ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) အတွေးအမြင်

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – “ပြောင်းလဲပစ်ရမယ့် စည်းကမ်း, စိတ်ဓာတ်, ပညာ”

 
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) –  “ပြောင်းလဲပစ်ရမယ့် စည်းကမ်း, စိတ်ဓာတ်, ပညာ”
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၅

 

မနေ့က(၂၅.၁၂.၁၅နေ့မှာ) တောင်စွန်း ဓမ္မဘေရီ နဲ့ရွှေစေတီကျောင်းတိုက်မှာမန္တလေး စာရေးဆရာနဲ့စာနယ်ဇင်းသမားများက  တန်ဆောင်မုန်းလပြည့်နေ့က စာပေါင်းခင်းပြီးသွားတဲ့ ကထိန်အလှူတော်အောင်ပွဲ တရားနာ ရေစက်ချပွဲ ပြုလုပ်ပါတယ်။

 
ထွန်းဦးစာပေ မောင်ထွန်းဦးနဲ့ ဆရာညီစေမင်းတို့ ဦးဆောင်တဲ့ စာပေညီအကိုမောင်နှမလေးဆယ်ခန့်တို့ လာရောက်ပြုလုပ်ကြတာပါ။ နောက်နေ့မှာ ကျိုက်ခမီဘက်ခရီးဆက်ကြမှာမို့ ညပိုင်းမှာပဲ တရားနာရေစက်ချပွဲအပြီးလုပပေးလိုက်ပါတယ်။
 
ဟောခဲ့တဲ့ တရားအကျဉ်းချုပ်ကတော့
 
ဒီနေ့ မြန်မာနိုင်ငံတော်မှာ  “ပြောင်းလဲဖို့အချိန်တော်ပြီဆိုတဲ့စကား အတော်ကျယ်လောင်လာနေပြီ၊ မြတ်ဗုဒ္ဓကတော့-“ဆင်းရဲလွတ်ချင် ပြောင်းလဲကြလို့ ပြတ်ပြတ်သားသားကို မိန့်ကြားပါတယ်။
 
ဘာတွေ ပြောင်းလဲပစ်ရမလဲဆိုတာကတော့ဗုဒ္ဓဘာသာဝင်များ အားလုံးသိထားကြတဲ့အတိုင်း
 
၁။ သီလဆိုတဲ့ အကျင့်တွေပြောင်းရမယ်တဲ့၊
ဘုရားကတော့ ဓမ္မနယ်ပယ်သားပီပီအကျင့်တွေ ပြောင်းရမယ်လို့ ယဉ်ယဉ်ကျေးကျေး ပြောတာပေါ့လေ။ လောကီနယ်သားဖြစ်ပြီ လောကီချမ်းသာအတွက်တိုက်တွန်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော့– “ခင်ဗျားတို့ောက်ကျင့်တွေ ပြောင်းပစ်ရမယ်လို့ ပြောတယ်မို့လား။ အဲဒါတွေပြောင်းလဲရမယ်။
 
၂။ သမာဓိ ဆိုတဲ့ စိတ်ဓာတ်တွေကို ပြောင်းရမယ်၊ 
ကိုယ်ကျိုးသက်သက်ကြည့်တဲ့ စိတ်ဓာတ်တွေအစား အများအကျိုး ပြည်သူ့အကျိုး ကြည်တတ်တဲ့ စိတ်ဓာတ်တွေအဖြစ် ပြောင်းပစ်ရမယ်။ စိတ်ဓာတ်ဆိုတဲ့ မနောကံဟာ ဘဝရဲ့ ညွှန်ကြားရေးမှုး ဒါရိုက်တာပဲ၊ ကာယကံ, ဝစီကံတွေက ဘဝသရုပ်ဆောင်တွေ၊ ဒါရိုက်တာကောင်း, သရုပ်ဆောင်ကောင်းတို့ စုပေါင်းကြိုးစားကြမှ ဘဝဇာတ်လမ်းကောင်းတွေ ဖြစ်နိုင်ကြမှာဖြစ်လို့ ဒီစိတ်ဓာတ်ပြောင်းလဲရေးဟာ လောကီ,လောကုတ္တရာ နှစ်ဖြာကောင်းကျိုးအတွက် အလွန်အရေးကြီးပါတယ်။ စိတ်ဓာတ်တွေ ပြောင်းဖြစ်အောင် ပြောင်းကြရမှာပါ။
 
၃။ ပညာ အသိဉာဏ်၊ ဆင်ခြင်တံတရားတွေ၊ ပညာရေးအားလုံးပေါ့။ ဒါလဲ မပြောင်းလို့ကို မဖြစ်ပါဘူး၊
 
အားလုံးသိတဲ့အတိုင်း ဒီနိုင်ငံမှာ ဘွဲ့နဲ့ပညာကို ခွဲခြားနားလည်မှု အတော်ကိုချို့တဲ့ပါတယ်။ ဘွဲ့ရတာကို ပညာတတ်တယ်ထင်ပြီး ဘွဲ့ရအောင်လုပ်ပေးတာကိုပဲ ပညာသင်တယ်လို့ ထင်ပြီး ညွှန်ကြား, သင်ကြားလုပ်နေကြလို့ အတန်းပြီးဆုံးတဲ့အခါ ပညာတတ်တွေ ပေါ်ထွက်မလာဘဲ ဘွဲ့ရ ပညာမတတ်သူတွေချည်း များနေတာ အားလုံးသိကြပြီးသား။ ဒါကြောင့် ပညာရေးတွေလဲ ပြောင်းလဲပစ်ဖို့ အရေးကြီးပါတယ်။
 
မြတ်စွာဘုရားရှင်ရဲ့ မိန့်ဆိုချက်အရကတော့ ဒီသုံးချက်ကို ပြောင်းလဲပစ်နိုင်ရင် လောကီလဲ လောကီအလျောက် လောကုတ္တရာလဲ လောကုတ္တရာအလျောက် ရည်မှန်းချက်ပန်းတိုင်ကို မုချရောက်မယ်လို့ အာမခံပါတယ်။

 
ပန်းတိုင်ရောက်အောင် ပြောင်းလဲနိုင်ကြပါစေ.. အပ္ပမာဒေန သမ္ပာဒေထ…!

 

 
၂၆.၁၂.၂၀၁၅၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts