စာအုပ်စင်

ညွန့်ထွေး – စာအုပ်မိတ်ဆက်

 ညွန့်ထွေး – စာအုပ်မိတ်ဆက်

(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၆

● ညောင်ရမ်းမင်းသား၏  နောက်ဆုံးနေ့ရက်များနှင့် အခြားစာတမ်းများ
သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း (ငြိမ်း)

ဆောင်းပါး၊ စာတမ်း စုစုပေါင်း ၃၇ ပုဒ် စုစည်းထားတဲ့ စာအုပ်ပါ။ ခေါင်းစဉ်ဆွဲဆောင်မှု ရှိသလို ဖတ်ရတာလည်း စိတ်ဝင်စား စရာကောင်းတဲ့ ထဲမှာမန္တလေးရွှေမြို့တော်နှင့် လောကီအစီအရင်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်အပေါ်အိန္ဒိယသတင်းများ၏အမြင်၊ ကင်းဝန်မင်းကြီးနှင့် သေတမ်းစာ၊မြင်ကွန်းမင်းသားကြီး ရန်ကုန်မြို့တွင် နေထိုင်ခဲ့စဉ်က၊ စစ်တမ်းထဲကကုန်း ဘောင် ခေတ် ပုသိမ်မြို့နဲ့ ပုဂံမြို့ အစရှိတဲ့ စာတမ်းများပါဝင်ပါတယ်။

ကျောက်စာ၊ ပေစာ၊ ပုရပိုဒ်၊ ခေတ်ပြိုင်ဗြိတိသျှမှတ်တမ်းတွေကို ကိုးကားပြီးရေးသားထားတာပါ။  မောင်ကျော်ဝင်း (မဟာဝိ ဇ္ဇာ)၊ ကျော်ဝင်း(ရန်ကုန်တက္ကသိုလ်)၊ ဒေါက်တာကျော်ဝင်း (ရန်ကုန်တက္ကသိုလ်) ဆိုတဲ့ကလောင်နာမည်တွေနဲ့ ရေးခဲ့တဲ့ သမိုင်းစာတမ်းတွေကို စုစည်းထုတ်ဝေခြင်းဖြစ်တယ်လို့ စာရေးသူက သူ့အမှာစာမှာ ရှင်းထားတာ တွေ့ရမှာပါ။

တခြားစာတမ်း အများအပြားလိုပဲ စာအုပ်ခေါင်းစဉ်အဖြစ် သုံးထားတဲ့ညောင်ရမ်းမင်းသား၏ နောက်ဆုံးနေ့ရက်များ ဆိုတဲ့ စာတမ်းမှာလည်းသမိုင်းတွေ့ရှိချက်တွေနဲ့ စာရေးသူရဲ့ သုံးသပ်ချက်များကို ပေါင်းစပ်ရေးသားထားပါတယ်။ ရတနာပုံခေတ် နိုင်ငံရေးလောက စိတ်ဝင်စားဖွယ်ကောင်းတဲ့မြန်မာ့နန်းတွင်းရေးမှာ ထိုစဉ်က ဗြိတိသျှနဲ့ ပြင်သစ်တို့ကသူတို့ကိုယ်ကျိုးအ တွက် ညောင်ရမ်းမင်းသားကို အသုံးချခဲ့တယ်လို့ စာရေးသူကကောက်ချက်ချပါတယ်။

၂၃၅ မျက်နှာ၊ ကျပ် ၃,ဝဝဝ၊ ရာပြည့်စာပေ
—————————————
● ဂျက် ၅ဝ
ဂျက် (ကွမ်းခြံကုန်း)

အထင်ကရ သရော်စာဖန်တီးသူ ဂျက် (ကွမ်းခြံကုန်း)ရဲ့ လက်ရာပေါင်း ၅ဝ ကိုစုစည်းထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ဆရာကြီး ဂျက်ရဲ့ ၁၉၉ဝ မတိုင်ခင်လက်ရာများ၊ ၂ဝဝဝ ပြည့်နှစ် ဝန်းကျင် လက်ရာများကို ပါဝင်တဲ့အတွက် သူ့ရဲ့ပရိသတ်များ၊   ပြန် လည် ဖတ်ရှုလိုသူများ၊ သရော်စာ လေ့လာသူများအကြိုက်တွေ့ကြမယ့် စုစည်းမှုပါပဲ။လွန်ခဲ့သော ၁ဝ နှစ်၊ နှစ် ၂ဝ ကာလ အုပ်ချုပ်သူများကို သရော်ခွင့်တားမြစ်ထားတာကြောင့် ဒီသရော်စာ အများစုက စီးပွားရေး၊ လူမှုဝန်းကျင်နဲ့မြန်မာစာပေလောက ဖြစ်ရပ်များကိုပဲ ပစ်မှတ်ထားခဲ့တာ တွေ့ရပါတယ်။ သရော်စာနှစ်သက်သော်လည်း လတ်တလော အများအပြား တွေ့နေရတဲ့ နိုင်ငံရေးသရော်စာ၊ဆော်စာတွေကို အနည်းငယ် ငြီးငွေ့တဲ့သူတွေကတော့ ဒီစာအုပ်ကို အထူးကြိုဆိုကြပါလိမ့်မယ်။ စာ အုပ်မှာ ပါဝင်တာ သရော်စာ အပုဒ် ငါးဆယ် ဖြစ်တဲ့အတွက် တကယ့်ကို အားပါးတရစုစည်းမှုလို့ ဆိုရပါမယ်။

စာမျက်နှာ ၂ မှာ တွေ့ရတာကတော့ ဒို့တာဝန်အရေးသုံးပါး၊ ပြည်သူ့သဘောထားအစရှိတဲ့ ဝါဒဖြန့်ချိရေး ကြွေးကြော်သံ ဆောင်ပုဒ်များပါပဲ။ဒီဘက်နှစ်များမှာ စာအုပ်ထုတ်ဝေသူတွေက အစိုးရဟောင်းရဲ့ကြွေးကြော်သံများမထည့်တော့ပေမယ့် ဒီစာအုပ်မှာတော့ ထည့်ထားပါတယ်။ ပထမအကြိမ် ထုတ်ဝေစဉ်ကထည့်သွင်းထားတာကို ပြန်ပြီး ပုံနှိပ်စဉ်မှာ မဖြုတ်မိတာ ဖြစ်နိုင်ပါတယ်။ ဒီထဲက တချို့  ကြွေးကြော်သံ၊ ဆောင်ပုဒ်တွေကိုယ်တိုင်က သရော်စာ ဖြစ်လို့နေပါတော့တယ်။

၂၉၂ မျက်နှာ၊ ကျပ် ၂,၅ဝဝ၊ ယုံကြည်ချက် စာပေ၊ ဒုတိယအကြိမ်
—————————————
● စည်းကမ်းပြည့်ဝသော အလွဲများ
သီဟ (စခန်းသစ်)

မြန်မာ့ကာတွန်း နှစ် ၁ဝဝ ပြည့် ကာလမှာ ထွက်လာတဲ့ ကာတွန်းပေါင်းချုပ်တစ်ခုပါ။ မျိုးဆက်သစ်လူငယ် တစ်ယောက် လက်စွမ်းပြထားတဲ့၊ မကြာသေးခင်က ဖြစ်ရပ်တွေကို ထင်ဟပ်တဲ့ ကာတွန်းတွေ ဖြစ်ပါတယ်။

ဒီကာတွန်းဆရာဟာ ယဉ်ကျေးမှုတက္ကသိုလ်ကနေ ပန်းချီဘာသာရပ် သင်ယူခဲ့သူ၊ ကျောင်းပြီးသွားတဲ့နောက်ပိုင်း ကာတွန်း ဆရာအဖြစ် ရပ်တည်ခဲ့သူ၊ မြိတ်မြို့က သူ့ဇာတိ  ကျွန်းလေးကို သူ့ကလောင်အမည်မှာ ကပ်ပြီးထည့်ထားသူပါ။ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်တယ်လို့ယူဆရပေမယ့် ကာတွန်း အတော်များများက မြို့ပြအခြေအနေတွေအကြောင်း ဖြစ်နေတာကတော့ သူဟာ လောလောဆယ် ရန်ကုန်မှာ အခြေချနေတဲ့အတွက် ဖြစ်ပါလိမ့်ယ်။

သူ့ရဲ့ကာတွန်းအတွေးတွေ ကောင်းသလို လက်ရာကလည်း အပျံစားထဲမှာ ပါပါတယ်။ စာမျက်နှာ ၉၂ ကာတွန်းမှာ ပါဝင်တဲ့ စာသားကတော့ “မြေသိမ်းခံရလိုက်၊ ဆန္ဒထွက်ပြလိုက်၊ တရားစွဲခံရလိုက်၊ ထောင်ကျခံရလိုက်နဲ့ မင်းတို့မို့ စပါးစိုက်စားနေသေး တယ်။

ငါတို့ ဘိန်းစိုက်စားလာတာ အေးဆေး၊ ဘာပြဿနာမှ မရှိဘူး” ဆိုတာပါပဲ။ “စည်းကမ်းပြည့်ဝသော အလွဲများ” ဟာ သွယ်ဝိုက်ပြီး ဖော်ပြတာမျိုး မဟုတ်ဘဲ တည့်တည့်ပြောတဲ့ ကာတွန်းများကို စုစည်းထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ခေတ်နဲ့ မျက်ခြေမပြတ်တဲ့ စာဖတ်ပရိသတ်ဆိုရင် သူ့ရဲ့ စာနယ်ဇင်းကာတွန်းများ စုစည်းမှုကို နှစ်သက်မှာ သေချာပါတယ်။ ကာတွန်းလက်ရာပေါင်း ၁၇ဝ မှာ ဝါးလုံးကွဲ ရယ်ရမယ့်ကာတွန်း၊ ရင်နာနာနဲ့ မချိပြုံး ပြုံးရမယ့်  ကာတွန်း စသဖြင့် မျိုးစုံ ပါဝင်ပါတယ်။ သရော်ထား၊ ဆော်ထား၊ လှောင်ပြောင်ထားတာတွေလည်း  ထည့်သွင်းထားတာ ဖြစ်တဲ့အတွက် အဲဒါတွေဟာ
တချို့သောသူတွေအတွက်တော့ အနာပေါ် တုတ်ကျသလိုခံစားရမယ့် ကာတွန်းများ ဖြစ်ပါကြောင်း။

စာမျက်နှာ ၁၇ဝ၊ ကျပ် ၂,၅ဝဝ၊  ရုပ်ပြောင်စာပေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts