲ့အစား မြေနေရာလေးတစ်ခုတော့ပြန်ချပေးစေချင်ပါတယ်” ဟု ၁၀နှစ်နေထိုင်ခဲ့သူ မလွင်လွင်မော် ကပြောပြခဲ့သည်။

စံသမာဓိစိုက်ခင်းဘက်တွင် ဖျက်ဆီးနေချိန်၌ အမျိုးသမီးတစ်ဦးသွေးလန့်ကာသေဆုံးသွားခဲ့သည်။ ၄င်းအမျိုးသမီးသည် ကလေးမွေးပြီး ၃ရက်အကြာတွင် ဖျက်ဆီးနေသောအသံများကြောင့်သွေး လန့်ကာ သေဆုံးသွားသည်ဟု သိရသည်။ သေဆုံးသွားသောအမျိုးသမီး၏အလောင်းသည် သေပြီး ချိန်အတွင်း ချက်ချင်းပျောက်ဆုံးသွားခဲ့ သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts