စာအုပ်စင်

ချင်း – ပါလက အဖွဲ့ စီစဉ်သော (မေးဖြေ ကောင်းလှ မြတ်ဓမ္မ) ၃ ဘာသာ စာအုပ် ထွက်ပြီ

ချင်း – ပါလက အဖွဲ့ စီစဉ်သော (မေးဖြေ ကောင်းလှ မြတ်ဓမ္မ) ၃ ဘာသာ စာအုပ် ထွက်ပြီ
SK ရှန်လိန်း ၊ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၁၁၊ ၂၀၁၆

ချင်း-ဗုဒ္ဓသာသန ပါလကအဖွဲ့၊ ဘာသာပြန် ဓမ္မစာပေပြန့်ပွါးရေးကော်မတီက ပထမခြေလှမ်းအဖြစ် ၂၀၁၃ ခုနှစ်တွင် ချိုချင်း ၊မြန်မာ၊ အင်္ဂလိပ် ၃-ဘာသာဖြင့် ဓမ္မပဒ စာအုပ်ကို စီစဉ်ခဲ့ပါသည်။ ယခုအခါ ဒုတယခြေလှမ်းအဖြစ်  ချိုချင်းဘာသာ၊ မြန်မာ၊ အင်္ဂလိပ် ၃-ဘာသာဖြင့် (မေးဖြေ ကောင်းလှ မြတ်ဓမ္မ) စာအုပ် ပေါ်ထွက်လာခဲ့ပြန်ပါပြီ။  ချိုချင်း ဟူသည်မှာ အဓိကအားဖြင့် မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များတွင် နေထိုင်သော ချင်းမျိုးနွယ်စုများ ဖြစ်ပါသည်။

ယခုစာအုပ်ကို အင်္ဂလိပ်လို မူရင်းရေးသူမှာ သြစတြေးလျရဟန်းတော် အရှင် အက်စ်ဓမ္မိက ဖြစ်သည်။ မြန်မာဘာသာသို့ ပြန်ဆိုသူမှာ အရှင်နေမိန္ဒဖြစ်သည်။ ချိုချင်းဘာသာသို့ ပြန်ဆိုသူမှာ ဆရာဦးခေါဂေလိန်းဖြစ်သည်။  ချိုချင်း ဘာသာပြန်ဆို ထုတ်ဝေရန် စင်္ကာပူနိုင်ငံ၊ ဗုဒ္ဓ ဓမ္မ မန္တလအဖွဲ့ ဥက္ကဌ မစ္စတာတန်နှင့် မသီသီခိုင်တို့က မ တည်လှုဒါန်းခဲ့ကြကြောင်း၊  ချိုချင်းဘာသာ တစ်မျိုးတည်းဖြင့် ပြန်ဆိုထုတ်ဝေခြင်းထက် ၃-ဘာသာ ထုတ်ဝေခြင်းက ပိုမိုကျယ်ပြန့်ထိရောက်မည်ဟု ယူဆကြကြောင်း၊အပြန်အလှန် ဆက်စပ်လေ့လာလိုသူများ အတွက် အသုံးဝင်မည်ဖြစ်ကြောင်း၊ အုပ်ရေ ၅၀၀၀ ထိ ထုတ်ဝေလိုကြောင်း ၊ ထို့ကြောင့် နောက်ထပ်အလှုငွေများ စောင့်ဆိုင်းခဲ့ကြကြောင်း၊  ချိုချင်းဘာသာ ပြန်ရာတွင်လည်း ပိုမိုသန့်ရှင်း ပြည့်စုံစေရန် အချိန်ပေး ဆောင်ရွက်ခဲ့ကြရကြောင်း၊ ထို့ကြောင့် စာအုပ်ကို ၂၀၁၄ နိုဝင်ဘာလတွင်ထုတ်ဝေရန် မူလက ရည်ရွယ်ခဲ့သော်လည်း ၂၀၁၅ နှစ်ကုန်ပိုင်းတွင်သာ ထုတ်ဝေနိုင်ခဲ့ကြောင်း ချင်း-ပါလက အဖွဲ့က ဖေါ်ပြသည်။

၁၉၈၇ ခုနှစ် သြဂုတ်လတွင် စင်ကာပူနိုင်ငံရှိ NUS မှ ကျောင်းသားတစုသည် ဗုဒ္ဓဘာသာဆိုင်ရာ မေးခွန်းများ ယူဆောင်ကာ အရှင် အက်စ်ဓမ္မိကထံ ရောက်လာခဲ့ကြသည်။ အဖြေများကို စာအုပ်ထုတ်ဝေပြီး အခမဲ့ ဖြန့်ဝေခဲ့ကြရာမှ တစတစ ကျယ်ပြန့်လာကာ အကြိမ်ကြိမ် ထုတ်ဝေခဲ့ရသည်။ ဘာသာစာပေ ပေါင်း ၃၅ ခုထက်မနည်း ပြန်ဆို ထုတ်ဝေခဲ့ရသည်။ အုပ်ရေပေါင်း သန်းဂဏန်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ ထိုစာအုပ် စတင်ထုတ်ဝေသော နှစ်မှ စပြီး ရေတွက်လျင် နှစ် ၃၀ ပြည့်သော ၂၀၁၇ တွင် ဘာသာစာပေ ၅၀ ထိ ပြန်ဆိုပြီးစီးရန် နှင့် အုပ်ရေ ပိုမို များပြားစွာ ထုတ်ဝေနိုင်ရန်ရည်မှန်းချက်ထားရှိခြင်းတို့သည် GQGA စီမံကိန်းပင် ဖြစ်သည်။ ထိုရည်မှန်းချက်ကို ဖြည့်ဆည်းသော လုပ်ရပ်တစ်ခုမှာ ယခု စာအုပ်ပင် ဖြစ်သည်။

ယခုစာအုပ်ကို ပရိယတ္တိစာသင်တိုက်များ၊ စာကြည့်တိုက်များ ၊ စာရေးဆရာများ၊ ဗုဒ္ဓစာပေကို အင်္ဂလိပ်လို ဖတ်ရှုလိုသူများ၊ စာပေသုတေသီများ ၊ အထူးသဖြင့်  ချိုချင်းစာပေ သင်ကြားပေးနေသော သင်တန်းများ၊စာသင်ကျောင်းများ၊ သာသနာပြုအဖွဲ့အစည်းများအား ဦးစားပေး လှုဒါန်းလျက်ရှိကြောင်း၊ Viber နှင်. Phone 0930004974 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဦးဆလိုင်းရွှေလင်း (မှတ်ပုံတင် အမှတ် ၀၀၆၇၀ )၊ သုဒန္တစာပေ၊ အမှတ် ၃၁ ၊ ၆-လွှာ၊ နှင်းဆီကုန်းလမ်း၊ အလုံ၊ရန်ကုန်က ထုတ်ဝေသည်။ ဦးအောင်ကျော်ထူး၊ (မှတ်ပုံတင် အမှတ် ၁၂၇၀၂ )၊ မြတ်ပန်းရဂုံ ပုံနှိပ်တိုက်၊ အမှတ် ၁၇ ၊ ရန်ပြေ ၁၀ လမ်း၊ ၃-ရပ်ကွက်၊ သာကေတ၊ ရန်ကုန်က အဖုံးနှင့် အတွင်းစာသားများကို ပုံနှိပ်သည်။

၂၀၁၆ ဇန်နဝါရီလတွင် ပထမအကြိမ် အဖြစ် အုပ်ရေ ၅၀၀၀ ထုတ်သည်။

စာအုပ်ကို Online မှ အခမဲ့ဖတ်ရှုလိုသူများသည် www.moemaka.blogspot.com နှင်.

www.moemaka.com  တို့တွင် PDF ဖိုင်ကို download လုပ်ကာ ဖတ်ရှုနိင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts