ခရီးသွား ဆောင်းပါး မောင်ရင်ငတေ

မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ပါရီ-ရှန်ဂန် အစုန်အဆန်)

မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ပါရီ-ရှန်ဂန် အစုန်အဆန်)
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၅

ပါရီ- ပေါ်တိုမှတဆင့်  ….
 

Vueling Airlines VY 1985 EC-MBD (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ စီးနင်းလာတဲ့ စပိန်ရဲ့ Vueling Airlines လေကြောင်းလိုင်းပိုင် အဲယားဘတ်စ် အေ ၃၂၀-၂၁၄ လေယာဉ် ပျံကြီးဟာ ပေါ်တူဂီနိုင်ငံ ဒုတိယမြို့တော်ပေါ်တိုမြို့ရဲ့ Aeroporto Francisco Sá Carneiro ကို ညှင်သာစွာ ဆင်းသက် လာခဲ့ပါပြီ၊ အဲဒီလို ခရီးစဉ်တခုပြီးဆုံးခြင်း အထိမ်းအမှတ်နဲ့ တီးလေ့တီးထရှိတဲ့ လက်ခုပ်သံများကိုတော့ မကြားရတော့ပါဘူး၊ လွန်ခဲ့တဲ့ အနှစ် အစိတ်ကျော် သုံးဆယ်က လေယာဉ်ပြေးလမ်းနဲ့ လေယာဉ်ဘီးထိလိုက်တာကို သိလိုက်ရတဲ့အချိန်မှာ ညီညာစွာတီးလိုက်ကြတဲ့လက်ခုပ်သံကို မောင်ရင်ငတေ အမှတ်ရမိရင်း စိတ်ထဲကနေသာ တဖြောင်းဖြောင်း တီးလိုက်မိပါတယ်၊ နှစ်ကာလတွေ ပြောင်းတာနဲ့အမျှ လူ့စိတ်တွေလည်း ပြောင်းလာလို့ထင်ပါရဲ့။

အဲဒီ မောင်ရင်ငတေစီးနင်းခဲ့တဲ့ အဲယားဘတ်စ် အေ ၃၂၀-၂၁၄ EC-MBD လေယာဉ်ကြီးက အသစ် စက်စက်တော့ မဟုတ် ပါဘူး၊ ၂၀၀၈ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဆိုတော့ အတော် လတ်သေးတယ်လို့ ပြောလို့ ရနိုင်ပါတယ်၊ မူလပထမ ပိုင်ရှင်ကတော့ ယူအေအီးရဲ့ Air Arabia ပါ။ ၂၀၁၄ ခုနှစ်မှာ စပိန် Vueling လိုင်းကို ရောက်ရှိလာတာပါ။ ထုတ်လုပ်ပြီးခဲ့သမျှ အေ ၃၂၀ လေယာဉ်အစင်း ၇၀၀၀ နီးပါးထဲက အမှတ်စဉ် ၃၄၄၄ မြောက်ပါ၊ ပျံသန်းခြင်းအဓိပ္ပါယ်ရပါတဲ့ Vueling ကို စီးလို့ မောင် ရင်ငတေ ပေါ်တိုမြို့ကို ရောက်ရှိလို့လာခဲ့ပါပြီ။


Porto-Lisboa-Madrid (Photo MKN Google)

ဒီခရီးစဉ်ကို မောင်ရင်ငတေ ရေးဆွဲလို့နေတာကတော့ အခုမှ မဟုတ်ပါဘူး၊ အတန်ငယ် ကြာခဲ့ပါပြီ၊ မောင်ရင်ငတေရဲ့ ခရီးသွားလောဘက ကြီးလွန်းလှတယ် ပြောရမလား မသိပါဘူး၊ ဇိမ်ခံခရီးပြောလို့မရနိုင်တဲ့ ခရီးမျိုးတွေကိုသာ မောင်ရင်င တေက သွားချင်တယ်လို့ ဆိုရပါမယ်၊ ငါးရက်တပတ်ခရီးကို အနည်းဆုံး သုံးလေးနေရာလောက်ကို ရောက်အောင် သွားချင်တာပါ၊ ဥရောပဆိုတာက ရှန်ဂန်ဗီဇာဆိုတာရဲ့ အကျိုးကျေးဇူးကြောင့်ရော နိုင်ငံတွေက သိပ်မကျယ်တာကြောင့်ရော လေကြောင်းအပြင် ကားလမ်း ရထားလမ်း လမ်းပန်းဆက်သွယ်ရေးတွေက ကောင်းတာကြောင့် တနေရာနဲ့ တနေရာ ကိုမောင်ရင်ငတေလို အပင်ပန်းခံနိုင်ရင် သွားချင်မိတဲ့နေရာတွေက မကုန်ခမ်းနိုင်ပါဘူး၊ ပြီးခဲ့တဲ့ ကိုးလ ပိုင်းအစက အခုခရီး ကို သွားမယ်ဆိုပြီးမှ  အခြေအနေမပေးလာခဲ့လို့ Côte d’Azur-Genova ခရီးကို စီစဉ်ဖြစ်ပြီး မြေထဲပင်လယ်ဆီသို့ ရောက် သွားခဲ့ပါတယ်၊ အနောက်တိုင်းသားတွေဟာ နွေမိုးဆောင်း မိုးလေဝသ ရာသီအပေါ်မှာ အခြေခံပြီး ခရီးသွားကြသလို ရုံးကျောင်းအလုပ် ပိတ်ရက်တွေကိုချိန်ပြီး ခရီးသွားတတ်ကြပါတယ်၊ အဲဒါကြောင့် သူတို့အသွားများတဲ့လမ်းကြောင်းတွေက အသွားအများဆုံးအချိန်တွေမှာ လက်မှတ်ရောင်းစားကြသူများကလည်း ဈေးအကြီးဆုံးထား ဈေးကစားပြီး ရောင်းကြ ပါတယ်၊ မောင်ရင်တေကတော့ ပိုက်ဆံအပိုအကုန်မခံနိုင်သူမို့ အဲသလိုမျိုးကို ကြိုကြိုတင်တင်လေး အချိန်ယူစီစဉ် လမ်း ကြောင်းပြောင်း လက်မှတ်ဝယ်ပါတယ်၊ ဒါ့ကြောင့် အရှေ့တောင်ဘက်သွားမယ် စဉ်းစားပြီးမှ အနောက်တောင်ဒေါင့်ကို ရောက်သွားတတ်တာမျိုးပါ၊ ခရီးတခုသွားရင် သုံးလေးနေရာ ရောက်ရမှ ကျေနပ်တတ်တဲ့စိတ်ကြောင့် ဒီခရီးကို သွားဖြစ်ခဲ့ ရင်ဆိုပြီး စိတ်ကူးနဲ့ ရေးဆွဲထာခဲ့တာကPorto-Lisboa-Madrid (သို့) Porto-Lisboa-Sevilla (သို့) Sevilla-Malaga-Gibraltar ပါ၊ အဲဒီမှာမှ အဆင်ပြေတဲ့ Porto-Lisboa-Madrid ကို ရွေးချယ်ဖြစ်ခဲ့ပြီး အင်္ဂလိပ်ပိုင်နယ်မြေဖြစ်တဲ့ ဂျီဘရော်တာ ပါဝင်နေတဲ့ Sevilla-Malaga-Gibraltar ခရီးကိုတော့ နောက်များမှလို့ တေးမှတ်ထားပါတယ်၊

ပါရီကနေ ပေါ်တိုကို ကီလိုမီတာ တထောင်ခြောက်ရာကျော် ဝေးကွာတာမို့လို့ ကားတွေ ရထားတွေ စီးရင် တညနဲ့တနေ့ နီးပါးကြာမှာဖြစ်လို့ အချိန်မရလို့ ဒီတခါတော့ မောင်ရင်ငတေ ဝေဟင်ခရီးစဉ်ကို အသုံးပြုရပါတယ်၊ ရထားခက လေယာဉ် ခထက် ပိုဈေးကြီးတာကြောင့်လည်းပါပါတယ်၊ ဒီတခါတော့ အွန်လိုင်းကနေလက်မှတ်ဝယ်တော့ မောင်ရင်ငတေသွားချင် တဲ့ပုံစံ တြိဂံခရီးစဉ်ကို ပုံဖော်ဖို့အတွက် Multi Destinations နဲ့ ဝယ်ကြည့်ပါတယ်၊ လက်မှတ်တွေက အသွားတကြောင်းစာနဲ့ အသွားအပြန် လက်မှတ်ရယ်မှာ တကြောင်းတည်းဝယ်တဲ့ လက်မှတ်က ပိုဈေးကြီးပါတယ်၊ အခုတော့ ခရီးစဉ်နှစ်ခု အတွက် တပြိုင်နက်တည်း တွဲဝယ်ကြည့်တော့ ဈေးသက်သာတာကို တွေ့ရပါတယ်၊ ပါရီကပေါ်တိုနဲ့ အပြန်အတွက် မာဒရစ်ကပါရီလက်မှတ်ကို တွဲဝယ်တဲ့ဈေးက ယူရိုတရာမျှသာရှိတာပါ၊ အဲဒါကြောင့်အသွားအတွက် Iberia အပြန်အတွက် Transavia ဆိုပြီး မတူတဲ့ လေကြောင်းလိုင်းနှစ်လိုင်း တွဲပြီးဝယ်ဖြစ်ခဲ့ပါတယ်၊ ပေါ်တူဂီပိုင် TAP Portugal လေကြောင်းလိုင်းကိုတော့ အချိန် အစဉ်မပြေဖြစ်လို့ အားပေးချင်ပေမယ့် အားမပေးဖြစ်ခဲ့ပါဘူး၊

Aerolínea Iberia လေကြောင်းလိုင်းက Flag Carrier ခေါ်စပိန်ရဲ့နိုင်ငံပိုင် နေရှင်နယ်လေကြောင်း လိုင်းပါ၊ ဒါပေမယ့် မောင်ရင်ငတေရဲ့ ပါရီ-ပေါ်တိုလေယာဉ်ခရီးစဉ်ကိုတော့ Iberia လေကြောင်းက တာဝန်ယူ စီစဉ်တာ မဟုတ်ပါဘူး၊ ချွေတာသူများအတွက် အထူးသဖြင့်ကတော့ ကိုယ့်စရိတ် ကိုယ် ပေးစီးကြရသူများအတွက် ရည်ရွယ်ပြီး လက်ခွဲလေကြောင်းလိုင်းက တာဝန်ယူ စီစဉ်တာပါ၊ အဲဒီလို သက်သာ လေကြောင်းလိုင်း အသေးလေးတွေက တခါတရံမှာ မြို့ပြင်အတော်ဝေးဝေးက လေဆိပ် ခပ်သေးသေးတွေမှာ ဆိုက်ကပ်ရပ်နားတတ်တာကြောင့် လေယာဉ်ဖိုးထက်တက္ကစီခက ပိုလို့များနေ တတ်ပါတယ်၊ အဲဒါကြောင့် ပါရီတို့ရောမမြို့ တို့လို လေယာဉ်ကွင်း သုံးလေးကွင်းရှိနေရင် မသွားခင် သေချာ လေ့လာထားဖို့ လိုအပ်ပါတယ်၊ သိပ်မကြာခင်က မောင်ရင်ငတေဆီ ပါရီမြို့ကိုအလည်လာ သွားသူတယောက် ရောမမြို့ကြီးမှာ လေဆိပ်မှားသွားခဲ့လို့ နောက်ထပ်လေယာဉ်လက်မှတ်ဖိုး ယူရို ရာကျော် ထပ်မံကုန်ကျ သွားရပါတယ်၊ အဲဒါကြောင့် အဲသလိုမျိုးမဖြစ်ရလေအောင် မောင်ရင်ငတေ သွားမယ့်ခရီးကို အသေအချာ ကြိုတင် ပြင်ဆင်တာပါ၊ ဒီတခေါက်သွားမှာက ကိုရွှေဗမာတွေ မရှိတဲ့ နေရာကို သွားမှာ မဟုတ်လား၊ (မောင်ရင်ငတေနဲ့ မသိသူများ ရှိကောင်းတော့ ရှိနိုင်ပါတယ်၊)

မောင်ရင်ငတေ အခုနောက်ပိုင်း ခရီးတခုသွားမယ် စဉ်းစားရင် သုံးပွင့်ဆိုင်ခရီးတွေ သွားလို့ရအောင် စဉ်းစားပါတယ်၊ မိတ်ဆွေသူငယ်ချင်း လူခံရှိတဲ့ နေရာသွားရင်တော့ ဒီလောက် ခေါင်းရှုတ်ခံ စဉ်းစား နေစရာ မလိုအပ်ပေမယ့် မရောက်ဖူးတဲ့အပြင် အသိတယောက်မှ မရှိ ဘာသာစကား မတူတဲ့နေရာ တနေရာကို ဘတ်ဂျက်တွက်ပြီး သွားရတာဖြစ်လို့ သေချာအောင် အကြိမ်ကြိမ် ကြိုတင်လေ့လာရပါ တယ်၊ အင်တာနက်ခေတ်မှာမို့ အွန်လိုင်းလက်မှတ် ကိုယ်တိုင်ရွေးဝယ်ရတာမို့ စိတ်ကြိုက် ရှာဖွေခွင့် ရသလို အမှားအယွင်း များတတ်တာမို့ ဂရုစိုက် ရတာပါ၊ မောင်ရင်ငတေ ဝယ်လေ့ဝယ်ထရှိတဲ့ ကား ရထား လေယာဉ်လက်မှတ်အမျိုးအစားတွေ ဟော်တယ်ငှားတာတွေက ဈေးအသက်သာဆုံးဖြစ်လို့ ရက်ချိန်းရက်ပြောင်း လုပ်လို့မရပါဘူး၊ သေချာပြီဆိုမှ လုပ်ရတာပါ၊ မသေချာလို့က အဆုံးပါ၊


Aéroport de Paris- Orly-Ouest (Photo Google)

ပါရီအော်လီလေဆိပ်က ပါရီမြို့ရဲ့ တောင်ဘက်အခြမ်း မောင်ရင်ငတေတို့နေတဲ့ နေရာဘက်ခြမ်းမှာ တည်ရှိပါတယ်၊ ဒါပေမယ့်လို့ နီးတယ်လို့တော့ပြောလို့ မရပါဘူး၊ ပါရီရဲ့ အကြီးဆုံး တရုတ်တန်းရှိရာ ၁၃ ရပ်ကွက်ကို ဖြတ်သန်းသွားပါတဲ့ မြေအောက်ရထားလိုင်း အမှတ် ၇ ရဲ့ ဂိတ်ဆုံး Villejuif-Louis Aragon ဘူတာကနေ Tramway ထရန်းဝေးလိုင်း အမှတ် ၇ ကို စီးသွားရပါတယ်၊ အလွယ်မှတ်ချင် ရင်တော့ M-7 နဲ့ T-7 နှစ်ဆင့်စီးရတာပါ၊ ဈေးနည်းပြီး အလွယ်ဆုံးနည်းပါ၊ တခြားနည်းတွေကတော့ တက္ကစီနဲ့ သွားမလား အဲယားပို့စ်ဘတ်စ် စီးမလား သွားလို့ ရပါတယ်၊ Aéroport de Paris-Orly မှာ Orly Sud နဲ့ Orly Ouest ဆိုပြီး Terminal နှစ်ခု ရှိပါတယ်၊ သတိထားရမှာ တခုက Tramway T-7 Aéroport d’Orly ဘူတာက Orly Sud ကိုသာရောက်ပါတယ်၊ Orly Sud ကနေပြီး Orly Ouest ကို တဆင့် စီးသွားရပါသေးတယ်၊ အချိန်လုသွားရသူများ သတိထားဖို့ပါ၊

လေဆိပ်ရောက်ပြီး Iberia ကောင်တာမှာ တန်းစီ လက်မှတ်ထုတ်ပြတော့ မောင်ရင်ငတေ စိတ်ထင် ထားတဲ့အတိုင်း အီဘေရီးယားလေယာဉ် မဟုတ်ဘဲ စီးရမှာက Vueling ပျံသန်းခြင်း ခရီးစဉ်အမှတ် VY 1985 ပါ၊ စပိန်ရဲ့ပထမ မာဒရစ်အခြေစိုက် အီဘေရီးယားနဲ့ စပိန်ဒုတိယ ဘာစီလိုနားအခြေစိုက် Vueling လိုင်းနှစ်လိုင်းကသိပ်မကွာလှသလို ဥရောပမှာတော့ နာမည်သိပ်မကြီးတဲ့ ဒုတိယတန်းစား လေကြောင်းလိုင်းတွေသာပါ၊ လိုင်းနှစ်လိုင်းစလုံးကလည်း နာမည်ပျက်သိပ်မရှိလှတာမို့လို့ ဘာစီးစီး အတူတူမို့ ခရီးတွင်ဖို့ကသာ ပိုအရေးကြီးပါတယ် မဟုတ်ပါလား၊


Décollage de l’Aéroport d’Orly (ဓါတ်ပုံ မရငတ)

ပါရီ Orly လေဆိပ်ကနေ မနက် ၁၁ နာရီ ၅၀ စတင် ထွက်ခွာရမယ့် လေယာဉ်ဟာ စပိန်နဲ့ ပေါ်တူဂီ ဘက်မှာ မနက်ပိုင်း မြူတွေဆိုင်း တိမ်တွေထူထပ်နေတာကြောင့် ထင်ပါရဲ့၊ ပါရီကို အဝင်နောက်ကျပါတော့တယ်၊ ပါရီကပြန်ထွက်တော့ တနာရီခန့် နောက်ကျနေပါပြီ၊ အဲဒါကြောင့် ပေါ်တိုလေဆိပ်ကို ၁၂ နာရီ ၅၅ မိနစ်မှာ ရောက်ရမယ် ဆိုပေမယ့် နေ့ခင်း နှစ်နာရီမှ ဆိုက်ရောက်ပါတော့တယ်၊ အမှန် တကယ်တော့ လေယာဉ်ပျံသန်းချိန်က နှစ်နာရီငါးမိနစ်ပါ၊ ဒါပေမယ့် ဥရောပအနောက်စွန်း ပေါ်တူဂီ စံတော်ချိန်သတ်မှတ်ချက်က အင်္ဂလန်တို့ အိုင်ယာလန်တို့နဲ့ သွားတူပါတယ်၊ စပိန် ပြင်သစ်တို့ထက် တနာရီနောက်ကျ အိပ်ယာထကြသူတွေပေါ့၊ အဲဒါကြောင့် လက်ပတ်နာရီ ပတ်သူများ နာရီလက်တံ တနာရီ နောက်ရွှေ့ရမှာပါ၊

အဲယားဘတ်စ် အေ ၃၂၀ လေယာဉ်တွေက အလတ်စား အရွယ်တွေပါ၊ တဘက်ကို ထိုင်ခုံသုံးလုံးစီ ခြောက်လုံးတန်း အတန်းသုံးဆယ်ခန့်ပါလို့ ခရီးသည် ၁၈၀ လောက်ထိဆန့်ပါတယ်၊ မောင်ရင်ငတေ ထိုင်ခုံနံပတ်က ၂၁ အက်ဖ် ဆိုတော့ ပြူတင်းပေါက်အနား လေယာဉ်တောင်ပံရဲ့ အနောက်ဘက်မှာ ဖြစ်လို့ မောင်ရင်ငတေ့ စိတ်ကြိုက်နေရာပါ၊ ညဘက်ပိုင်းဆိုခဲ့ရင်တော့ ဘေးဘီဘာကိုမှ မမြင်ရပါလို့ အကြောင်း မဟုတ်ပေမယ့်လည်း နေ့ခင်းနေ့လည် ဆိုရင်တော့ ခရီးသွားချိန် မအိပ်တတ်တဲ့အတွက် ပြူတင်းနားမှာ ထိုင်မှသာ မောင်ရင်ငတေ မှတ်တမ်းတင်ချင်မိတာတွေ တင်လို့ ရမှာပါ၊ လေယာဉ်ရဲ့ တောင်ပံနောက်မှာ ထိုင်လိုရခြင်း အကြောင်းရင်းကတော့ အတားအစီးမဲ့ အာကာသ ဟင်းလင်းပြင် တိမ်ထုတွေပေါ်မှာဖြစ်ဖြစ် တိမ်ထုကင်းစင်နေချိန်ဖြစ်ဖြစ် မျက်စေ့ရှေ့မှာ ဘာမှရှိနေတာထက်စာရင် လေယာဉ်တောင်ပံကြီး နိမ့်လိုက်မြင့်လိုက် ဝေ့ဝိုက်လိုက်ကို မြင်တွေ့ရတာကိုက ခံစားရမှု တမျိုးပါ၊


တိမ်ထုပေါ်က Vueling VY 1985 (ဓါတ်ပုံ မရငတ)

ပါရီ အော်လီလေဆိပ်ကနေ လေယာဉ်ဘီးမြေကြွပြီး တမိနစ်မျှ မကြာလိုက်ခင်မှာဘဲ အဲယားဘတ်စ် ၃၂၀-၂၀၀ လေယာဉ်ကြီးက တိမ်ထုထဲကို ဝင်ရောက်လို့သွားပါပြီ၊ ပါရီရဲ့ ဒီဇင်ဘာဆောင်းကလည်း မိုးတပြိုက်နှစ်ပြိုက်ကျလိုက် နေတချက်နှစ်ချက်ပူလိုက်နဲ့ နေတဝက် တိမ်တဝက် ရာသီကိုး . . …..၊

တိမ်ထုပေါ်မှာ လေယာဉ်စီးခြင်းကလည်း ဖီလင်တမျိုး ခံစားရပါတယ်၊ မောင်ရင်ငတေတို့ မြေကြီးပေါ်ကနေ ဟိုးမိုးကောင်းကင်ပေါ်က တိမ်ဖြူဖြူဖြစ်ဖြစ် တိမ်ညိုညိုဖြစ်ဖြစ် မည်းမှောင်နေတဲ့ တိမ်ထုကိုပဲဖြစ်ဖြစ် မိုးသက်လေအေးအေးနဲ့အတူ ပြေးနေတာကို တွေ့ဖူးကြမှာပါ၊ မောင်ရင်ငတေကတော့ အဲဒီလို ခေါင်းကိုမော့လို့ ကြည့်ခဲ့ရပါတဲ့ ဒီ တိမ်ဆိုင်တိမ်လိပ်တိမ်ထုတွေက မျက်စေ့အောက်မှာ ရောက်နေပြန်တော့လည်း ခံစားရတဲ့ဖီလင်က မတူထူးခြားတဲ့ နောက်တမျိုးပေါ့၊ အဲဒါကို အမှတ်တယ မှတ်တမ်းတင်ခဲ့မိတာပါ၊

ပါရီ ပေါ်တို ခရီးစဉ် တဝက်ကျော်ခန့်ရောက်တော့ တိမ်ဖြူဖြူတွေ ပါးလွှာသွားပြီး စပိန်နဲ့ ပြင်သစ်ကို ပိုင်းခြားထားတဲ့ ပီရေနေးတောင်တန်းရဲ့ တောင်ထွဋ်များကို လေယာဉ်အောက်ပေနှစ်သောင်းကျော် အကွာမှာ ခပ်ရေးရေးမက မြင်တွေ့နေရပါတယ်၊ တခါတရံမှာတော့ အတော်ကြီးကို ထင်ထင်ရှားရှား ကြည်ကြည်လင်လင် မြင်ရပါတယ်၊ အဲဒါတွေကို မြင်တွေ့ချင်မိလို့ ဒီလိုနေ့ပိုင်းခရီးတွေကို သွားဖြစ်ဖို့ ကြိုတင်ပြီး စီစဉ်ရတာပါ၊ ရာသီဥတုသာယာဖို့ကတော့ ကုသိုလ်ကံပေါ့လေ၊ အများအားဖြင့်ကတော့ တောင်ပိုင်းဥရောပက မြောက်ပိုင်းထက် နေပိုအမြင်များတာပါ၊ မိုးမရွာဖို့ အရေးကြီးပါတယ်၊ ဒီကနေ့
စပိန်နဲ့ ပေါ်တူဂီရဲ့ ရာသီဥတုကတော့ သာသာယာယာ ရှိလှပါပေတယ်၊


အမြင့်ပေသုံးသောင်းကျော်မှ ပီရေနေးတောင်တန်းများကို လှမ်းမျှော်၍ကြည့်ခြင်း (ဓါတ်ပုံ မရငတ)

ပီရေနေး တောင်တန်းများရဲ့ အမြင့်ဆုံးတောင်ထွဋ်များက ပေတသောင်း ပေတသောင်းကျော်ကျော် မြင့်တာပါ၊ အဲဒီတော့ လေယာဉ်ပျံသန်းနေတဲ့အမြင့်နဲ့ တောင်ထွဋ်တွေရဲ့အမြင့်ကြားမှာ ကွာဟမှုက ပေနှစ်သောင်း နီးပါးသာမို့ ထင်ပါရဲ့၊ ပီရေနေးတောင်တန်းများကို အတော်အတန် မြင်တွေ့ခွင့်တော့ ရလိုက်ပါတယ်၊ ပီရေနေးတောင်ထိပ်ပေါ်ကနေ မိုးကောင်းကင်ကိုမော့လို့ ကြည့်ခဲ့ရတဲ့ အရသာနဲ့ကတော့ ပြောင်းပြန်လို့သာ ပြောရမယ် ထင်မိရကြောင်းပါ၊

အဲဒီလို ပီရေနေး တောင်တန်းများရဲ့ လှပမှုတွေကို ခံစားလို့ မဝသေးခင်မှာ လေယာဉ်မှူး အခန်းက ကြေညာချက် စကားသံ ထွက်လာပါတယ်၊ မောင်ရင်ငတေတို့ စီးနင်းလာတဲ့ လေယာဉ်ပျံက ပေါ်တို နယ်မြေကို ချည်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်း ပေသုံးသောင်းကျော်အမြင့်က စတင်လို့ နိမ့်ဆင်း လာပြီ ဖြစ်ကြောင်း များမကြာမီ အချိန်အတွင်းမှာ ပေါ်တိုမြို့ Aeroporto do Porto-Francisco Sá Carneiro နိုင်ငံတကာလေဆိပ်ကို ဆင်းသက် ဆိုက်ရောက်တော့မှာဖြစ်ကြောင်း သာယာလှပသော နေ့တနေ့ဖြစ်ပါကြောင်း ပေါ်တူဂီခေါ်တဲ့ ပူတကေရွှေတိုင်းပြည်ကြီးမှ Bem-Vindo ကြိုဆိုပါကြောင်း စသဖြင့် ပြောကြားသံကို ကြားလိုက်ရပါတယ်၊

အဲဒီလို ကြေညာသံ ကြားလိုက်ရပြီးနောက် ချက်ချင်းကြီးတော့ လေဆိပ်ကို ဆင်းသက်တာ မဟုတ် သေးပါဘူး၊ မောင်ရင်ငတေလည်း မြေပြင်ကို ငုံ့ကြည့်လိုက်တော့ ဟုတ်ပါတယ်၊ ပေါ်တိုရဲ့ရာသီဥတုအတော်လေး သာယာနေတာမို့ မြေပြင်ကို သဲကွဲစွာ မြင်နေရပါပြီ၊ ကားလမ်းတွေနဲ့ တံတားကြီးတွေ ပေါ်မှာ အပြင်းမောင်းနေတဲ့ ကားလေးတွေကိုတောင်မှ အထင်းသားကြီး မြင်နေရပါပြီ၊မကြာခင်မှာတော့ မောင်ရင်ငတေ အရမ်းရောက်ချင်ခဲ့တဲ့ မြို့ပေါ်တိုရဲ့ အသက်သွေးကြော မြစ်မင်း ဖြစ်တဲ့ Rio Douro (စပိန်လိုတော့ Duero ပေါ့ ဗျာ) မြစ်ကြောင်းစိမ်းစိမ်းကို မြင်တွေ့လိုက်ရပါတယ်၊ တဆက်တည်းလိုလိုမှာပဲ လေယာဉ်က မြေပြင်နဲ့ နီးကပ်လာသလို အီဖယ်ရဲ့ တံတားကြီးအပါအဝင် ပေါ်တိုရဲ့ နာမည်ကျော် ဒူရို (အမှန် အသံထွက်ကတော့ ဒိုအူရို ဆိုတဲ့ အသံနဲ့ ပိုနီးစပ်မှာပါ၊) မြစ်ကူး တံတားကြီး ခြောက်စင်းကို တွေ့လိုက်ရပါပြီ၊ ဒူရိုမြစ်အလှနဲ့ မြို့ပေါ်တိုရဲ့ အလှကိုတော့ ရသမျှလေး လေယာဉ်ပေါ်ကနေ မောင်ရင်ငတေ ရိုက်ကူးခဲ့တာကို ကြည့်ကြည့်ကြပါတော့၊ ပေါ်တိုရဲ့အကြောင်း လှပသာယာမှုတွေကို အပိုဆာဒါးတွေ မောင်ရင်ငတေ ဒီနေရာကနေ သိပ် မပြောချင်ပါဘူး၊ ဥရောပ ဒေသကြီးရဲ့ တတိယမြို့ အဆင့်လောက်သာ ကြီးကျယ်ခမ်းနားပါတယ်ဆိုတဲ့ ပေါ်တိုမြို့ကလေးက သွားလည်သင့်တဲ့ မြို့တမြို့ဖြစ်ကြောင်းကို မောင်ရင်ငတေ လေယာဉ်ပေါ်ကမဆင်းခင်လေးမှာတင် အတည်ပြု ထောက်ခံချက်ကိုတော့ ရဲရဲကြီး  ပေးလိုက်ပါပြီ ခင်ဗျား၊


Aeroporto do Porto-Francisco Sá Carneiro (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေစီးခဲ့တဲ့ ပါရီ-ပေါ်တိုသွား အဲယားဘတ်စ်အေ ၃၂၀ ပေါ်မှာတော့ ကြားရက်ဆိုပေမယ့် လူကတော့ အပြည့်နီးပါးပါ၊ စပိန်ပိုင် Iberia+Vueling လေကြောင်းလိုင်းကြီး နှစ်ခုရဲ့ ပူးတွဲစီစဉ်မှုနဲ့ မောင်ရင်ငတေ ပေါ်တူဂီမြေကြီးသို့ ရောက်လာခဲ့ပါပြီ၊ လေယာဉ်က ဖြေးဖြေးညှင်သာစွာနဲ့ လေဆိပ် ခန်းမဆောင်နားသို့ ရောက်လာပါပြီ၊ ခရီးသည်တွေလည်း လှုပ်လှုပ်ရွရွနဲ့ အထုပ်အပိုးတွေ ပြင်ဆင် နေကြပါပြီ၊ မောင်ရင်ငတေတို့ ထိုင်ခုံတန်းစွန်က တချိန်လုံး မျက်နှာခပ်တည်တည်နဲ့ လေယာဉ်မယ် လေးတွေကို တလမ်းလုံးရစ်လာခဲ့တဲ့ ခရီးသည်အဖွားကြီးလည်း မကြာခင်မှာ သူမရဲ့ဘိုးတော်ကြီးနဲ့ တွေ့ရတော့မှာ ထင်ပါရဲ့ မျက်နှာအနည်းငယ် ပြုံးယောင်ယောင်သန်းလို့ လာပါပြီ၊ မောင်ရင်ငတေလည်း ကမန်းကတန်းနဲ့ပါလာတဲ့ ပစ္စည်းပစ္စယလေးတွေ ကောက်ခါထည့် လေယာဉ် အပေါက်ဝရှိရာကို အထုပ်ထမ်း ထွက်လာခဲ့ပြီး လေယာဉ်မယ်လေးတွေကို Obrigado အော်ဘရီဂဒို ဆိုပြီး နှုတ်ဆက်လက်ပြလို့ လေဆိပ်ခန်းမရှိရာသို ထွက်လာခဲ့တော့ပါတယ်၊


Aeroporto do Porto-Francisco Sá Carneiro (ဓါတ်ပုံ မရငတ) (De Bonjour à Olá)

ဘွန်ရှုးမှ အို့လာဆီသို့ ရောက်ခဲ့ပါပြီ၊
ဤကဲ့သို့ ဤကဲ့သို့  . . . . . . . … .. .. . .. …. … ….. ..
ဒီ ပါရီ ပေါ်တို လေယာဉ် နှစ်နာရီသာသာ ခရီးစဉ် တလျှောက်မှာ  . … . . . . မှတ်တမ်းတင် ရသမျှ တင်ခဲ့ပါတယ်၊ .. . . …… . . ….. . … .. . … . .. . . . … . . . . … . . . . . . ……….. . . .. .. . …..၊

အဲဒီလို ဘယ်သူတဦးတယောက်ကမှ စေခိုင်းချက် မဟုတ်ပါဘဲနဲ့ မနားမနေ မှတ်တမ်းတင်ခဲ့မိရတာ လေးတွေကို ခံစားချက်ခြင်း တူမယ်ဆိုရင်တော့ ဒီနေရာတွေမှာ ဝင်ကြည့်နိုင်ကြောင်းပါ ခင်ဗျာ၊

Vueling Airlines VY 1985 . .. . . …. …… Décollage de l’aéroport .. . . …..


အမြင့်ပေ သုံးသောင်းကျော်မှ ပီရေနေးတောင်တန်းများကို လှမ်းမျှော်၍ ကြည့်ခြင်း

Débarquement à l’Aeroporto do Porto-Francisco Sá Carneiro . . .. .. … .. …..

ဒီ ပါရီ-ပေါ်တိုမှတဆင့်  . . . ….. သို့မဟုတ် နှုတ်ခွန်းဆက်စကားအရ ဆိုရင် (De Bonjour à Olá) (ဘွန်ရှုးမြေမှ အို့လာမြေဆီသို့) စာစုများ ရေးဖို့ တေးထားတာ အများကြီး ရှိနေပါတယ်၊ တချို့သော စာကြောင်းတွေ စာပုဒ်တွေကိုလည်း သွားဖို့လေ့လာရင်း ကြိုတင်ရေးထား ဖြစ်ခဲ့တာတွေ ရှိပါတယ်၊ နောက် ခရီးတခု မသွားဖြစ်ခင်စပ်ကြား အဆုံးသတ် ရေးနိုင်ဖို့ ကြိုးစားပါဦးမည်၊


အို့လာ ပေါ်တို . ….  …. အော်ဘရီဂဒို ပေါ်တို . . . …..
(Olá Porto  . . . …… . .. …. Obrigado! Obrigada!)

မောင်ရင်ငတေ ၁၈၁၂၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ပါရီ-ရှန်ဂန် အစုန်အဆန်)
  1. Please write more about the places and the people and their cultures. We ve been on planes many times and are not interested in buying tickets and being on the planes. I feel like we didnt learn anything from this essay.

Comments are closed.