ကဗျာ

လင်းခါး – ကမ္ဘာကြီး ရဲ့ ကမ္ဗည်းမှာ

လင်းခါး – ကမ္ဘာကြီး ရဲ့ ကမ္ဗည်းမှာ
(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၆
အကြမ်းဖက်သမားရဲ့ အိပ်မက်ထဲမှာ
လူတွေကို အသားတစ်တွေအနေနဲ့ပဲ တွေ့ရတယ်
ရှေးဟောင်း အဆောက်အဦတွေဟာ
သွေးရူးသွေးတမ်းနဲ့ တဆတ်ဆတ်တုန်လို့
အလယ်ခေတ်လက်ရာ ရုပ်တုဟာ
ပေါက်ကွဲမှုနဲ့ လွတ်ကင်းတဲ့နေရာမှာ
ဖိုသီဖတ်သီ အဝတ်အစားနဲ့ ကြက်သေသေလျှက်။

အခု ညနေမှာ ရေဒီယိုက
အသေခံဗုံးခွဲမှုတခုအကြောင်း လွှင့်သွားတယ်
အပျက်အစီးပုံတွေဘေးမှာ
ကင်မရာမင်းဟာ သေခြင်းတရားကို အမိအရရိုက်ယူနေတုန်း
လူတယောက် လက်သည်းကိုက်ပြီး ငြိမ်နေတယ်
ဗုံးဒဏ်ကြောင့် မြေပေါ်မှာ ဗုံးခိုကျင်းလောက်
အပေါက်ကြီးတပေါက်
ပတ်ဝန်းကျင်က ပြတင်းပေါက်ဘောင်တွေကနေ
မျက်ရည်တွေစီးကျ အပေါက်ကြီးထဲ ဆင်းသွားတယ်
အသားကျွမ်းတဲ့အနံ့ဟာ
ရေဒီယို စပီကာပေါက်တွေထဲကနေ
တနိုင်ငံလုံးကို ပျံ့ သွားတော့ လူတွေပျို့အန်ကြ
ကပ်ဆိုက်မှုဟာ အစာဟောင်းတွေနဲ့အတူ ပါမသွားဘူး။

ပေါက်ကွဲမှုနဲ့ ပတ်သက်လို့
ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ဖြစ်ကြောင်း
ထုတ်ဖော်တာ မကြားရဘူး
လေက ငြိမ်နေတယ်
ခဏနေတော့ တောင်လေတိုက်တယ်။
ကမ္ဘာစစ်ကြီးနှစ်ခုနဲ့ ပတ်သက်လို့တောင်
ကမ္ဘာကြီးပါးမှာ လက်သည်းခြစ်ရာ မကျန်ခဲ့ပါဘူး။   ။

လင်းခါး
၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts