သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – Old Clothes Project ၊ မြန်မာကျောင်းသားကလေးများ နဲ့ UNICEF နွားနို့

 

ဇော်အောင် (မုံရွာ) – Old Clothes Project ၊ မြန်မာကျောင်းသားကလေးများ နဲ့ UNICEF နွားနို့

(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၆

Old Clothes
လွန်ခဲ့တဲ့ ၁၀နှစ်က စင်ကာပူ ရိုမင်ကာသိုလစ် အသင်းကဦးဆောင်ပြီး Old Cloths Project တစ်ခုမှာ ပါဝင်ခဲ့ဖူးပါတယ်။ စင်ကာပူနိုင်ငံသားများ မဝတ်တော့တဲ့အဝတ်စား စောင် ခေါင်းအုံးများ အလှုခံပြီး ထိုင်းမြန်မာနယ်စပ်က မိန်းမ၊ ကလေးများအတွက် ကွန်တိန်နာသင်္ဘောနဲ့  ပို့ပေးခဲ့ပါတယ်။ အချို့အဝတ်စားများက အသစ်အတိုင်း တံဆိပ်တောင်မခွာသေးတဲ့ အဝတ်တွေ ပါပါတယ်။

အဲဒီတုန်းက မြန်မာပြည်ကို ပို့ဖို့ လုံးဝမဖြစ်နိုင်ပါ။ တခေါက်ကို ကွန်တိန်နာ ၅လုံးလောက် ၃ခေါက်ပို့ပေးချိန် ထိုင်းအစိုးရက သိသွားပြီး အဟောင်းတွေ ထိုင်းနိုင်ငံပို့တာလက်မခံတော့မှ Old Cloth Project ရပ်သွားပါတယ်။

အခုချိန်မှာ ပုသိမ်မြို့ အနီးနားက ရွာတွေ လိုက်ကြည့်တော့ တကယ်ပါပဲ သမ္မတဦးသိန်းစိန်ပြောသလို မိသားစုလုံး တရက် ကျပ်၂၀၀၀ နဲ့ ရပ်တည်နေကြတာ တွေ့ရပါတယ်။ ရန်ကုန်ကလူတွေတော့ တရက် ကျပ်တသောင်းမရင် မိသားစု ပြသနာဖြစ်မှာ ဆိုကြပေမဲ့  ဆင်းရဲမွဲတေလှတဲ့  ရွာများအဖို့ အလုပ်မရှိ ရေခဲချောင်း၊ အချိုရည်၊ ကွမ်းယာ၊ ဓါတ်ဆီပုလင်းရောင်း၊  အုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးမှာ အလုပ်ရဖို့တောင် ခက်ခဲနေကြပါတယ်။

ပုသိမ် အထည်ချုပ်စက်ရုံ ၅ခု ၊ မနက် အလုပ်ဆင်းချိန်၊  လယ်သူမ တဖြစ်လဲ အထည်ချုပ် အလုပ်သမ ၈၀၀၀ အလုပ်ခွင်ဝင်လာတာ တွေ့ရပါတယ်။ ကလေး မရခင်တော့ အထည်ချုပ်လုပ် နိုင်ပေမဲ့ ကလေးအမေ တွေကတော့ အလုပ်လဲမရနိုင်၊ ပင်ပမ်းလို့ မလုပ်နိုင်တာနဲ့ နောက်ဆုံး – ကလေးအကြီးက ကလေးအငယ်ပြန်ထိန်းရင်း ကျောင်းထုတ်ထားခံရတဲ့ ကလေးများကို တွေ့တော့ ရင်နာမိတယ်။ ဒါတွေက ပုသိမ်မြို့ပတ်ဝန်ကျင် ရွာတွေပဲ ရှိသေးတယ်။ ဟိုး … ရခိုင်၊ ချင်းပြည်နယ်တွေဆိုရင် ပိုပြီးရင်လေးစရာပါ။
ဇနီးသည်နဲ့ သမီး နှစ်ယောက် မဝတ်တော့တဲ့ အဝတ်စားဟောင်းများ ပုသိမ်ကျေးရွာများက ဆင်းရဲမွဲတေတဲ့ မိန်မ၊ ကလေးငယ်များ အတွက်တော့ အလွန်တောက်ပြောင် သန့်ပြန့်လွန်းလှပါတယ်။

Old Clothes ကွန်တိန်နာ စင်ကာပူကနေ မြန်မာပြည်ပို့ဖို့ ဘုန်းကြီးကျောင်း၊ ချပ်ကျောင်းများကို ဝေငှပေးဖို့ လုပ်ချင်ပါတယ်။

ထိုင်းနိုင်ငံက စက်ရုံတွေ မြန်မာပြည်အမြန်ဆုံး ဝင်လာ၊ ရင်းနှီးစေဖို့ ခြစားနေတဲ့ မြန်မာအစိုးရဝန်ထမ်းများကို ဒေါ်အောင်ဆန်းစုကြည်၊  NLD နဲ့  စစ်တပ်တို့ ဘယ်လိုဖြေရှင်းကြမလဲ … ဆုတောင်း၊ စောင့်ကြည့်နေပါတယ်။

စားရေးက အခက်ခဲဆုံးပါပဲ။ လစာလည်း တပတ်တခါ ပေးတဲ့ စနစ်ကို ပြောင်းဖို့သင့်နေပါပြီ။ လလယ်လောက်ဆို ပိုက်ဆံပြတ်ပြီလေ။ လခထုတ်တဲ့နေ့ကစပြီး နေ့တိုင်း အသားဟင်းချည်းချက်၊ လလည်လောက်ဆို ငပိနဲ့ပဲ စားတတ်တဲ့ စရိုက်ဆိုးကိုလည်း ပညာပေးရပါမယ်။

ကိုယ်တိုင်ပဲ လက်မဖွာဖို့ လက်ထဲ ပိုက်ဆံနည်းနည်းပဲ ထားဖို့ လေ့ကျင့်နေရတယ်။ ပေးလှုစရာတွေချည်း မြင်တွေ့ နေရပါတယ်။

နွားနို့နဲ့ မြန်မာကလေးငယ်များ၊  UNICEF

တခါက နိုင်ငံတော်သမ္မတ – နွားနို့စက်ရုံလုပ်ဖို့ ဒိန်းမတ်နိုင်ငံအကူညီကို လက်ခံရင်း အားပေး မိန့်ခွန်းပြောတော့ မီဒီယာတလောကလုံး ဝိုင်းလှောင်ပြောင်တာ ခံလိုက်ရပါတယ်။ အရက်တခွက် တန်ဖိုး ကျပ် ၁၀၀ ထက် နွားနို့တစ်ခွက် ကျပ် ၅၀၀ ဖြစ်နေတော့ ဝယ်သောက်ဖို့ အရမ်းခက်ခဲနေပါတယ်။ နွားနို့တစ်ခွက် ကျပ် ၂၀၀ လောက်နဲ့ မြန်မာနိုင်ငံ မူလတန်းကျောင်းတွေမှာ အဟာရတိုက်ကျွေးဖို့က နိုင်ငံတော်အစိုးရက စဉ်းစားမှာပါပဲ။ ဘာကြောင့် မတိုက်ကျွေး နိုင်ပါသလဲ …။

ကျွန်တော်တို့ ငယ်စဉ် ၁၉၇၀-၈၀ လောက်က ယူနီဆက် UNICEF နွားနို့တွေ မူလတန်းကျောင်းတွေမှာ တိုက်ကျွေး ခဲ့ဖူးပါတယ်။ ကျနော်တို့ ကလေးသူငယ်များ တော်တော် အငန်းမရ သောက်ခဲ့ရပါတယ်။ အခု လဘက်ရည်ဆိုင်မှာ တစ်ခွက် ၅၀၀ ဆိုတဲ့နွားနို့က အဟာရပြည့်ရဲ့လား မသိပါ။ တကယ်တော့ နိုင်ငံတော်အစိုးရက မူလတန်းကျောင်းများကို တစ်ပတ် တစ်ရက်၊ နှစ်ရက် နွားနို့တိုက်ကျွေးတဲ့ စနစ်ကို (ခြစားမှုမရှိတဲ့ အသင်းဖွဲ့က ဦးဆောင်ပြီး) ပြန်လည် လုပ်ဆောင်သင့်ပါတယ်။

ဒါကြောင့် .. အနီးနားက ကလေးငယ်များကို သြစကြေးလျားက UNICEF နို့မှုန့်တွေ တင်သွင်းပြီး ခြစားမှုမရှိစေပဲ တပြည်လုံး မူလတန်းကျောင်းတွေမှာ နွားနို့ဖျော်တိုက်တဲ့စနစ်ကို နိုင်ငံတော်စီမံကိန်းတခု (ပညာရေးဘတ်ဂျတ်ကိုသုံးပြီး) လုပ်ဆောင်သင့်နေပါပြီ။ ကလေးများ အဟာရမရှိ အချိုရည်တွေပဲ သောက်နေကြတဲ့၊ အကျင့်ပျက် အချိုရည်ကုမ္မဏီများကိုလည်း ကျောင်းတွေမှာ မရောင်းဖို့ တားမြစ်ရပါမယ်။

နွားနို့နဲ့အရက်အကြောင်း မိုးမခဆောင်းပါး ၂စောင်
နွားနို့ နှင့် အရက် –  နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝသော သမ္မာအာဇီဝ လုပ်ငန်းဖြစ်ပေမဲ့ အမြတ်နည်းလို့ လုပ်မဲ့လူမရှိဖြစ်နေကြောင်း၊ လုပ်ချင်တဲ့ ဒိန်းမတ်ကုမ္မဏီများလဲ လုပ်ပိုင်ခွင့်ရဖို့ ခက်ခဲနေကြောင်း … ပထမ ဆောင်းပါးဖြစ်ပါတယ်။

နွားနို့နှင့် အရက် (အမှတ် ၂) WAGYU ဆောင်းပါးမှာတော့ ဂျပန်တွေ နွားနို့ထွက်ကောင်း၊ အသားထွက်ကောင်းတဲ့ ဝါဂူး ကမ္ဘာကျော်နွားမျိုးကို မြန်မာပြည်မှာမွေးဖို့ဖြစ်နိုင်မလား ..ရေးသားထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။

နိဂုံး

မြန်မာနိုင်ငံသားများ အလွန်ဆင်းရဲမွဲတေနေချိန်မှာ သမ္မတဦးသိန်းစိန်ရဲ့ နွားနို့ စက်ရုံစီမံကိန်း တင်ပြချက်က စိတ်ဝင်စားစရာကောင်းပေမဲ့ ဆေးလိပ်၊ အရက်၊ အချိုရည်လောက် အမြတ်မရ၊ ပြီးတော့ ဗဟိုဦးစီး ကြိုးနီစနစ်များကြောင့် ထိုင်းနိုင်ငံ နွားနို့စက်မှုလုပ်ငန်းလည်း မြန်မာနိုင်ငံမလာနိုင်သေးပါ။ အဆိုးဆုံးကတော့ အရည်သွေးနိမ့် နို့မှုန့်များကို နယူးဇီလန်၊ သြစတြေးလျား၊ ဒိန်းမတ်တွေက မြန်မာပြည်ကို တင်သွင်းပြီး အနံအရသာပဲ ကောင်းလို့ အဟာရမရှိတဲ့ နို့မှုန့်တွေ လိမ်ညာရောင်းချနေတဲ့ ဝိသမစီးပွားရေးသမားများ ရှိနေတာပါ။

မည်သို့ပင်ဖြစ်စေ Old Clothes Project နဲ့ နွားနို့ UNICEF ကိုတော့ နိုင်ငံတော်က ခွင့်ပြု၊ဘတ်ဂျတ်နဲ့ ကူညီပေးသင့်ပါတယ်။

Reference
1. http://moemaka.com/archives/35888
2. http://moemaka.com/archives/36469


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts