ဝေဖန်ရေးရာ

သွန်းခ – အမှန်တကယ်ပြောင်းလဲတယ်ဆိုတာ

Yan Naung (Botahtaung)

သွန်းခ – အမှန်တကယ်ပြောင်းလဲတယ်ဆိုတာ
(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၆

လူတိုင်းလောက်နီးနီး ပြောပြောနေကြတာ ကြားနိုင်သလို ဆရာသမားတွေရဲ့ အရေးအသားတွေ မှာလည်း ဖတ်ကြရပါလိမ့်မယ်။ အပြောင်းအလဲတို့၊ ပြောင်းလဲချိန်တန်ပြီတို့။ သွန်းခ အမြင်ရေးရတော့ ရွေးကောက်ပွဲ မတိုင်ခင်အချိန်ကထက် ရွေးကောက်ပွဲလွန်ကာလတွေမှာ ပိုပြီးစည်းကမ်းမဲ့လာကြသလိုပါပဲလား။

ဘတ်စ်ကားတွေ ပိုအမောင်းကြမ်းလာတယ်။ ယာဉ်နောက်လိုက်တွေ ပိုရိုင်းစိုင်းလာကြပါတယ်။ ပိုပြီးစည်း ကမ်းပျက်လာကြပါတယ်။ ကားခ ပိုတောင်းကြတာတော့ ၅ဝ ကျပ်တန် ခရီးတိုဆိုတာ မရှိတာသာကြည့်ပေ ရော့။ ကားကွက်ဆွဲတယ်၊ ကားကွက်ပျောက်တယ်၊ ကားကွက်ဖော်လိုက်မယ် (အဲဒါ လိုင်းကား သမားအပြော တွေ) နဲ့ တစ်နေ့တစ်နေ့ သူတို့ချင်း သူတို့ချင်း လုမောင်းကြတာ အရေးမကြီးဘူး။ ခရီးသည်တိုင်းတော့ ဘုရား တ စီးနေကြရရော။

ယာဉ်မောင်းက ထွေးလိုက်၊ ယာဉ်နောက်လိုက်က ထွေးလိုက်၊ မှတ်တိုင်နားရင်း ပလုတ်ကျင်းတယ်။ ထွေး ချလိုက်တယ်။ နောက်ထပ် ကွမ်းထပ်ဝါးတယ်။ မပြီးနိုင်တဲ့ ကွမ်းတံတွေးသံသရာ တစ်လမ်းလုံး။

လမ်းမှာ ဆိုက်ကား တွေနဲ့ ငြိမယ်၊ ပြုမယ်နော်။ ဘာပြော မှတ်တုန်း။ ” အမေ့သားတွေ ဆိုပြီး လူပါးမဝနဲ့၊ တိုက်ပစ်လိုက်မယ်” ဆိုပါလား။ အဲဒါ အပြောင်းအလဲ တဲ့လား။

ဘတ်စ်ကား တွေချည်းမဟုတ်ပါဘူး။ သွန်းခ ကပဲ မယုံမကြည် လိုက်ကြည့်နေတယ် ဖြစ်ဦးမယ်။ လူတချို့  ဟာတစ်စုံတစ်ခု ကို မျှော်ပြီး၊ အားကိုးပြီး လှုပ်ရှား နေကြတယ် လို့မြင်မိပါတယ်။ စည်းနဲ့ကမ်းနဲ့ မဟုတ်ဖူး နော်။ စည်းပျက် ကမ်းပျက်ကြီးမျှော်နေကြတဲ့ပုံ။

အမှိုက်ကောက်တဲ့လူတွေက လိုက်ကောက်၊ ပစ်တဲ့လူက ပစ်။ အမှိုက်ပုံး ထားတဲ့စနစ် ကလည်း နဂိုကမှ အားနည်း၊ စုတ်ချာ နေတော့ ပုံးထဲလည်းမထည့်ချင်။ ထည့်ဖို့ အဖုံးဖွင့်ဖို့ရာ လက်ကိုင်ကိုက ပေတူးစုတ်ပြတ်နေ မှတော့ သူသူကိုယ်ကိုယ် အဲဒီအဖုံးကို ကိုင် ဖွင့်ချင်ပါဦးမလား။

အဲဒီတော့ လွယ်တဲ့နေရာ၊ လစ်တဲ့နေရာ “ဘတ်” ခနဲ၊ “ဖုတ်ခနဲ” ပစ်သွားကြရော။ ကြီးကြီးကျယ်ကျယ် ပြောတယ်ထင်ရင်လည်း ထင်ပါခင်ဗျ။ တွေ့ခဲ့တာလေးတွေနဲ့တော့ နှိုင်းချင်ပါတယ်။ စင်္ကာပူ၊ ထိုင်း (ရောက်ခဲ့ ဖူးတဲ့နိုင်ငံတွေပါ) တို့မှာ အမှိုက်ကိုပစ်မယ်ဟေ့ လို့စိတ်ထဲပေါ်လာတာနဲ့ ဘေးဘီကြည့်လိုက် အမှိုက်ပုံးက အ သင့်။ လွယ်လင့်တကူ ပစ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ အဲဒါတွေအတုယူကြရမှာ။

မြန်မာပြည်တော့ အမှိုက်ပစ်မယ်လို့ စိတ်ကူးပြီး ဘေးဘီကြည့်လိုက်၊ ခွေးမစင် ပုံကို အရင်တွေ့ပါလိမ့်မယ်။ အဲဒါကို ရှောင်နေရတာကလည်းတစ်မျိုးပါဆို။ ဘယ်သူ့မှာတာဝန်ရှိသလဲ၊ ရှိခဲ့လဲ။ ကလေးမေးတောင် သိပါတယ်လေ။ သူတို့စီစဉ်ပေးကြရမှာ၊သူတို့မှာ ဥပဒေ တွေရှိနေတယ်လေ။ သူတို့အရေးယူကြရမှာ။ အရေး မယူပဲ မျက်ကွယ်ပြုတယ်၊ နားလည်မှုတွေနဲ့ စခဲ့တယ်။ အခုမှ ရှင်းလို့မရတော့တာ လမ်းဘေးဈေးသည်ကိစ္စ။

လိုင်းကြေးကောက်တယ်၊ ရောင်းခိုင်းတာလား၊ ရောင်းခွင့်ပြုတာလား မရေမရာနဲ့ ဖမ်းလိုက်၊ ပြန်ရောင်းခိုင်း လိုက် ။အဲဒီလိုင်းကြေး ဆိုတာကြီး ကဘာလဲ။ တော်တော့်ကိုရှင်းယူရဦးမယ့် အရှုပ်ထုတ် ထဲမှာ အဲဒါလည်း ပါ တယ်ဗျား။

လူထုခေါင်းဆောင်၊ ဒါမှမဟုတ် နောက်အစိုးရသစ်တစ်ရပ် ကိုခပ်ပေါ့ပေါ့ လျှော့တွက်ထားကြတဲ့သူ ခပ်များ များ တွေ့နေကြရပါပြီ။ အခုလက်ရှိ အစိုးရကပဲ အရေးမပါတော့ သလိုလို၊ နောက် အစိုးရသစ် ကမှ အလိုအ                                                                ကြိုက်လိုက်မှာမို့ ထင်တိုင်းကျဲ ခွင့် ရတော့မှာလိုလို တွေးထား၊ မျှော်လင့်ထားကြပုံ တွေမြင်နေရလို့ပါ။

အသံတွေ တိတ်နေကြတဲ့ သူတွေကလည်း အတေး၊ အကောက်ကလေးတွေ နဲ့နော်။ သစ်ပင်ကွေးတာ၊ ကောက်တာ လူမြင်သာတယ်။ လူ့အတွင်းစိတ်ကောက် နေတာ မမြင်နိုင်ဘူး လို့ လူကြီးသူမ တွေ ပြောခဲ့ကြ မဟုတ်လား။

ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး ကောင်းစားဖို့ဆိုတဲ့ အပြောင်းအလဲ ကိုတော့ လူတိုင်းလက်ခံ သင့်တယ် လို့ပဲတိုက်တွန်းချင်တာပါပဲ။ စည်းမဲ့ကမ်းမဲ့ ကနေ စည်းနဲ့ကမ်းနဲ့ နေကြဖို့ဆိုတာ ရုတ်တရက်ကြီး တော့လွယ်မယ် မထင်ဘူးခင်ဗျ။

မော်တော်ကားလမ်းမတွေပေါ်မှာ ကားတွေများလွန်းသလို ရပ်ကွက် တွေထဲမှာလည်း ကားတွေများလာ တော့ လမ်းဘေးဈေးဆိုင်တွေနဲ့ ကားပိုင်ရှင် အသစ်ကလေးတွေ ငြိတိတိ ဖြစ်ရာကနေ ဟိုတိုင်၊ဒီတိုင် တွေဖြစ် ကုန်ရော။

လမ်းဘေးဈေးဆိုင်တွေဆိုပေမယ့် တစ်ချို့ကလည်းခပ်မာမာ တစ်ချို့ကလည်း ပေါင်းတတ်သင်းတတ်တော့ အရပ်ထဲနဲ့ ပြေလည်တဲ့သူတွေ ရှိသလို မပြေလည်တာတွေလည်းရှိတာပေါ့။ သက်ဆိုင်ရာက ဘယ်လိုစိတ်ကူးရ တယ် မသိပါဘူး။ အတင်းကာရော ဖမ်းမယ် လုပ်လိုက်တဲ့ တစ်နေ့ အကြော်ရောင်းပြီးစားသောက် နေကြရတဲ့ မိသားတစ်စု သွန်းခ တို့ ရှေ့မှာတင် မုန့်နှစ်တွေ၊ ဆီတွေ မြောင်းထဲ သွန်ချပြီး ဆိုင်သိမ်း ပြေးကြရပါရောလား။

အဲဒီလို တွေ မြင်ရတော့လည်း မြန်မာလူမျိုးတွေကိုး။ ကရုဏာသက်ကြပြန်တာပေါ့။ တစ်ဖက်ကကြည့် တော့လည်း သူတို့ဆိုင်ခင်း ရောင်းခဲ့တဲ့နေရာလေးဟာ ကားရပ်လို့ကောင်းတဲ့၊ အဆင်ပြေတဲ့နေရာလေး။ အများ ပြည်သူတွေ ပိုင်တဲ့နေရာ။

စားဝတ်နေရေး၊ မပြေလည်ကြတဲ့ လူမှုဘဝတွေ ပြေလည်ရေး အတွက် အစိုးရသစ် ကကြိုးစားတော့ မယ်လို့ မျှော်လင့်ကြတဲ့ အချိန်မှာ ခပ်ချောင်ချောင်၊ ခပ်ပေါ့ပေါ့ နဲ့တော့ ရလိမ့်မယ် မထင်ကြစေချင်ဘူးဗျာ။ လူတိုင်းကိုပြောတာ မဟုတ်ပါဘူး။ ကြိုးစားချင်တဲ့စိတ်ပျောက် နေကြတဲ့ သူတွေကို ထပ်တိုက်တွန်းတာပါ။

အမှားကိုစောင့်ပြီး၊ အားနည်းချက်တွေကို ထောက်ပြီး ကိုယ့်နိုင်ငံသားချင်း ခပ်ပေါပေါ လုပ်ရပ်တွေ၊ စကားလုံးတွေ အပြိုင်အဆိုင် ထုတ်နေကြမယ့်အစား နားလည်မှု ဆိုတာကို နေရာမှန်မှန် အသုံးချလို့ အ မှန်တကယ် ပြောင်းလဲသင့်တဲ့ အပြောင်းအလဲ ကို ရဲရဲ ရင်ဆိုင်ကြပါစို့လို့ နှိုးဆော်ချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “သွန်းခ – အမှန်တကယ်ပြောင်းလဲတယ်ဆိုတာ
  1. လူအားလုံးက အေးအေးဆေးဆေးပါပဲ။ စနေ၊တနင်္ဂနွေဆို အစိုးရဝန်ထမ်းတွေ၊ ဘဏ်တွေလဲပိတ် ဂျိတ် …ကခုန်ပျော်ပါး ငပိရည်နဲ့ထမင်းစား ..မွဲတေနေလဲ ..အပူပန်မရှိအခြေအနေပေါ့ဗျာ…။

Comments are closed.