သတင်းဆောင်းပါး ရေခြားမြေခြား မြန်မာများ

ဇာဝါရီ – Snowzilla နှင်းမုန်တိုင်း


ဇာဝါရီ – Snowzilla နှင်းမုန်တိုင်း

(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၆

ဒီစာရေးနေချိန်မှာ အမေရိကန်အရှေ့ ဘက်ခြမ်း ဝါရှင်တန်ဒီစီတဝိုက်မှာ နှင်းတွေတဖွဲဖွဲ ကျနေတယ်။ ဒီနှစ်ဆောင်းတွင်းရဲ့  အကြီးမားဆုံး နှင်းမုန်တိုင်း – Epic Blizzard 2016 လို့ သတင်းတွေက ပြောဆိုကြတယ်။ အသစ်အဆန်းထွင်တာ ကြိုက်တဲ့ အမေရိကန်တွေက နှစ်ပေကျော်လောက်ကျမယ့် ဒီနှင်းမုန်တိုင်းကို Snowzilla (Godzilla အသုံးအနှုန်းမှ) ဆိုပြီး တင်စားခေါ်ဝေါ် ထုတ်လွင့်ကြတယ်။ တကယ်ပဲ နှစ်ပေသုံးပေလောက် ကျမကျ မနက်ဖြန်လောက်မှ သေချာသိရမှာပေါ့။

ဒီလို ကြီးမားဆိုးဝါးလှတဲ့ နှင်းမုန်တိုင်းက အမေရိကန်သမိုင်းမှာ ပထမအကြိမ် မဟုတ်သလို၊ ဒီလို ပေနဲ့ချီ နှင်းကျတာမျိုးကို နှင်းအလွန်ကျတဲ့ အမေရိကန် မြောက်ပိုင်း နဲ့ အနောက်အလယ်ပိုင်း ပြည်နယ်များမှာ မကြာမကြာ တွေ့ရပါတယ်။ မနှစ်ကဆိုရင် Boston မြို့ မှာ ရက်ရှည် နှင်းမုန်တိုင်းကြောင့် စုစုပေါင်း ပေတစ်ရာကျော် ကျခဲ့တယ်။ အခုက ၂၀၁၅ ခရစ်စမတ် နဲ့ နှစ်သစ်ကူးချိန်အထိ ရာသီဥတုက သိပ်မအေး၊ နှင်းငတ်နေတဲ့ မြို့ တော်ဝါရှင်တန်ဒီစီတဝိုက်မှာ ကျမယ့်ကျတော့ ကြောက်စရာလန့်စရာ ဒီလို ကြီးကြီးမားမား နှင်းကျမယ်ဆိုတော့ ပြောစရာ သတင်းဖြစ်ခဲ့တာပေါ့။

လူတွေကတော့ ဆောင်းတွင်းမှာ ပုံမှန်အတိုင်း နှင်းကျတာကို ကြိုဆိုကြပေမယ့် ဒီလို အလုပ်ပျက်အကိုင်ပျက်၊ လမ်းပိတ် သွားလာရေး အခက်အခဲဖြစ်မယ့် နှင်းမုန်တိုင်းမျိုးကျမယ်ဆိုတော့ အနည်းငယ် စိုးရိမ်ကြတာပေါ့။ ပြီးတော့ နှင်းထူထပ် နှင်းအမြဲကျတဲ့ နေရာတွေလို အဆင်သင့် မဖြစ်၊ ဗြုန်းစားကြီး အခုလို အနည်းဆုံး နှစ်ပေသုံးပေလောက်ကျမှာမို့ ကိုယ့်အိမ်တဝိုက် (*) နဲ့ ကားပေါ်တင်တဲ့ နှင်းတွေကိုရှင်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေ (ဂေါ်ပြား၊ နှင်းပျော်ဆား)၊ အိမ်ထဲမှာ အောင်းနေချိန် စားဖို့သောက်ဖို့၊ အကယ်၍ သစ်ပင်တွေ၊ မီးတိုင်တွေပေါ်တင်တဲ့ နှင်းရေခဲတွေကြောင့် သစ်ပင်တွေကျိုးကျ၊ မီးကြိုးတွေပျက်ကျ မီးပြတ်၊ အအေးလွန်လို့ ရေပိုက်တွေ ရေခဲပြီး ကွဲပျက်ကာ ရေပြတ်ခဲ့ရင် အရေးပေါ် လိုအပ်တဲ့ သောက်ရေ၊ ဖယောင်းတိုင်၊ လက်နှိပ်ဓါတ်မီး၊ မီးအားစက်တွေကို မနေ့ကစပြီး လူတွေ အပြေးအလွှာ ဝယ်ယူကြတာ ဒီနေ့နေလယ်ပိုင်းမှာ ဆိုင်တွေမှာ ဘာမှမကျန်သလောက် ဖြစ်ကုန်တယ်။ (* ဥပဒေအရ နှင်းကျရပ်ပြီး တစ်နာရီအတွင်းမှာ ကိုယ့်အိမ်ရှေ့  လူသွားလမ်းကို လူတွေ သွားလာနိုင်အောင် ရှင်းလင်းပေးရတယ်။ မရှင်းလင်းလို့ လူတဦးတယောက် ကိုယ့်အိမ်ရှေ့ မှာ ချော်လဲရင် တရားစွဲခံရ၊ အရေးယူဒဏ်ရိုက်ခံရတယ်)။

အဆိုးထဲက အကောင်းပြောရမလား။ နှင်းမုန်တိုင်းကို ကျေးဇူးအထူးတင်သူတွေကတော့ စားသောက်ကုန် နဲ့ နှင်းရေခဲ ရှင်းလင်းရေး ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေ၊ လုပ်ငန်းတွေပေါ့။ သူ့အိမ်အတွက် လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်တဲ့ မိတ်ဆွေတယောက်က ပြောတယ် …ဆိုင်တွေမှာ ပစ္စည်းတွေကို အလကားပေး၊ အလှူလုပ်နေသလား အောင့်မေ့ရတယ်။ ဝယ်လိုက်ကြတာ အလုအယက်။ နေ့ချင်းညချင်း ဆိုင်မှာရှိသိမျှ ပစ္စည်းတွေ ကုန်ရော (ကြုံတွေ့နေကြ မဟုတ်တော့ စိုးရိမ်ပြီး ဝယ်ကြတာပေါ့)။ နှင်းကျမှ အလုပ်ဖြစ်မယ့် နှင်းရှင်းလင်းရေး ပုဂ္ဂလိလုပ်ငန်းတွေလည်း အတော်ပျော်ကြပါတယ်။ ဘာကြောင့် ပျော်တယ်ဆိုတာ စဉ်းစားကြည့် နှစ်ပေသုံးပေကျော် နှင်းတွေကို ရှင်းလင်းဖို့ အစိုးရက သူတို့ရဲ့  အကူအညီတွေ လိုတယ်မဟုတ်လား။ တချို့ က ဟာသပြောကြတယ် … သဘာဝမိခင်ကြီးကို စီးပွားရေးသမားတွေက လာဘ်ထိုးလိုက်သလား မသိဘူးတဲ့။

သတင်းသမားတွေလည်း အတော်လေး အလုပ်ရှုပ်ကြတယ်။ လွန်ခဲ့တဲ့ ရက်တွေထဲက ဘယ်နေ့ဘယ်အချိန်မှာ နှင်းစကြမယ်။ ဘယ်လောက်ကြမယ်။ ဘယ်လောက်အေးမယ်။ လေတိုက်နှုန်း ဘယ်လောက်ရှိမယ် စတဲ့ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ပြီး၊ ဒီနေ့ဆို နှင်းတွေ တဖွဲဖွဲ ကျနေတဲ့ နှင်းတောထဲကနေ သတင်းတွေ ပေးပို့နေကြတယ်။ သူတို့ကိုကြည့်ပြီး အေးလိုက်တာ။ ဒီလို သက်ဆိုင်ရာ အစိုးရနဲ့ သတင်းဌာနတွေက အချိန်နဲ့အမီ ထုတ်လွှင့်ကြေညာ၊ အရေးပေါ် အခြေအနေတွေကို အသိပေး ပြောဆိုထားတော့ မလိုအပ်၊ မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့ တချို့ သတင်းဌာနတွေက လိုတာထက်ပို dramatize လုပ် အဆက်မပြတ် ထုတ်လွှင့်တာကြောင့် တချို့ လူတွေကို စိတ်ပူပန်မှုတွေ ဖြစ်စေတာတော့ အမှန်။

ဘယ်လိုပဲဖြစ်ဖြစ် တိကျမှန်ကန်တဲ့ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အချိန်မီ ကျောင်းတွေပိတ်၊ အစိုးရရုံးတွေကို နာရီစောလွှတ်ပြီး၊ ဝါရှင်တန်ဒီစီ၊ ဗားဂျီနီးယား နဲ့ ဘော်တီးမိုးလ် လေဆိပ်တွေရဲ့  လေယာဉ်ခရီးစဉ်တွေကိုလည်း ရွှေ့ ဆိုင်းဖျက်သိမ်းခဲ့တယ်။ ဒီတကြိမ် ထူးခြားတာက နှစ်ပေါင်း (၄၀) အတွင်းမှာ ပထမဦးဆုံးအကြိမ် ဝါရှင်တန်ဒီစီတဝိုက် ပြေးဆွဲနေတဲ့ Metro ဘတ်စ်ကားလိုင်း နဲ့ မြေအောက်ရထားလိုင်းတွေကို သောကြာနေ့ ညနေပိုင်းကနေ တနင်္လာနေ့မနက်အထိ ပိတ်လိုက်တယ်။ ကြီးမားတဲ့ နှင်းထုကို အချိန်နဲ့တပြေညီ ရှင်းလင်းရေးတွေ မလုပ်နိုင်ခဲ့လို့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်ကို တားမြစ်တဲ့သဘောပေါ့။ ဒါတောင် နှင်းမကျခင်ကတည်းက အဓိက လမ်းမကြီးတွေကို နှင်းပျော်ဆားတွေ ကြိုတင်ပက်ဖျန်းထားပြီး၊ နှင်းရှင်းမယ့်၊ ဆားဖြူးမယ့် ကားကြီးများကို လမ်းဘေးဝဲယာတလျှောက်မှာ တွေ့မြင်နိုင်တယ် (ရဲကား၊ မီးသတ်ကား၊ ဆေးရုံကားတွေကိုလည်း တွေ့နိုင်တယ်)။ နှင်းစကျချိန်ကတည်းက အဲဒီ နှင်းရှင်းတဲ့ ထရပ်ကားကြီးတွေကို လမ်းမတွေပေါ်မှာ ခေါက်တုံ့ခေါက်ပြန် အချိန်ပြည့် ရှင်းလင်းနေတာကို တွေ့နိုင်တယ်။

ဆိုခဲ့သလို သက်ဆိုင်ရာ ပြည်နယ်မြို့ အစိုးရတွေက အရေးပေါ် အခြေအနေတွေကို ကြေညာခဲ့ပြီး၊ ပြည်သူတွေကို မုန်တိုင်းအန္တရာယ်ကို အလေးအနက်ထားကြဖို့၊ မလိုအပ်ဘဲ ပြင်ပသွားလာခြင်း၊ ကားမောင်းခြင်း၊ ခရီးသွားလာခြင်းများ မလုပ်ဖို့၊ လိုအပ်တဲ့ ဆေးဝါး အစားအစာရိက္ခာများကို ဝယ်ယူစုဆောင်းထားဖို့ တိုက်တွန်းခဲ့သလို၊ အထူးနှိုးဆော်ချက်က မုန်တိုင်းကျရောက်စဉ် (ကျပြီးနောက်) ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်များအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီလုပ်ဆောင်ဖို့အတွက် ရဲ၊ မီးသတ်၊ ပြည်နယ်စောင့်တပ်၊ ဆရာဝန်သူနာပြုများကို အပြည့်အဝ ကြိုတင်ပြင်ဆင်ထားကြောင်း၊ အရေးပေါ် ခေါ်ဆိုနိုင်တဲ့ ဖုန်းနံပတ်များ၊ ရာသီဥတု အခြေအနေ၊ သိသင့်တဲ့ အချက်အလက်၊ အကြောင်းအရာတွေကို အချိန်နဲ့ တပြေညီ အသိပေး လုပ်ဆောင်ပေးထားတာကြောင့် လူတွေရဲ့  စိုးရိမ်ပူပန်မှုကို သက်သာစေတယ်။

အခုဆို နှင်းတွေကျနေတာ တစ်ပေလောက် ရှိလာပြီ။ ဒါပေမဲ့ ရာသီဥတု ဘယ်လောက်ဆိုးဆိုး လိုအပ်တာတွေကို ကြိုတင်အသိပေး၊ ပြင်ဆင်လုပ်ကိုင်ဖို့ နှိုးဆော်သတိပေး၊ ကူညီထောက်ပံ့မှုတွေ ရှိနေတော့ ဘာမှ စိုးရိမ်ပူပန် ကြောင့်ကြနေစရာမလိုပါ။ အေးအေးဆေးဆေး ကိုယ့်မိသားစုနဲ့ အိမ်ထဲမှာ နွေးနွေးထွေးထွေးနေပြီး တဖွဲ့ဖွဲ့ကျနေတဲ့ နှင်းတွေကိုကြည့်လိုက်၊ စားသောက်လိုက်၊ ရုပ်ရှင်ကြည့်၊ စာဖတ် (ကျနော်ကတော့ ဒီစာရေးဖြစ်တယ်) အနားယူနေနိုင်တယ်။ အဲ … အားတော့ဖြည့်ထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နှင်းကျရပ်သွားရင်တော့ ကိုယ့်တာဝန်က အိမ်ရှေ့ အိမ်နားတဝိုက် လူသွားလမ်းတွေရှင်း၊ ကားအဝင်အထွက်လမ်းရှင်း၊ ကားတွေ ရှင်းရမယ် မဟုတ်လား။ တာဝန်ကိုယ်စီတော့ ယူရတာပေါ့။

လေမုန်တိုင်း၊ မိုးကြီးရေကြီးတာတွေ ကြုံခဲ့ကြတဲ့ အမိမြန်မာပြည်က မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေလည်း အဝေးကနေ မစိုးရိမ်မပူပန်ကြဖို့ ဒီစာနဲ့ အသိပေးပြောလိုပါတယ်။ ပြောခဲ့သလို လိုအပ်တာတွေ ကြိုတင်ပြင်ဆင် လိုက်နာလုပ်ဆောင်ထားလို့ အားလုံးအဆင်ပြေကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း နောင်အခါ ဒီလိုမျိုး ရှောင်တိမ်းရှောင်ရှားလို့ မရတဲ့ သဘာဝဘေးဒဏ်မျိုးတွေ ဖြစ်လာခဲ့ရင် အာဏာပိုင်အစိုးရ၊ အုပ်ချုပ်သူများက အချိန်မီ ကြိုတင်အသိပေး၊ ကာကွယ်တားမြစ်မှုတွေ၊ ထောက်ပံ့ကူညီမှုတွေ၊ ကယ်ဆယ်ရေးတွေကို အချိန်နဲ့တပြေညီ လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေ။ ပြည်သူပြည်သားတွေလည်း သဘာဝဘေးဒဏ်ကို ရင်ဆိုင်ဖြေရှင်း ဖြတ်ကျော်နိုင်ကြပါစေ။

ကြုံလို့ ပြောပြချင်တဲ့ စိတ်ဝင်စားစရာ အကြောင်းတစ်ခုက အခုလို ရေခဲမှတ်အောက်ရောက် အေးစက်တဲ့ ရာသီဥတု နဲ့ နှင်းမုန်းတိုင်ကြောင့် လူတွေ အပြင်မထွက်နိုင်၊ အိမ်ထဲအောင်းနေချိန်မှာ ဗားဂျီနီးယားပြည်နယ် အာလင်တန်မြို့  အမျိုးသား စစ်သင်္ချိုင်းအလယ် အညတရာ စစ်သည်များ ဂူဗိမာန်ကို စောင့်ရှောက်ဂုဏ်ပြုတဲ့ စစ်သည်တွေကို နှင်းတဖွဲဖွဲအောက်မှာ တွေ့မြင်နိုင်တယ်။ သူတို့တွေ မိုးရွာရွာ နေပူပူ မုန်တိုင်းကျကျ တနှစ်ပတ်လုံး နှစ်ဆယ့်လေးနာရီ အချိန်ပြည့် အဲဒီ အညတရာစစ်သည်များ ဂူဗိမာန်ကို ဂုဏ်ပြုစောင့်ကြတယ်။ ဝါရှင်တန်ဒီစီ ရောက်ရင် သွားရောက်လည်ပတ် ကြည့်ရှုသင့်တဲ့ နေရာတစ်ခုပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts