ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – လူထုဒေါ်အမာတောင်းမည့် ဆုတောင်း

ဖိုးထက် – လူထုဒေါ်အမာတောင်းမည့် ဆုတောင်း

(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၆

စာဖတ်ဝါသနာ အနည်းငယ်ပါသည့်လူတွေတွင် မိမိစိတ်အခံကိုလိုက်၍ ဖေးဘရိတ်စာအုပ်များ ရှိတတ်ကြသည်။ အချို့က အတွေးအခေါ်။ အချို့က ဘာသာရေး။ အချို့က နိုင်ငံရေး။ အချို့က အထ္ထုပ္ပတ္တိ။ အချို့က ကဗျာပေါင်းချုပ်။  ကျွန်တော့် မှာလည်း ဘယ်ကိုသွားသွား၊ ဘယ်ကိုရောက်ရောက် အလွယ်တကူ ထယူဖတ်နိုင်သည့်စာအုပ်များ ရှိသည်။ ဆရာဖေမြင့်ရေး သည့် စာအုပ်ကမ္ဘာ။ ဆရာကြီး ရွှေဥဒေါင်း၏ “ဘ၀တစ်သက်စာ မှတ်တမ်းများ”။ ဆရာကြီး ဒေါက်တာသန်းထွန်း၏ “ကျော် စွာ ၁၀၀”။ နောက်ထပ် တစ်အုပ်က ဆရာမကြီး အမေကြီး လူထုဒေါ်အမာ ဘာသာပြန်သည့်“မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ”။ ဘယ်နှစ်ကြိမ် ပြန်ဖတ်ဖတ် တွေးစရာ အချက်အလက် တစ်ခုမဟုတ် တစ်ခု အမြဲပေးသော စာအုပ်ဖြစ်သည်။

ဗြိတိလျှလူမျိုး မောရစ် ကောလစ်ရေးသော “Trials in Burma” ကို ဆရာမကြီး လူထုဒေါ်အမာက ၁၉၃၈ က ဘာသာပြန်ခဲ့ သည်။ သူ့ကို ဘာသာပြနဖို့တိုက်တွန်းသူက သူ့ဆရာကြီး ဦးရာဇာတ်။ သူ့ဘာသာပြန်ကို ထုတ်ဝေပေးခဲ့သူမှာ ထိုအချိန်က သူ့ချစ်ချစ်ကြီး၊ နောင်မှာ သူ့ခင်ပွန်းဖြစ်လာမည့် လူထုဦးလှ၏ လူထုစာအုပ်တိုက် ဖြစ်သည်။

မောရစ်ကောလစ်ဆိုသည့်အင်္ဂလိပ်ကြီးသည် အောက်စဖို့ဒ် တက္ကသိုလ်ကျောင်းထွက်။ ပညာတတ်။ မြန်မာပြည်မှာ ၁၈ နှစ် ကျော်ကျော်ခန့် အင်္ဂလိပ်အစိုးရလက်အောက်ခံ မြန်မာပြည် အုပ်ချုပ်ရေးဝန်ထမ်း အရေးပိုင်မင်းအဖြစ် အမှုထမ်းသည်။ မန္တလေး၊ စစ်ကိုင်း၊ မော်လမြိုင်၊ ကျောက်ဖြူ၊ ပဲခူး၊ ရန်ကုန် အစရှိသည့်မြန်မာပြည်အနှံမှာ အထက်တန်းရာထူးကြီးများဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ သူရေးခဲ့သည့်“Trials in Burma” က ၁၉၃၀ ပတ်ဝန်းကျင် (ဘဘဦးဝင်းတင်မွေးသောခုနှစ်) ရန်ကုန်မှာ သူ ခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် တွေ့ခဲ့ကြုံခဲ့ရသော၊ ဆုံးဖြတ်ချက်များ ချပေးခဲ့ရသော အမှုအခင်းတွေအကြောင်းကိုအခြေပြုကာ ရေးသားထားခြင်း ဖြစ်သည်။

ထိုစဉ် အခေါ်က ရန်ကုန် ဒိစတြိတ် (district) တရားသူကြီး။ သူ့တာဝန်က ရဲဌာနမှတင်သည့်အမှုအခင်းများကို စစ်ဆေး ရသည်။ ခိုးမှု၊ လိမ်လည်မှု၊ ရိုက်မှု စသည့်ပြစ်မှုများကို စစ်ဆေးရသည်။ သူ့အထက်ကမှ ဟိုက်ကုတ်ခေါ် အထက်ရုံးရှိသေး သည်။ အထက်ရုံးတွင် သူချမှတ်သော အပြစ်ဒဏ်ကို အယူခံ တက်ပိုင်ခွင့် ရှိသည်။ ဟိုက်ကုတ်တွင် တရားရေးဝန်ကြီးဦး ဆောင်သည့်ဂျူရီလူကြီးတွေက ထပ်မံဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ မောရစ်ကောလစ်နှင့် ဟိုက်ကုတ်တရားရုံးက လူကြီးတွေ၏ ထင်မြင်ယူဆချက်က အမြဲတမ်း ထပ်တူကျသည်မဟုတ်။

မောရစ်ကောလစ်က လူတော် လူမှန်။ တရားဥပဒေအတိုင်း မှန်ကန်တော်တည့်သည့်ဆုံးဖြတ်ချက်၊ အပြစ်ဒဏ်မျိုးကို ပေးဖို့ အမြဲကြိုးစားသည်။ အင်္ဂလိပမို့၊ မြန်မာမို့၊ ကုလားမို့ မခွဲခြား။ တရားခံလည်း မနစ်နာ၊ တရားဥပဒေလည်း မျက်နှာမပျက် စေရအောင် ဥပဒေအတိုင်းသာ အပြစ်ပေးသည်။ အထူးသဖြင့် အင်္ဂလိပ်လူမျိုးတို့သည် ကမ္ဘာပေါ်တွင် လူကြီး လူကောင်း။ အမှန်တရားကို ချစ်မြတ်နိုးသော လူမျိုးဆိုသည့်လူမျိုးဂုဏ်ကို ပဲ့ပွန်းတိုက်စားစေမည့် ဘယ်ဆုံးဖြတ်ချက်မျိုးကိုမှ အဂတိ လိုက်စားပြီး မဆုံးဖြတ်။ ကြောက်လို့ ဘက်မလိုက်။ ချစ်လို့ ဘက်မလိုက်။ ငါတို့သည်သာ သခင်၊ မြန်မာလူမျိုးသည် ကျွန်ဟု သတ်မှတ်ကြသည့်အင်္ဂလိပ်လူမျိုး အချို့အရာရှိများ၊ အခြားသော အင်္ဂလိပ်လူမျိုးများနှင့် သူ့ဆုံးဖြတ်ချက်များသည် ထိပ် တိုက်တိုးနေတတ်သည်။ အဆိုးဆုံးက အင်္ဂလိပ်စစ်ဗိုလ်လေး ကားတိုက်မှုတွင် ဖြစ်သည်။

ထိုစဉ်က ရန်ကုန်မြို့ကို အရေးဟယ် အကြောင်းဟယ် ဆူပူလှုပ်ရှားမှုဖြစ်လျှင် အကူအညီရဖို့မင်္ဂလာဒုံဘက်တွင် အင်္ဂလိပ် စစ်တပ်များ ရှိခဲ့သည်။ ထိုစစ်တပ်တွေထဲတွင် ကင်မရွန်းစစ်တပ် (Cameroon နိုင်ငံသားတွေပါလို့ ကင်မရွန်းဟု ခေါ်တာ မဟုတ်။ နာမည်ကို ကင်မရွန်းဟုပေးခြင်းသာ ဖြစ်သည်) က နာမည်ကြီးသည်။ အင်္ဂလန် ဆွေကြီး မျိုးကြီး မိသားစုများ၏ သားတွေ လာရောက် အမှုထမ်းသည့်စစ်တပ်ဖြစ်သည်။ ပြောရလျှင် ဂန်ကျယ်ကျယ်၊ ခပ်ဆိုးဆိုး လူငယ် စစ်ဗိုလ်လေးတွေ ရှိသည်။ ထိုစစ်တပ်မှ စစ်ဗိုလ်လေးတစ်ယောက်သည် ဂျမခန်နာကလပ်တွင် အရက်သောက်ပြီး မင်္ဂလာဒုံရှိ သူ့စစ်တပ်သို့ တန်းစီ လူစစ်အမှီ ပြန်ရမည်။ (လွတ်လပ်ရေး ရပြီးတော့ ဂျမခန်နာကို ဗဟိုအမျိုးသမီး သားဖွားဆေးရုံကြီးအဖြစ်ပြောင်းပစ်ခဲ့သည်။ အရင်က အင်္ဂလိပ်တွေသာ ၀င်ခွင့်ရသည့်ကလပ်။ ပထမဦးဆုံး မြန်မာလူမျိုး ဘုရင်ခံ ဆာဂျေအေမောင်ကြီးသော်မှ ကလပ်အသင်းဝင်အဖြစ် လက်မခံခဲ့သလို ၀င်ခွင့်လည်းမရလောက်အောင် သူများနိုင်ငံမှာ လာပြီး ကြီးကျယ်ခဲ့ကြသည်။ သခင်ပါး ၀ခဲ့ကြသည်။ အင်္ဂလိပ်လူမျိုး ကုန်သည်များ၊  အင်္ဂလိပ်လူမျိုး စစ်စစ် အရာရှိ ကြီး၊ ငယ်တို့ ဆုံတွေ့ရာ၊ ဘိလိယက် ထိုးရာ၊ အရက်သောက်ရာ၊ အပန်းဖြေရာ နေရာသက်သက်။)

ထိုနေ့က စစ်ဗိုလ်လေးသည် ကားကို ကလပ်ထဲမှ အပြင်းမောင်းထွက်လာပြီး ဟယ်လ်ပင်လမ်း (အခုလည်း ဟယ်လ်ပင်လမ်း) နှင့် ပြည်လမ်းထောင့် အရောက်တွင် လမ်းပြပုလိပ်က ရပ်ရန် ပြထားသည့်မီးနီကို မရပ်ဘဲ ပြည်လမ်းပေါ်ကို မောင်းဝင်သည်။ ပြည်လမ်းပေါ်တွင် အခြားကားတစ်စီးက အရှိန်ဖြင့် အဖြောင့်မောင်းလာသည်။ ဤတွင် စစ်ဗိုလ်ကားက ထိုကားကို ခါးလည်မှ ဖြတ်တိုက်မိကာ ထိုအရပ်သား ကားထဲမှာ ပါလာသည့်မိသားစုများမှာ ဒဏ်ရာအကြီး အကျယ်ရသည်။ တစ်ယောက်သေသည်။ စစ်ဗိုလ်က တိုက်ပြီးတော့ သူ့စစ်တပ်ရှိရာ ပြန်သွားခဲ့သည်။ ရန်ကုန်ရဲဌာနက အမှုလုပ်ပြီး စစ်ဗိုလ်ကို တရားစွဲသည်။ မောရစ် ကောလစ်က ထိုအမှုကို လက်ခံစစ်ဆေးသည်။ သူ့ အောက်ရုံးကို မလွှဲတော့ဘဲ အင်္ဂလိပ်လူမျိုးအမှု အင်္ဂလိပ်တရားသူကြီးဘဲ စစ်သင့်သည်ဟု ဆုံးဖြတ်ကာ ကိုယ်တိုင်အမှုစစ်ခဲ့သည်။

အမှုမှာ စစ်ဗိုလ် လုံးဝမှားသည်။ စစ်ဗိုလ်၏ အင်္ဂလိပ်လူမျိုး နာမည်ကြီး ရှေ့နေကြီးက မီးနီနဲ့ မီးစိမ်း (ထိုစဉ်က မီးနီနဲ့ မီးစိမ်း ကြားမှာ မီးဝါ မရှိသေး) ကို အမြင်ေ၀၀ါးအောင် လမ်းပြပုလိပ်က ပြလို့ပါဟု အကြောင်းပြသည်။ သို့သော် လမ်းပြပုလိပ်ကို စွပ်စွဲဖို့ ဘာသက်သေမှမရှိ။ လမ်းပြပုလိပ်ကလည်း မမှားဘူးဟု အစစ်ခံသည်။ မမှားလို့ဘဲ ပြည်လမ်းဘက်မှကားက အရှိန် မလျှော့ဘဲ မောင်းသည်လို့ လူတိုင်းသိကြသည့်ကိစ္စ။ ဒါနဲ့မရပြန်တော့ အင်္ဂလိပ်လူမျိုးသော ဘာသော နားမလည်ဘဲ အမှန် အတိုင်း အမှုစစ်တတ်သည့်မောရစ်ကောလစ်ရုံးကနေ အခြားရုံးကို ပြောင်းစစဖို့ ကြိုးစားသည်။ တစ်ဖက်နှင့် တစ်ဖက် လူမျိုး ခြင်း မတူ၊ မုန်းထား ရန်ငြိုးရှိလျှင် ရုံးပြောင်းစစ်နိုင်သည့်ဥပဒေကို အကြောင်းပြသည်။ မောရစ်ကောလစ်က ခွင့်မပေး။ မုန်း လို့မဟုတ်။ ငါ့ကို ကျော်တယ် မရဘူးဆိုတဲ့ စိတ်ထားမျိုးလည်း မဟုတ်။ ခံလိုက်ရသည့်လူတွေက ဘာအာဃာတမှ မထားဘဲ အမှုစစ်ခံနေသည်။ ဒါနဲ့မရပြန်တော့ တရားခံနဲ့ နစ်နာသူတွေ ညှိနှိုင်းပြီး ကျေအေးလိုက်ပါ့မယ်ဟု သူ့ကို လျှောက်လာပြန်သည်။ ကောလစ်က ခွင့်မပေး။ အတိုက်ခံရသူတွေသာ အင်္ဂလိပ်မတွေ၊ တိုက်သူက မြန်မာအရာရှိဆိုရင် ဒီလိုလုပ်လို့ရမှာ မဟုတ် ဘူးလို့တွေးပြီး ခွင့်မပေး။ အပြင်မှာ၊ အရပ်ထဲမှာ ဒီအမှုအကြောင်းကိုလည်း ပြောနေကြပြီ။ အများကျေနပ်အောင် လုပ်ရမည့် တာဝန်မှာ သူ့တာဝန်လို့ သတ်မှတ်ပြီး ခွင့်မပေး။ သူ့ အမိန့်အာဏာအရ ခွင့်ပေးခွင့်ရှိသော်လည်း ခွင့်မပြု။ ခွင့်မပြုသင့်။

နောက်ပြီး ကောလစ်က ဒီစစ်ဗိုလ်လေး ကလပ်ကအထွက် အရက်မူးမူးနဲ့ အလျင်လိုပြီး စွတ်ရွတ် ကားမောင်းလာတယ်ဆိုတာ သိသည်။ သို့သော် သက်သေပြစရာ မရှိ။ သက်သေပြနိုင်ဖို့ ရဲကို လိုက်ခိုင်းနိုင်သော်လည်း တရားခံ ပိုနစ်နာမည်စိုးသဖြင့် မလိုက်ခိုင်းတော့။ စစ်ဗိုလ်လေး၏ နမော်နမဲ့ ပေါ့လျော့မှုကြောင့်ဖြစ်တာမှန်သော်လည်း တမင်တကာရည်ရွယ်ပြီး လုပ်တာ မဟုတ်။ ဒါကြောင့် အရမ်းမနစ်နာစေသင့်။ ဒီလိုနဲ့ သူအမိန့်ချသည်။ ထောင်ဒဏ်သုံးလနှင့် ရွှေဒင်္ဂါး သုံးဆယ် လျော်စေသည်။

စစ်ဗိုလ်လေးဘက်က အထက် ဟိုက်ကုတ်အထိ အယူခံတက်သည်။ ဟိုက်ကုတ်က ငွေ တစ်ထောင်ဘဲလျော်စေဟု အမိန့်ချ သည်။ ထောင်မကျစေရ။ ထောင်ကျလျှင် ဥပဒေအရ ထိုစစ်ဗိုလ် အလုပ်ပြုတ်မည်ဆိုတာသိတော့ မြန်မာပြည် အင်္ဂလိပ်အစိုးရ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်ချင်သော ဖိအားတွေရှိသည်။ အင်္ဂလိပ်လူမျိုးမို့ မှားသော်လည်း မနစ်နာစေလိုသည့် သဘောသာ ဖြစ်သည်။ ကောလစ်က သူ့ပြင်ဆင်ချက်ကို အထက်ရုံးကပြင်တာမှာ မကျေနပ်သော်လည်း၊ မတရားမှန်း သိ သော်လည်း ဘာမှမပြော။ စည်းမျဉ်းစည်းအကမ်းအရ သူ့အထက်ရုံးရဲ့ ပြင်ဆင်ချက်ကို မတရားဘူးလို့ ပြောလည်း မပြော သာ။ ကန့်ကွက်လို့လည်း ရတာမဟုတ်။ ဒါပေမယ့် သူ့ကို ဒီအမှုအတွက် မိုက်မဲတယ်၊ နေရာရွှေ့မယ်ဟု အပြစ်တင်သည့်စာကို အထက်လူကြီးက သူ့ဆီပို့သောအခါ မောရစ်ကောလစ် “စွာ” ပါလေတော့သည်။

ဘုရင်ခံအထိ တက်တိုင်သည်။ ဘုရင်ခံက လက်ခံဖြေရှင်းမပေးလျှင် အင်္ဂလန်ပြည် လွှတ်တော်အထိ သိအောင်လုပ်မည်ဟု စွာသည်။ သူ့ကို ရာထူးပြောင်းချင်ပြောင်း။ နေရာ ရွှေ့ချင်ရွှေ့။ ဒါပေမယ့် ထိုစစ်ဗိုလ်ကိစ္စ အမိန့်ချရာမှာ မလျော်မကန် ပြု တယ်ဆိုတဲ့စကားလုံး လုံးဝမထည့်ရ။ သူဆိုလိုတာက သူ့ဆုံးဖြတ်ချက်ကို အထိမခံနိုင်။ သူ့ဆုံးဖြတ်ချက် ထောင်ဒဏ်သုံးလနှင့် ရွှေဒင်္ဂါး သုံးဆယ်ဆိုတာ တစ်ဖက်က လူတွေအတွက်  တရားမျှတရုံသာ ရှိသည်။ ဥပဒေအတိုင်း အတိအကျသာဆိုလျှင် မီးနီဖြတ်မောင်းသော၊ အရက်သောက်ထားသည်ဟုယူဆရသော ထိုစစ်ဗိုလ်သည် ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ် ချမှတ်နိုင် သည်။ ထိုစစ်ဗိုလ်နေရာမှာ မြန်မာစစ်ဗိုလ်ဆိုလျှင် သေချာပေါက် ထောင်ကျမည်။ ငွေဒဏ်ချခံရမည်။ ဒီလိုကိစ္စ အင်္ဂလန်မှာ ဖြစ်ရင်လည်း သေချာပေါက် အပြစ်ဒဏ်ခံရမည်။ အခုမြန်မာနိုင်ငံမှာမို့ ထောင်ဒဏ်သုံးလချသည်ကို မတရားဘူး ထင်ကြ သည့် အစိုးရအဖွဲ့ဝင် လူကြီးတွေနှင့် ကောလစ်သည် ကြီးစွာ အဆင်မပြေဖြစ်ရသည်။ ကတောက်ကဆ ဖြစ်ရသည်။ အငြူစူ ခံရသည်။ ဒါ့အပြင် သူ့ဆုံးဖြတ်ချက်ကို မလျော်မကန်ပြုတယ်လို့စွပ်စွဲပြီး နေရာရွှေ့သောအခါ ကောလစ်က လုံးဝလက်မခံနိုင် ဖြစ်ရသည်။

ကောလစ်က သက်သက်မယ့် မာနကြီးတာမဟုတ်။ အလျှော့မပေးတာ မဟုတ်။ ၀န်ထမ်းဘ၀မှာ အထက်လူကြီးတွေနဲ့ မသင့်မတင့်ဖြစ်လျှင် မည်မျှပင် စိတ်ညစ်ရသည်ဆိုတာ ကိုယ်ချင်းစာကြည့်နိုင်သည်။ သူလည်း စိတ်ရှုပ်၊ စိတ်ညစ်၊ လူကြီး တွေနဲ့ ရန်မဖြစ်ချင်ပေမယ့် သူ့လိပ်ပြာအတွက်၊ သူ့သိက္ခာအတွက်။ နောက်ပြီး တရားမျှတမှု ကင်းမဲ့ခြင်းအတွက် တိုက်ပွဲ ၀င်ခြင်းသာ။

နောက်တော့ ကောလစ်လည်း စိတ်နည်းနည်းလျှော့၊ သူ့အတိုက်အခံတွေလည်းလျှော့ဖြင့် အမှုက ပွဲပြတ်သွားခဲ့သည်။ ထို အမှုအတွက် ကောလစ်ကို စစ်ဗိုလ်များက ကိုယ်ထိလက်ရောက် ကျူးလွန်ရန်အထိ ကြံစည်ကြိုးစားခဲ့ကြသည်။ အဲဒီလောက် အထိပင် သူ့ဆုံးဖြတ်ချက်ကို မျက်မုန်းကျိုးခဲ့ကြသည်။ ငါတို့ရဲ့ ကျွန်နိုင်ငံမှာ ငါတို့လူမျိုးကားတိုက်တာ ငါတို့လူမျိုး တရား သူကြီးက ဘာအပြစ်မှ ပေးဖို့မလိုဘူး ဆိုသည့်စိတ်မျိုး ရှိကြသည်။ ကောလစ်က အတတ်နိုင်ဆုံး ညှာညှာတာတာဖြစ်အောင်၊ နှစ်ဦး နှစ်ဖက် ကျေနပ်အောင် ဆုံးဖြတ်ပေးသည်ကို မကျေမနပ် ဖြစ်ခဲ့ကြသည်။ အများနှင့် တစ်ယောက်။ သူ့ထက် သြဇာ အာဏာပိုကြီးမားသည့်အထက်လူကြီးတွေကို တရားမျှတသော သူ့ဆုံးဖြတ်ချက်၊  သူ့ဂုဏ်သိက္ခာအတွက် နည်းနည်းမှ အ လျော့မပေးခဲ့သော မောရစ်ကောလစ် ဖြစ်သည်။

စာအုပ်ကို မကြာခဏ ပြန်ဖတ်မိတိုင်း ကျွန်တော်စဉ်းစားမိတာ ရှိသည်။ အခု လက်ရှိ ကျွန်တော်တို့ ဖွဲ့စည်းအခြေခံဥပဒေ စာအုပ်ကြီးနဲ့သာဆိုလျှင် ထိုစစ်ဗိုလ်ကို အရပ်ဖက် တရားရုံးမှာ ချက်ချင်းအမှုတင်လို့ ရပါ့မလား။ တင်လို့ရသည် ထားအုံး။ အဲဒီတုံးကလိုဘဲ အီးလျော အီးလျောနဲ့ ပြီးသွားဖို့များမည်။ အခုပင် ကချင်ဆရာမလေး နှစ်ယောက်အမှု၊ ကိုပါကြီးအမှုတွေ ဘယ်ဆီ ဘယ်ဝယ်ရောက်မှန်း မသိရ။ သေချာစဉ်းစားလေ အလွန်မခံချင်စရာကောင်းသောအမှုများ ဖြစ်ကြသည်။

စစ်တပ်ဆိုသည့်အဖွဲ့အစည်း၊ စစ်သားဆိုသည့်အမျိုးက နယ်ချဲ့စစ်တပ်ဘဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားစစ်တပ်ဘဲ ဖြစ်ဖြစ် အ တော် ဂန်ကျယ်သောလူတွေများသည်လို့ ကျွန်တော်ထင်သည်။ ကျောက်ခေတ်စိတ် အရိုင်းအစိုင်း လူ့သဘာဝအရ လက်ထဲ မှာ တုတ်လေးတစ်ချောင်းရလျှင် ရပ်ကွက် အရံမီးသတ်တောင် မြှောက်ကားကြီး ဖြစ်သေးသည်ဘဲ။ လက်ထဲမှာ လက်ညှိုး ကွေးရုံနဲ့ လူသတ်လို့ရနေသော သေနတ်ကြီးရှိလျှင် ထီမထင် သောက်ဂရုမစိုက်ဘူးဆိုသည့်အချိုးတွေ ချိုးကြတာ ကျွန်တော် တို့လို အောက်တန်းစား နိုင်ငံမှ စစ်တပ် မဆိုထားနှင့် ဒီမိုကရေစီ ဘိုးအေနိုင်ငံများမှ စစ်တပ်တွေမှာပင် ရှိတတ်ကြသေးသည်ဘဲ။ (မကြာသေးခင်နှစ်များအတွင်းက အမေရိကန်တပ်ကြပ်ကြီး တပ်ပြင်ထွက်ကာ အာဖဂန်အရပ်သားမိသားစုကို ရက်ရက်စက် စက် ပစ်သတ်ခဲ့သည်။ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့သည်။) ထို့ကြောင့် ဘယ်စစ်တပ်မဆို အများနဲ့တန်းတူ တရားဥပဒေ အောက် မှာမထားဘဲ စစ်သားဆိုရင် တစ်မျိုး၊ သာမန်အရပ်သားဆိုလျှင်တစ်မျိုး သတ်မှတ်ကြလျှင် သေချာပေါက် လူဝါးဝကြမည်သာ ဖြစ်သည်။ မြန်မာပြည်က စာအုပ်အစိမ်းကြီးအရသာဆိုလျှင် ပိုပြီးတော့တောင် လူဝါးဝလို့ကောင်းသည် မဟုတ်ပါလား။ အရာအားလုံးက သူတို့ခြေ သူတို့လက်။ စစ်တပ်သည် မထိ မတို့ မကိုင်ရသည့်အုပ်စုကြီးအဖြစ်ရှိနေလို့ရအောင် ဖန်တီး နေ ကြသည်။ လက်ရှိမှာပင် ပြည်သူလူထုက ထိုင်းမှ မြန်မာကောင်လေးနှစ်ယောက် အမှုအတွက် အာရုံများနေချိန်မှာ လူဝါးဝ နှစ်ထပ်ကွမ်း ဥပဒေကို အတည်ပြုဖို့ကြိုးစားနေကြသည်။ လူထုတင်မြှောက်သည့်သမ္မတထက် စစ်တပ်က ခေါင်းတစ်လုံးမက၊ ထန်းတစ်ဖျားခန့် ပိုမြင့်ချင်နေကြသည်။

ကျွန်တော်တို့ဆီမှာ မောရစ်ကောလစ်ကြီးကဲ့သို့ ဘယ်သူ့မျက်နှာမှ မထောက်ထားဘဲ အမှန်တရားကိုသာ ချစ်မြတ်နိုးသည့် တရားသူကြီးတွေ အများကြီးရှိနေဖို့ပဲ လိုသည်။ မောရစ်ကောလစ်တွေ အများကြီးရှိလျှင် သူ၏ အထက်အရာရှိ မျက်နှာဖြူများ မျက်နှာပြောင်တိုက် အရှက်ကင်းမဲ့ခဲ့ကြသလို သမိုင်းမှာ အခွက်ပြောင်သောလူများ ထင်းထင်းကြီး ထင်ပေါ် ကျန်နေခဲ့လျှင်ဘဲ ကျေနပ်ပါပြီ။ မောရစ်ကောလစ်များ အများကြီး အလိုရှိပါသည်။

လူဝါးဝချင်သည့်စစ်တပ်၊ စစ်သားမှန်သမျှ မောရစ်ကောလစ်လို လူများနှင့် တွေ့ပါစေဟု ကောင်းမွန်ရာ ဘုံဘ၀မှ မေကြီး လူထုဒေါ်အမာက ဆုတောင်းနေမှာ သေချာသည်။ အမုန်းဆုတောင်းမဟုတ်။ အာဃာတဆုတောင်း မဟုတ်။ ကျိန်ဆဲသည့် ဆုတောင်းမဟုတ်။ အနာဂတ်သာယာငြိမ်းချမ်းလှပဖို့ လူတိုင်းတန်းတူရည်တူ ရှိရမည်ဆိုသည့်စိတ်ထားကြောင့် တောင်း သော လှပ ရဲရင့်သည့်ဆုတောင်းသာ ဖြစ်ပါလိမ့်မည်။

ဖိုးထက်

 

Illustrations: Paul Aitchison

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts