(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၆
ဒီ နေ့မနက်စာဟာလည်း မေတ္တာဓာတ်မပါတဲ့အစားအစားပါပဲလို့ သူစားပွဲဘေးထိုင်ရင်းတွေးမိသည်။ အေးစက်နေတဲ့ အစား အစာတွေကိုစားပြီး အေးစက်နေတဲ့ အလုပ်ဝတ်အင်္ကျီကိုဝတ်ဆင်ပြီး မနေ့ကအတိုင်းပဲ အလုပ်ခွင်ထဲ အေးစက်စွာပြန်ဝင်ရပေလိမ့်မည်။ သူ့ဘဝသည် အဆင်မပြေမှုများနှင့်သာ အမြဲတမ်းဖက်လှဲတကင်းလွန်းလှသည်ဟု တွေးမိတဲ့အခါတိုင်း ကျွန်ပိုင်ရှင်ခေတ်ရဲ့ပုံရိပ်များကိုသာ သူမြင်ယောင်မိနေသည်။ လူကိုလူခြင်း အဖိနှိပ်ခံရခြင်းသည် ငွေမရှိသူများရဲ့သမိုင်းပေး တာဝန်လား။ သူ့အတွေးတို့ ဟိုဒီပြန့်ကြဲလို့ ဆယ့်သုံးနှစ်သားဘဝက ပန်းရံအလုပ်သမားဘဝဆီရောက်သွားသည်။ မြေကျင်း တူခဲ့ရတဲ့ဘဝကိုရောက်သွားသည်။ ကြံရည်တွန်းလှည်းနောက်က ကြံချောင်းတွေကို ကြိတ်စက်နဲ့လှည့်ကြိတ်နေတဲ့ဘဝကိုရောက်သွားသည်။ အရက်ဆိုင်က စားပွဲထိုးဘဝ၊ ကားဝပ်ရှော့တခုရဲ့ပညာသင်ဘဝ၊ လက်ဖက်ရည်ဆိုင်က စားပွဲထိုးဘဝ၊ ကုန်စုံဆိုင်က အရောင်းစာရေးဘဝ၊ ကျောက်ခွေလောင်းနေတဲ့ဘဝ၊ စာအုပ်အငှားဆိုင်ကလေးဖွင့်ခဲ့တဲ့ဘဝ၊ အခု ဘဝအချိုး အကွေ့အဖြစ်မြို့ကြီးတမြို့မှာ ဘဝကိုပစ်တင်ထားရပြန်ပြီ။
အလုပ် တွေသာ ပြောင်းလဲသွားခဲ့သည် သူ့ဘဝကတော့ ကျောက်ချထားတဲ့သဘောင်္လိုပဲဟု မကြာခဏသူတွေးမိသည်။ အပျော်တမ်းလက္ခဏာကြည့်တတ်တဲ့မိတ်ဆွေတစ်ယောက်က မင်းဟာ အမြဲတမ်းရုန်းကန်နေရမယ်တဲ့။ တုန်လှုပ်ခဲ့ကြောင်း ကို သူဝန်ခံရဲပါသည်။ သူသည် စိတ်ထိခိုက်လွယ်ပြီး၊ ဆုံးဖြတ်ချက် မပြတ်သားသူဖြစ်ကြောင်းလည်း သူ့ကိုယ်သူ တံဆိပ်ကပ်ခဲ့ပြီးဖြစ်သည်။ သူဟာ ဘဝမှာ တကြိမ်တခါလောက်တော့ အကောင်းဆုံးမိုက်မဲကြည့်ချင်ခဲ့ဖူးသည်။ သူ့ကိုယ်သူ မြင်ယောင်ကြည့်လိုက်တိုင်း ကျာပွတ်အောက်ကမြင်းတကောင်ကို တွေ့ရသည်။ တခါတရံ တယောက်တည်း ငိုတတ်တဲ့အကျင့် ကို သူမုန်းသည်။ အခုတော့ မျက်ရည်မကျတာကြာပြီလို့ သူသတိရမိ၏။
ငယ်ငယ်ကတည်း ပင်လယ်ကိုမမြင်ဘူးခဲ့ပေမယ့် လှိုင်းကိုတော့ မကြာခဏ ခံစားခဲ့ရသူလို့လည်း ဒိုင်ယာရီထဲရေးမှတ်ခဲ့ဖူး သည်။ ဘဝကို အလိုနည်းစွာတည်ဆောက်သူ၊ အဖြူစင်ဆုံးရှင်သန်သူ၊ အရဲရင့်ဆုံးတော်လှန်သူတွေအားလုံးကို သူလေးစား အားကျခဲ့ပေမယ့် လှုပ်ရမ်းနေတဲ့ရေအိုးဟောင်းတခုလို မိုက်မဲလိုက်၊ လိမ္မာလိုက်၊ ရိုင်းစိုင်းလိုက်၊ ယဉ်ကျေးလိုက်နဲ့ အနည်မထိုင်ခဲ့မှန်းလည်း သူသိခဲ့ရသည်။ သူ့အမေက သူ့ကိုစိတ်မချဘူး။ သူ့အဖေက သူ့ကို အားမရဘူး။ အားနာခြင်း၊ နှုတ်မရဲခြင်း၊ ယုံကြည်လွယ်ခြင်းဟာ သူ့ရဲ့အဓိကအားနည်းချက်ဆိုတာ အသက်အရွယ်အရ သူနည်းနည်းရိပ်မိလာပြီဖြစ်သည်။
ဘဝမှာငွေထက်အရေးကြီးတာ တွေအများကြီးလို့ ခပ်တည်တည်ရယ်သွမ်းသွေးခဲ့ဖူးပေမယ့် ငွေစကြေးစတွေအတွက် သူ့ခံ စားချက်ကို အကြိမ်ကြိမ်စတေးခဲ့ရသူ။ နောင်တဟာ သူ့ရဲ့မိတ်ဆွေငြီးငွေ့မှုက သူ့ကဗျာ၊ မအောင်မြင်မှုဟာ သူ့သူငယ်ချင်း၊ ဒုက္ခဟာ သူရဲ့စိတ်ဆိုးတတ်တဲ့ချစ်သူဖြစ်၏။ သူ့ဘဝသူအားမရတိုင်း နံရံကိုလက်သီးနဲ့ထိုး၊ ချစ်သူနဲ့ အကြိမ်ကြိမ် ရန်ဖြစ်။ပျော်ရွှင်မှုတွေဟာ တဖြည်းဖြည်းချင်း သူ့ကိုစွန့်ခွာသွားကြတော့သည်။
အိပ်မက်အကြီးကြီးတွေနဲ့ သူဟာ ကမ္ဘာကျော်ချင်ခဲ့ဖူးသည်။ ပိုက်ဆံများများ ကိုင်ဖူးချင်ခဲ့သည်။ ကားတစီးလောက်အော်ဒါငှားပြီး မြို့ကို တပတ်တိတိ ပတ်ချင်ခဲ့ဖူးသည်။ ပိုက်ဆံလာချေးသည့်မိတ်ဆွေတွေကို မငြီးမငြူထုတ်ချေးချင်ခဲ့သည်။ သူ့ အဖေနဲ့အမေကို ဘုရားဖူးပို့ချင်ခဲ့ဖူးသည်။ အိပ်မက်တွေဟာ အပြင်လောကမှာ မပွင့်မှန်းသူသိခဲ့ရတယ်။ အဆင်ပြေမှုဟာ သူနဲ့အမျိုးမတော်မှန်း သိခဲ့ရတယ်။ မြို့ထဲကိုလမ်းလျှောက်တိုင်း ဟန်ဆောင်ရင်ကော့ထားလေ့ရှိတဲ့သူဟာ သောကတွေနဲ့ တနှစ်ထက် တနှစ် အရပ်ပုပုလာတယ်လို့ ခံစားရတာကြာပြီ။
ကံကံရဲ့အကျိုးကိုယုံကြည်သက် ဝင်ပေမယ့် သူ့အဖြစ်အပျက်တွေအရ အကောင်းမြင်ဝါဒနဲ့ အဆက်အဆံမလုပ်ဖြစ်တော့ တာ လေးနှစ်တိတိရှိပြီဖြစ်သည်။ သူ့အတွက် မနက်ဖြန်ဆိုတာ သေဆုံးဖို့အတွက် ပွင့်လာတဲ့ပန်းဖြစ်ပြီး၊ ပစ္စုပ္ပန်ဟာ အဆင်မပြေမှုရဲ့ မြေဆီမြေနှစ်ဖြစ်သည်။ နာကျင်ဖွယ်အတိတ်ကိုတော့ လက်ရှိမပျော်ရွှင်မှုများနှင့် ဖုံးအုပ်ထားလိုက်သည်။ နေရောင်ခြည်ဟာ မိစ္ဆာတွေရဲ့ရန်သူဖြစ်သလို အကောင်ဆုံးဆိုတဲ့အရာတွေဟာ သူနဲ့မသက်ဆိုင်ကြပါ။ လမ်းများသည် သူ၏ မိတ်ဆွေဖြစ်ပြီး။၊ ရော့ခ်သီချင်းများသူ၏ တရားဓမ္မဖြစ်သည်။ သူသည် ခါးသက်သော နေ့ရက်များကို အရွယ်နဲ့မမျှအောင်ရရှိခဲ့ခြင်းကြောင့် ငွေကြေးများရန်အတွက် ဉာဏ်ပညာနုံနဲ့ရခြင်းများလားဟုလည်း မကြာခဏတွေးတတ်၏။
ကောင်းကင်ပြာကြီးအောက် သာမညအစက်အပျောက်ကလေးမှန်း သူ့ဖြစ်တည်မှုကို သူသိသည်။ နေလောင်နေတဲ့သစ်ရွက်တွေရဲ့ ထူးမခြားနား အဆွေးသီချင်းမှာ သူဟာလည်း အပါအဝင်ဖြစ်ကြောင်း သူသိ၏။ သူ၏သိခြင်းဟာ သူ့ရင်ဘတ်ကို ထိုးအောင့်စေတဲ့ဆူးဖြစ်မှန်းကိုလည်း သူသိခဲ့တာ နှစ်လတိတိရှိခဲ့ပြီလည်းဖြစ်သည်။ ကျီးကန်းတို့၏ အုပ်စုဖွဲ့အော်သံတွေမှာ သူ့အတွေးတို့ ပြတ်တောက်သွားခဲ့ပြီး အလုပ်သွားရန် သူပြင်ဆင်ပြီးထွက်လာသည်။ မြို့ကြီးသည်နေရောင်တွေအောက်မှာ မည်းမှောင်နေသည်ကို သူမြင်တွေ့လိုက်ရတော့ နာကျင်စွာရယ်မောရင်း ဒုန်းစိုင်းပြေးဝင်သွားတာဟာ သူ့ကိုနောက်ဆုံးမြင်တွေ့လိုက်ရခြင်းပဲဖြစ်သည်။ ။
လင်းသက်ငြိမ်