သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင်(မုံရွာ) – မြန်မာနိုင်ငံရဲ့ အခွန် (သို့မဟုတ်) အခွံ

 ဇော်အောင်(မုံရွာ) – မြန်မာနိုင်ငံရဲ့ အခွန် (သို့မဟုတ်) အခွံ

(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၆
ကမ္ဘာ့ အင်တာနေရှင်နယ်ထရန်စပါရေစီ International Transparency (www.transparency.org) အဖွဲ့ကြီးက မြန်မာနိုင်ငံကို အဂတိလိုက်စားမှု အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ အဆိုးဆုံးအဆင့် အမှတ် ၁၄% ကနေ ၂၁% အထိ တိုးတက်လာစေခဲ့ပါတယ်။ အကောင်းဆုံးနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ နယူးဇီလန်၊ ဖင်လန်၊ ဆွီဒင် တွေကတော့ ၉၀%လောက် အမှတ်ရပြီး အာရှမှာ အကောင်းဆုံးစင်ကာပူနိုင်ငံကတော့ ၈၇%် အမှတ်ရပါတယ်။ Corruption Index လို့ခေါ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများမှာ အဂတိအနည်းဆုံးအဖြစ် စင်ကာပူ (၈၇%)၊ မလေးရှား (၅၂%)၊ ထိုင်း (၃၈%)၊ ဖိလစ်ပိုင် (၃၈%)၊ အင်ဒိုနီးရှား (၃၄%)၊ ဗီယက်နမ် (၃၁%)၊ လာအို (၂၅%)၊ ကမ္ဘောဒီးယား (၂၁%)၊ မြန်မာ (၂၁%) တို့ဖြစ်ပါတယ်။ နိုင်ငံကြီးများကိုလေ့လာရင် ဂျာမဏီ (၇၉%)၊ ဂျပန်(၇၆%)၊ အမေရိကန် (၇၄%)၊ တောင်ကိုးရီးယား (၅၅%)၊ တရုပ် (၃၈%)၊ အိန္နိယ (၃၈%)၊ ရုရှား (၂၇%) စသဖြင့် အမှတ်ရပါတယ်။ အနိုမ့်ဆုံးနိုင်ငံများကတော့ အာဖရိကတိုက်က ဆင်းရဲမွဲတေလှတဲ့နိုင်ငံများဖြစ်ပြီး၊ လွန်ခဲ့တဲ့၅နှစ်က မြန်မာပြည်အစိုးရကို လာဘ်စားမှုအဆိုးဝါးဆုံး အာဖရိကနိုင်ငံများနဲ့တန်းတူသတ်မှတ်ခံခဲ့ရပါတယ်။ အခုတော့ နည်းနည်းလေး တိုးတက်လာပါတယ်။

မြန်မာနိုင်ငံကို လူတွေအမြင်မှာတော့ တိုးတက်မှုမရှိဘူး ဆိုပေမဲ့ နိုင်ငံကူးလက်မှတ်၊ နိုင်ငံခြားသွားဖို့လေယဉ်လက်မှတ်၊ လေဆိပ်အကောက်ခွန်ဌာန၊ လေဆိပ် လ.ဝ.က နေရာများမှာတော့ ထူးခြားစွာတိုးတက်လာခဲ့ပါတယ်။ တနည်းအားဖြင့် ပညာတတ်နဲ့စီးပွားရေးလောကမှာတော့ လုပ်တတ်ကိုင်တတ်သူများအတွက် ပွင့်လင်းမှု၊ အဂတိလိုက်စားမှုနည်းပါးလာပါတယ်။

နိုင်ငံတခုတိုးတက်မှု အဆင့်တန်းသတ်မှတ်ခြင်း
အကြမ်းဖျင်းရေးရင် အစိုးရကောင်းမကောင်းကို
(၁) အခွန်ဘယ်လောက် ရာနှုန်း စနစ်တကျ ကောက်နိုင်သလဲ
(၂) ကောက်ရတဲ့အခွန်တွေကို ဘယ်လိုစနစ်တကျသုံးစွဲသလဲ (နိုင်ငံရဲ့ဘတ်ဂျတ်နဲ့တစ်ဦးချင်းဝင်ငွေ)

ဒီနှစ်ချက်အပေါ် မူတည်ပြိး သတ်မှတ်ပါတယ်။

အခွန်ကောက်ခြင်း ဆိုတာ အစိုးရကောင်း မကောင်းဆုံးဖြတ်တဲ့နေရာဖြစ်ပါတယ်။ အစိုးရကောင်းများကတော့ အခွန်ရှောင်လို့မရအောင် ကွန်ပြူတာစနစ်နဲ့ အခွန်ကောက်ပါတယ်။ မြန်မာနိုင်ငံကတော့ အဂတိအများဆုံးနိုင်ငံ ဖြစ်နေဆဲမို့လို့ အခွန်ရှောင်သူ အများဆုံးအဆင့်မှာရှိနေပါတယ်။ တနည်းအားဖြင့်ဆိုရင် မသမာစီးပွားရေးလုပ်ချင်ရင် မြန်မာပြည်မှာလာလုပ်တာ အကောင်းဆုံးမို့လို့၊ ဝိသမစီးပွားရေးကုမ္ပဏီများ အထူးသဖြင့် သယံဇာတ ထုတ်ရောင်းတဲ့ကုမ္မဏီများအတွက် မြန်မာပြည်အစိုးရက ကောင်းမွန်စွာကြိုဆိုခဲ့ပါတယ်။ Tax Data (Myanmar is the best to escape tax , corrupted country) ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ အခွန်ကောက်မှုမျိုး ကွန်ပြူတာ၊ စာရင်း၊ အလွန်အားနည်းတော့ အခွန်မကောက်နိုင်၊ မကောက်နိုင်တော့ အခွန်ရှောင်နိုင်သူ အလွန်ပေါတဲ့နိုင်ငံဖြစ်ပါတယ်။ အခွန်ရှောင်ကုမ္ပဏီကြီးများကို စစ်ဆေးတဲ့၊ မြန်မာအစိုးရစာရင်းစစ်ဌာနမှာ အာဏာမရှိတဲ့ ဖြစ်နေပါတယ်။ နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ရင်ကြားစေ့စပ်မလဲဆိုတာပဲ စိတ်ဝင်စားစရာကောင်းပါတယ်။

တိုးတက်တဲ့ ကမ္ဘာ့နိုင်ငံများက စီးပွားရေးအချက်အလက်များကို စနစ်တကျတွက်ချက်ကြပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ကမ္ဘာ့ဘဏ်၊ ဥပရောပဘုံဈေးအဖွဲရရဲ့ အိုင်အမ်အက်၊ ဂျပန်နိုင်ငံရဲ့ ဂျိုက်ကာ စတဲ့အဖွဲ့များ၊ ကမ္ဘာ့ကုလသမဂ္ဂ ရဲ့အချက်အလက်များ (unstats.un.org) နဲ့ အလားတူအဖွဲ့အစည်းများစွာရှိပါတယ်။ အခွန်ကောက်နည်း (၄)မျိုး 1. Personal Income Tax Rate 2. Sales Tax Rate 3. Corporate Tax Rate 4. Social Security Rate တို့ကို ကမ္ဘာ့နိုင်ငံများကုန်သွယ်မှုစီးပွားရေးအချက်လက်များ www.tradingeconomics.com ဝက်ဆိုဒ်မှာ လေ့လာကြည့်ပါတယ်။

Tax Data  (Myanmar is the best to escape tax ,  corrupted country)

Taxes Myanmar Vietnam Thailand China Singapore USA Japan Germany
Personal Income Tax Rate 20 22 20 25 17 39 33.06 29.65
Sales Tax Rate 30 35 35 45 20 39.6 50.84 47.5
Corporate Tax Rate 25 10 7 17 7 0 8 19
Social Security Rate 26 10 48 37 21.3 29.25 39.46
Social Security Rate For Companies 18 5 37 17 13.65 15.02 19.28
Social Security Rate For Employees 8 5 11 20 7.65 14.22 20.18

Ref: http://www.tradingeconomics.com/united-states/indicators

ဒီဇယားကို လေ့လာကြည့်ရင် တရုပ်ပြည်ကြီးး ဘာကြောင့်လျင်မြန်စွာ တိုးတက်လာရသလဲဆိုတာ မြင်နိုင်ပါတယ်။ အခွန်အကောက်ကို အမေရိကန်ထက်သာအောင် ကောက်နိုင်ခြင်း၊ တအိမ်ထောင်ကလေးတစ်ယောက်မူဝါဒ (ယခု နှစ်ယောက်ဖြစ်သွားပြီ)၊ ကွန်မြူနစ်အာဏာနဲ့အမျိုးသားရေးဝါဒကို ကောင်းမွန်စွာအသုံးချနိုင်ခြင်း စံနမူနာဖြစ်ပါတယ်။

အခွန်ဆောင်ခြင်းနဲ့ အခွန်ရှောင်ခြင်း
အမေရိကန်မှာနေတော့ အခွန်ရှောင်ဖို့မလွယ်ပါဘူး။ ဒါပေမဲ့ ၁၀၀% အဂတိကင်းတဲ့နိုင်ငံမရှိပါဘူး။ အခွန်ရှောင်ဖို့မလွယ်ဆုံးနိုင်ငံများကတော့ စကင်ဒေနေဗီးယားနိုင်ငံများ ဖြစ်ပါတယ်။ စင်ကာပူ (၈၇%)၊ အမေရိကန် (၇၄%)၊ ဗီယက်နမ် (၃၁%) နဲ့ မြန်မာ (၂၁%)၊ ဒီ (၄)နိုင်ငံကိုပဲ လေ့လာသုံးသပ်ကြည့်ရင်တော့ ရာခိုင်နှုန်းမြင့်တဲ့နိုင်ငံက ပိုပြိးတိုးတက်တယ်၊ အထူးသဖြင့် စားဝတ်နေရေးမှာ အဆင်ပြေတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ စင်ကာပူ၊ အမေရိကန်မှာ တရက်လုပ်အားခ ဒေါ်လာ ၁၀၀ ရရင် စားစရိတ်က ဒေါ်လာ ၂၀လောက်ပဲကုန်ကျပါတယ်။ ဒါပေမဲ့ မြန်မာ၊ ဗီယက်နမ်မှာတော့ အနည်းဆုံးလုပ်ခက တရက် ၅ဒေါ်လာလောက်ပဲရပြီး လူတစ်ယောက်စားစရိတ်ကလဲ (ဆိုင်မှာဝယ်စားရင်) တရက် ၅ဒေါ်လာလောက် ကျသင့်နေပါတယ်။ ဆင်းရဲတဲ့နိုင်ငံများမှာ စားစရိတ်က ဝန်ထုတ်ကြီးဖြစ်နေပြီး အခွန် (လူခွန်၊ ရေခွန်၊ မီးခွန်) နည်းပါးပါတယ်။ တိုးတက်တဲ့နိုင်ငံများကတော့ စားစရိတ်က အေးအေးဆေးဆေး ဖြစ်ပေမဲ့ အခွန်အတုတ်တွေ ရှောင်မရအောင် အကုန်ကျများသလို၊ အပြင်ခြေတလှမ်းထွက်လိုက်တိုင်း ငွေဒလဟော ကုန်တတ်ပါတယ်။

နိဂုံး

အခွန်စနစ်တကျ ကောက်ခံနိုင်ရင် တိုင်းပြည်ဝင်ငွေ တိုးတက်ပါတယ်။ ဒါပေမဲ့ ကောက်ရတဲ့အခွန်တွေကို စနစ်တကျသုံးစွဲတတ်မှ တိုင်းပြည်လူနေမှုအဆင့် တိုးတက်ပါမယ်။ မြန်မာနိုင်ငံအဖို့ စံနမူနာယူဖို့ ဟိုးအဝေးကြီး ဂျပန်၊ ဂျာမဏီတွေကို လှမ်းကြည့်နေစရာမလိုပါဘူး။ ဆီနဲ့ရေ ကွာခြားတဲ့နိုင်ငံများ ဖြစ်ပါတယ်။ အနီးကပ် စင်ကာပူနိုင်ငံလေးကို နမူနာယူပြီး၊ လက်ရှိပြုပြင်ပြောင်းလဲနေတဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ကို စံနမူနာယူရမှာဖြစ်ပါတယ်။
လက်တွေ့အနေနဲ့တော့ မြန်မာအစိုးရကို လွှမ်းမိုးနေတာတော့ တရုပ်နိုင်ငံ (ယူနန်ပြည်နယ်)ပဲဖြစ်ပါတယ်။ ယူနန်ပြည်နယ်ဟာ တရုပ်ပြည်မှာ တိုးတက်မှုအနည်းဆုံးပြည်နယ် ဖြစ်ပေမဲ့ မြန်မာနဲ့ဗီယက်နမ် နှစ်နိုင်ငံနယ်စပ်ထိတွေ့နေပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ ယူနန်တရုပ်နယ်စပ်စီးပွားရေးမှာ လွှမ်းမိုးမှုမခံရအောင် ကြိုးစားနေတာတွေ မြန်မာအစိုးရကလည်း နမူနာယူနေပါတယ်။ မြန်မာအစိုးရ စံနမူနာယူနေရတဲ့ နောက်ထပ်နိုင်ငံကတော့ တောင်ကိုးရီးယားနိုင်ငံဖြစ်ပါတယ်။ခြုံကြည့်လိုက်ရင် သမ္မတဦးသိန်းစိန်အစိုးရ (အကောင်းဆုံး) လုပ်သွားပေမဲ့ ဆင်းရဲမွဲတေမှု ၈၀% လူထုကြီးကတော့ ပိုဆိုးဝါးသွားပါတယ်။ ဒါပေမဲ့ လူထုကတော့ ခံနိုင်နေရှာပါတယ်။ အကျိုးခံစားမှုရသူများကတော့ ပညာတတ်များနဲ့ စီးပွားရေးလာဘ်မြင်သူများ ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီအစိုးရ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရသစ်ဖြစ်လာပါတော့မယ်။ ထူခြားတဲ့ဖြစ်ရပ်ပါပဲ။ မြန်မာပြည်မှာနေထိုင်ရင်း ၁၂လ ရာသီ ပွဲတော်များနဲ့ ပျော်ပျော်နေတတ်၊ ပျော်ပျော် ဆင်းရဲမွဲတေနေတဲ့ မြန်မာပြည်ကြီး ကံကောင်းလာပြီလို့သုံးသပ်မိပါတယ်။

Reference:
အခွန်ရှောင်ခြင်း http://moemaka.com/archives/43994
ကုန်သွယ်စီးပွားအချက်လက်များ www.tradingeconomics.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts