ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် – အပိုင်း(၃)


ဗိုလ်ထက်မင်း –  တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် – အပိုင်း(၃) 

(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၆

၁၀။ တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှူနဲ့အတူ ပေါက်ဖွါးလာတာမို့ သမိုင်းအစဉ်အလာရှိလာခဲ့မှူအပေါ် အသိအမှတ်ပြုရပါမည်။ လွတ်လပ်ရေးရပြီးတာနဲ့တပြိုင်နက် နံမည်ကြီးစာအုပ်ဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်းတင် မောင်ရဲ့တိုင်းပြည်ကနုနု ၊မုန်တိုင်းကထန်ထန် ခေါင်းစဉ်အတိုင်း တပ်မတော်ဟာ နိုင်ငံတည်မြဲရေး ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။ တပြိုင်နက်ပင် ကွန်မြုနစ်ပါတီကဲ့သို့ရောင်စုံပါတီများရဲ့စွပ်ဖက်ခံရတာကြောင့် တပ်မတော်ပြိုကွဲခဲ့ရသလို ဖဆပလ၊မဆလ၊ပြည်ခိုင်းဖြိုးပါတီတွေရဲ့ လွှမ်းမိုးချယ်လှယ်အသုံးချခံရတာမို့ဂုဏ် သိက္ခာပုံရိပ်ကျဆင်းခဲ့ရပါတယ်။တဖန် အသွင်ကူးပြောင်းရေးကာလအတွင်း ဒီမိုကရေစီကနုနု မုန်တိုင်းကထန် ထန်ပြည်သူလူထုရဲ့စိုးရိမ်ပူပန်စွာနဲ့စောင့်ကြည့်နေရာ တပ်မတော်က သတိကြီးစွာ ဖြတ်သန်းနေရပါတယ်။

၁၁။ တပ်မတော်ဟာ မဟာဗျုဟာဖြစ်တဲံ့ ဒို့တာဝန်အရေး (၃)ပါးအတွက် လွတ်လပ်ရေးကြိုးပမ်းမှူမှ ယနေ့ အထိ အသက်သွေးချွေးများစွာရင်းနှီးခဲ့ရာမှာ ပါတီအဖွဲ့အစည်းတွေရဲ့ လောင်းရိပ်ကြောင့် ခါးသီးစွာနဲ့ပေးဆပ်ခဲ့ရပါတယ်။ အဲဒီဒဏ်တွေကြောင့် တိုက်သူတိုက်ဘက် ရဲဘော်ရဲဘက်များ စိတ်ဝမ်းကွဲပြားပြီး ဝမ်းနည်းဖွယ်ရာဖြစ်စဉ် များကြုံတွေ့ခဲ့ရပါတယ်။ ၁၉၄၁ခုနှစ် BIA စတင်ပေါ်ပေါက်လာစဉ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှန်ကန်တဲ့ဦးဆောင်မှူ ကြောင့် စစ်ကြောင်း ရွာထဲဖြတ်ချိန် လူထုဟာ လယ်ထွန်နေစဉ် ထွန်တုံးနဲ့ နွားကိုပစ်ထားခဲ့ပြီး တပ်မတော် နောက်ကောက်ကောက် ပါလိုက်ခဲ့တာမျိုးအထိ အားပေးခဲ့တာမို့ အင်အား တဟုန်ထိုးကြီးထွားခဲ့ပါတယ်။ ထိုခေတ်က မြန်မာနိုင်ငံလူဦးရေမှာ သန်း(၂၀) ခန့်သာရှိသည့်အနက် တပ်မတော် အင်အားမှာ (၂၀,၀၀၀) ခန့်ထိ ရှိလာရာ အင်အားအချိုးအစားအရ အတော်အတန်ကြီးမားနေပြီး ဝင်ရောက်နေတဲ့ နိုင်ငံခြားတပ်များနဲ့ အင်အား နဲ့မကွာတော့တာမို့ ဗြိတိသျှတို့အဖို့ မျုက်လုံးပြုးစရာဖြစ်လာရပါတယ်။

၁၂။ ဒါကြောင့် ကန္တွီစာချုပ်အရ မြန်မာတပ်မတော်ကို အရည်အသွေးအကြောင်းပြကာ အင်အား (၅၂၀၀) ထိ လျှော့ချ လိုက်တာမို့ ပိုလျှံလာတဲ့စစ်သည်တွေကို စိတ်ဓါတ်မကျစေရန် ပြည်သူ့ရဲဘော်အဖွဲ့ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းက အရန်အင်အားအဖြစ် ဖွဲ့ပေးထားပါတယ်။ ဗိုလ်ချုပ်ရဲ့ ဦးဆောင်မှူအပေါ် အကြွင်းမဲ့ ယုံကြည် ထောက်ခံတဲ့ တပ်မတော်အင်အားကြောင့် ဗြိတိသျှတို့က ဂတိမတည်ရင် ရရင်ရ၊ မရင်ချဆိုကာ ဗိုလ်ချုပ်က ပေါ်တင် စိန်ခေါ်ခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်အတွင်းက အပေါင်ရွာသူကြီးကို သစ္စာဖေါက်မှူဖြင့် စီရင်အပြစ် ပေးခဲံတဲ့ဗိုလ်ချုပ်အောင်ဆန်းအပေါ် မနာလိုသူတွေက တိုင်တန်းခဲ့ရာ လော့လူဝီမောင်ဘက်တန်က ဗိုလ်ချုပ် နောက်မှာ တပ်မတော်က အင်အားကြီမားစွာရှိလို့ မလုပ်သင့်ကြောင်း ထင်မြင်ယူဆချက်ပေးကာ စစ်အတွင်း ကာလ တရားဥပဒေမရှိ ဆိုပြီး ပယ်ဖျက်ပေးရသည်အထိ  အရှိန်ရှိခဲ့ပါတယ်။

၁၃။  ဖဆပလထဲမှာ ကွန်မြုနစ်များ လွှမ်းမိုးမှူကြိုးပမ်းမှူကြောင့် ဗိုလ်ချုပ်အောင်ဆန်းက မယားညီအကိုတော်တဲံ့ သခင်သန်းထွန်းတို့ ကွန်မြူနစ်တွေကို မျက်နှာတောင် မထောက်ဘဲ ထုတ်ပစ်ခဲ့ ရပါတယ်။ လွတ်လပ်ရေးရပြီးတာနဲ့ ပြည်သူ့ရဲဘော်အဖွဲ့ဟာ ကွန်မြူနစ်ဘက်ပါတဲ့ ရဲဘော်ဖြု၊၊ အစိုးရဘက်ပါတဲ့ ရဲဘော်ဝါ ဆိုကာ နှစ်ခြမ်း ကွဲသွားပါတယ်။  နောက်ပိုင်းမှာ တပ်မတော်ထဲမှာ ကွန်မြူနစ်တပ်မှူးတွေ၊ ဆိုရှယ်လစ်တပ်မှူးတွေ ဆိုပြီး  ဘက်တွေ ရှိလာကြပါတယ်။ ဦးနုရဲ့ ဖဆပလထဲကို ရဲဘော်သုံးကျိပ် စစ်တပ် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်လင်္ကျာဟာ ဝန်ကြီးအဖြစ်ပြောင်းသွားခဲ့ပါတယ်။ ဒီလိုဖြစ်လာတာရလည်း ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ တပ်ချုပ်ဖြစ်ချင်တဲ့ အတ္တလွန်ကဲမှူ၊ မူမမှန်တဲ့ ရပ်တည်ချက်တွေကြောင့်လည်း ဆိုရပါမယ်။ အဲဒီခေါင်း ဆောင်တွေဟာ စစ်ရေးပိုင်းအရသာသလို စီနီယာကျတာမို့ သူ့လက်အောက်ထံ မနေလိုတာလည်း ပါပါတယ်။

၁၄။ အလားတူ မြို့တော်တော်များကို ရောင်စုံသူပုန်များက သိမ်းပိုက်ထားပြီး တပ်မတော် အမာခံတပ်ရင်း များဖြစ်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်းတချို့နဲ့ ကရင်သေနတ်ကိုင်တပ်ရင်း တော်တော်များ တောခိုကုန်ကြလို့ ရဲဘော်ရဲဘက် အချင်းချင်းသင်တန်းမှာ အတူတူ၊ ရှေ့တန်းမှာ ဖေးမကူညီ လုပ်ကိုင်ခဲ့တဲ့ သံယောဇဉ် ရှိနေလျှက်သားနဲ့ ပါတီတွေရဲ့ ပယောဂသပ်လျှိုမှူကြောင့် သေနတ်ပြောင်း ပြန်လှည့်ရကာ စိတ်မပါဘဲ ပစ်ကြခတ်ကြ သွေးမြေကျခဲ့ရပါတယ်။ ဗိုလ်ချုပ်ဇေယျ၊ ဗိုလ်ချုပ်လင်္ကျာတို့ဟာ တောထဲမှာ အသေဆိုးနဲ့ သေခဲ့ရပါတယ်။ ဗိုလ်ချုပ်ကျော်ဇောဆိုရင် အင်းစိန်တိုက်ပွဲတုံးက တောခိုသွားတဲ့ ကရင်သေနတ်ကိုင်တပ်ရင်းများကို မတိုက် ချင်ကြောင်း ရင်ဖွင့်ဖူးသလို သူ့ကွန်မြူနစ်ထံ ရောက်သွားလို့ မိုးမိတ်တိုက်ပွဲမှာ ဖမ်းမိတဲ့ တပ်မတော်စစ်သည် များကို မသတ်ဘဲ ပြန်လွှတ်ပေးသည်အထိ သံယောဇဉ်ကြီးမားခဲ့ပါတယ်။

၁၅။ ဖဆပလပါတီက သန့်ရှင်း၊ တည်မြဲ ဆိုပြီး အားပြိုင်မဲဆွယ်နေချိန်မှာ ကြားမနေလို့ဆိုပြီး နှစ်ပေါင်းများစွာ တပ်ထဲမှာ ရုန်းကန်နေပြီးမှ အရာရှိကြီးဖြစ်လာရတဲ့ ဗိုလ်မှူးချုပ်အောင်ရွှေအပါအဝင် ဗိုလ်မှူးကြီးတော်တော်များ တပ်မှ အရေးယူတာခံရပါတယ်။ မဆလပါတီဖြစ်လာတော့ ပါတီရဲ့ဦးဆောင်မှူကို ခံရတာမို့ ပိုလို့ဆိုးသွားပြီး နေ အိမ်၊ လမ်းကင်း၊ ယာဉ်တန်းစတဲ့ လုံခြုံရေးတွေ လိုက်လံလုပ်ဆောင်ပေးရပါတယ်။ လူထုအုံကြွမှူ အရေးအခင်းတွေ မှာ ရဲတပ်ဖွဲ့ ကိုင်တွယ်တာ အားမရလို့ ပါတီရှင်သန်ရေးအတွက် စစ်အုပ်ချုပ်ရေးပြဌာန်းစေကာ တပ်မတော်ကို နှိမ်နှင်းခိုင်းရာမှ တချို့နေရာတွေမှာ အင်အားသုံးခဲ့ရလို့ လူထုသွေးမြေကျခဲ့ရပါတယ်။ မဆလပါတီလက် အောက်မှာတပ်မတော်ဟာ နိုင်ငံရေးကို စိတ်မပါဘဲနဲ့လုပ်ပေးနေရလို့ ပါတီရဲ့ဆိုးကျိုးရလဒ်ခံစားနေရပါတယ်၊ ရှမ်းပြည်နယ်ဒေသပါတီကော်မတီဝင် ဒေါ်ကြုး ကြုးမားက စစ်သည်ဟာ ရာရှင်နို့ဆီကို ရောင်းစားနေလို့ဖြတ် သင့်ကြောင်း အစည်းအဝေးမှာတင်ပြရာမှာ ရှေ့တန်းမှာ နို့ဆီရောင်းပြီးမှ ဟင်းစားဝယ်နေရကာ ဒါသူတို့အခွင့် အရေးဖြစ်လို့တိုင်းမှူးများကပြင်းထန်စွာကန့်ကွက်ခဲ့ရပါတယ်။ မြို့နယ်ကောင်စီတွေ မှောင်ခိုဖမ်းထွက်ပြီဆိုရင် တပ်အားလုံခြုံရေးလိုက်ပေးရလို့ ပြည်သူလူထုငြိုငြင်မှူခံရသလို၊တပ်မတော်သားများသင်တန်းစရိတ်မရှိလို့ မှောင်ခိုကယ်ရီချရင်လည်းကောင်စီတချိုကမသိချင်ယောင်ဆောင်ဖမ်းခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။ နယ်ဘက် ဥပဒေနားမလည်လို့ ပြစ်မှူဖြစ်ပွားခဲံ့ရင် သာမန်ပြစ်မှူသေးသေးလေးကို ခွှင့်လွှတ်လို့ရလျှက်သားနဲ့တပ်ကိုစာပို့ တာကြောင့် နစ်နာခဲ့တဲ့အရာရှိစစ်သည်တွေ ရှိခဲ့ပါတယ်။

၁၆။ အဆိုးဝါးဆုံးမှာ ပထမအကြိမ်ငွေစက္ကူတွေ ရုပ်သိမ်းလဲလှယ်ခွင့်ရချိန်မှာ ရှေ့တန်းရှိယောင်္ကျားနဲ့  ဆက်သွယ်မှူ မရတာကြောင့် နစ်နာဆုံးရှူံးခဲ့လို့ ဇနီးဖြစ်သူဆရာဝန်မတစ်ဦး မိသားစုချွေးနဲစာနဲ့ စုဆောင်းထားတဲ့ ငွေ ဆုံးရှူံးကုန်လို ဝမ်းနည်းပက်လက်ငိုကြွေးဖူးပါတယ်။ အများအားဖြင့် တိုင်းမှူးတွေဟာ ဒေသပါတီကော်မတီ ဥက္ကဌ ပူးတွဲအုပ်ချုပ်ရပေမဲ့ တချှို့တိုင်းတွေမှာ ဥပမာ ပဲခူးတိုင်းဆိုရင် တိုင်းမှူးက မအုပ်ချုပ်ရဘဲ ပါတီနဲ့ကောင်စီ ဥက္ကဌတို့က သီးခြားစီဖြစ်တာမို့ မတည့်ကြဘဲပြသနာဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း တိုင်းမှူးဟာ တိုင်းစစ်ဌာနချုပ် ကို ပဲခူးမှတောင်ငူသို့ ရွေ့ခဲ့ပါတယ်။

၁၇။ ၁၉၈၈ခုနှစ် အရေးအခင်းကာလတွင် ရဲတပ်ဖွဲ့ဝင်တွေ ဆန္ဒပြထဲပူးပေါင်းသွားရာ တပ်မတော်ကို ဝင်ပြီး ထိန်းသိမ်းခဲ့ရာမှာ သပိတ်အင်အားထုကြီးမားစွာနဲ့ ရင်ဆိုင်ခဲ့လို့ အကျပ်အတည်းနဲ့တွေ့ခဲ့ရပြီး တချို့မြို့တွေမှာ သပိတ်ကော်မတီ၊ သံဃာတော်များနဲညှိနှိုင်းလို့ရကာ အဆင်ပြေသော်လည်း ရန်ကုန်လိုကျယ်ပြန့်ပြီး ဆန္ဒပြထု ကြီးမားနေတာမို့ အင်အားသုံးရှင်းလင်းခဲ့ရလို့ သွေးထွက်သံယိုဖြစ်ကာ ဂုဏ်သိက္ခာကျခဲ့ပါတယ်။ ဒါဟာလည်း ပါတီခေါင်းဆောင်များဖြစ်ခဲ့တဲ့ ဦးနေဝင်းရဲ့ တည့်တည့်ပစ်မယ် စကား၊ ဦးစိန်လွင်ရဲ့ ပစ်မိန့်ပေးတာတွေ၊ ဒေါက်တာ မောင်မောင်ရဲ့တွေဝေမှု (အာဏာရှင်စရိုက်ဆက်ဆံမှု၊ ကြမ်းတမ်းစွာ ကိုင်တွယ်ခိုင်းမှု၊ လိုအပ်တာထက်အလျော့ ပေးလွန်းမှူ) တွေကြောင့် တပ်က ခါးစည်းခံခဲ့ရပါတယ်။ ဒေါက်တာမောင်မောင်ဆိုရင် တပ်မတော်တချို့အင်အားစု ကို စစ်တန်းလျား အတင်းပြန်ခိုင်းရာမှာ ကျောင်း၊ ရုံး၊ လုံခြုံရေး အရေးကြီးထိန်းရမဲ့ အဆောက်အအုံ၊ ဘဏ်၊ လမ်းဆုံ လမ်းခွတွေ လွှတ်ကုန်မှူကြောင့် တပ်က ဒုတိယအကျော့ ပြန်ဝင်ချိန်မှာတော့ ပုဆိန်နဲ့ပေါက်ရသလို ခက်ခဲစွာရှင်း လင်းရပါတယ်။ မြို့နယ်ရပ်ကွက်အလိုက် တရားဥပဒေစိုးမိုးမှူမရှိလို့ ပြည်သူတွေဟာ လုံခြုံမှူ မရှိချိန်မှာ တပ်ကိုဝင်ခိုင်းချင်ပေမဲ့ ယခင်လုပ်ရပ်များကြောင့် သံသယဖြစ်ကာ မဝံ့မရဲဖြစ်နေရပြီး တပ်ကလည်း လူဆိုး လူကောင်းခွဲ ဖို့ ရှုပ်ထွေးနေတဲ့အချိန်မှာ လွန်စွာခက်ခဲသွားပြီဖြစ်ရာ ကုန်သွယ်ရေးဝန်ကြီးဌာန ခမရ(၆) တပ်ခွဲ ဆုံးရှူးံခဲ့ရတာ၊ ဆေးရုံကြီး ပစ်ခံရတာမျိုးစတဲ့ မဖြစ်သင့်တဲ့ဖြစ်စဉ်များ ဝမ်းနည်းဖွယ်ရာကြုံတွေ့ခဲ့ရပါတယ်။ ကရင်နဲ့ ရှမ်းပြည်နယ်တွေမှာ မဲသဝေါ၊ မိုင်းယန်းစခန်းတွေ တိုက်ခံရပြီး ကျလုဆဲဆဲဖြစ်နေသလို ပင်လယ်ပြင်မှာ အမေရိကန်ရေတပ် မှ စစ်သင်္ဘောဝင်လာလို့ တပ်မတော်အဖို့ စိန်ခေါ်မှူပေါင်းများစွာနဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။ မဆလပါတီခေါင်းဆောင်တွေရဲ့ တာဝန်မဲ့မှူ၊ တာဝန်ပေါ့လျော့မှူ၊ အာဏာရှင်စရိုက်အတိုင်း လုပ်နေဟန်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအထိ ပါလာပါတယ်။ တစညဆိုပြီး အမည်ပြောင်းသော်လည်း ဟိတ်ဟန်တခွဲသားနဲ့နေမှူကြောင့် ဝက်ဝက်ကွဲအောင် ရွေးကောက်ပွဲမှာ ရှူံးခဲ့ပါတယ်။ မူလက ဘားတိုက်ပြန်မယ်လို့ ကြွေးကြော်ထားတဲ့ တစညပါတီကို အထင်တကြီးဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်တစ်ယောက် ပိတ်မိနေကာ အာဏာပြန်သိမ်းတာ ခံလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဗိုလ်ထက်မင်း – တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် – အပိုင်း(၃)
  1. ချမ်းသာသွားကြသောအ၇ာ၇ှိုကြီးတွေအကြောင်းတော့ ချန်မထားဘဲထည့်ေ၇းပေးပါ မဆလ ဗိုလ်ချုပ်ကြီးများမ ချမ်းသာခဲ့ ကြပါ ကြံ့  ဖွံ့  ဗီုလ် တွေ အ၇မ်းချမ်းသာသွားကြပါတယ်

Comments are closed.