ဓာတ်ပုံသတင်း

သွန်းခ – မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးရှေ့ ဆန္ဒထုတ်ဖော်

သွန်းခ – မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးရှေ့ ဆန္ဒထုတ်ဖော်
(မိုးမခ) ရန်ကုန်။ ဒီဇင်ဘာ ၂၅၊ ၂၀၁၅
 
           ထိုင်းနိုင်ငံ၊ လိပ်ကျွန်း – လူသတ်မှုနှင့်ပတ်သက်၍ မြန်မာလုပ်သားနှစ်ဦးအား ကော့စမွီ ခရိုင်၊ ထိုင်းတရားသူကြီးမှ  ၂၄၊၁၂၊၂၀၁၅ နေ့တွင် သေဒဏ် ချမှတ်ခဲ့သည်။ ယင်းစီရင်ချက်နှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိကြသည့် သံဃာတော်တစ်ပါး အပါအဝင် မြန်မာနိုင်ငံသား ၁၅ ဦးသည် စီရင်ချက်ချမှတ်ခဲ့သည့်  ညနေကပင် ရန်ကုန်မြို့ ၊ ထိုင်းသံရုံးရှေ့၌ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
           
လက်ရှိမြန်မာနိုင်ငံဆိုင်ရာ တရားဥပဒေအရ ဖော်ပြပါ ဆန္ဒထုတ်ဖော်ခြင်းသည် ဥပဒေ ချိုးဖောက်ရာရောက်ပါသည်ဟု ဒဂုံမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းရွှေမှ ပြောကြားခဲ့သော်လည်း ၂၅၊၁၂၊၂ဝ၁၅ – နံနက် ၉ နာရီ မှစ၍ ဆန္ဒထုတ်ဖော်လိုသူများနှင့် ပြည်တွင်း ပြည်ပသတင်းမီဒီယာများ၊ အမှုနှင့်ပတ်သက်ပြီး စိတ်ဝင်စားကြသူ မြန်မာနိုင်ငံသားများ အဆိုပါသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
           
သံရုံးတည်ရှိရာ ဒဂုံမြို့နယ်၊ မနော်ဟရီလမ်းကို သံဆူးကြိုးများနှင့် ပိတ်ဆို့ထားခဲ့ခြင်းအပေါ် ဆန္ဒထုတ် ဖော်လိုသူ မြန်မာနိုင်ငံသားများမှ မကျေမနပ်ဖြစ်ခဲ့ကြသည်။ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သံရုံးရှေ့မျက်နှာစာအထိ ၅ ယောက်တစ်ဖွဲ့စီ ဆန္ဒထုတ်ဖော်ခွင့်ပြုခဲ့သည်။ သို့သော် ဆန္ဒပြသူများ၏ တောင်းဆိုချက်များနှင့် မကိုက်ညီသဖြင့် နေ့လည် ၁း၃ဝ နာရီအထိ သံရုံးရှေ့ ဆန္ဒထုတ်ဖော်သူ လူဦးရေသာ များပြားလာခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ယူပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်နှင့် ဆန္ဒထုတ်ဖော်သူတို့အကြား ညှိနှိုင်း ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဆန္ဒထုတ်ဖော်ကြသူများထဲမှ (စည်းကမ်းမဲ့) လုပ်ရပ်တစ်ခုကြောင့် အခြေအနေပြောင်းလဲခဲ့ပြန်သည်။
 
            ညနေ၄း၁၅တွင် မြန်မာနိုင်ငံသား ဆန္ဒထုတ်ဖော်လိုသူများထဲမှ ၅ ဦးကို သံရုံးအတွင်း၌ ထိုင်းသံအမတ် နှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုခဲ့သည်။ သတင်းမီဒီယာများကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်မှာ သံရုံးလုံခြုံရေးအရဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ တစ်ဆင့် သတင်းရခဲ့သည်။ ညနေ ၄း၄၅တွင် သံရုံးအတွင်း ဝင်ရောက်ခွင့် ရခဲ့သည့် ပြည်သူ ၅ ဦးမှ ၄င်းတို့ဆွေးနွေးတောင်းဆိုချက်များနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ မှတစ်ဆင့် သံရုံးပြင်ပ ဆန္ဒထုတ်ဖော်နေကြသူများအား ရှင်းလင်း ပြောကြားခဲ့ကြသည်။
 
            မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်အနေနှင့် သေဒဏ်ချမှတ်ခံခဲ့ကြရသည့် မြန်မာနိုင်ငံသားများအရေးနှင့် စပ်လျဉ်းပြီး အထူးပင် စိတ်မကောင်းဖြစ်ရပါသော်လည်းသံအမတ်တစ်ဦးအနေနှင့် ထိုင်းဝန်ကြီးချုပ် အထိသာ အဆင့်ဆင့် တင်ပြအစီရင်ခံခွင့်ရှိနေသည့် သံရုံးဝန်ထမ်းတစ်ဦးဖြစ်ပါကြောင်း ဖော်ပြပါမြန်မာဆန္ဒထုတ်ဖော်သူများ၏ကိုယ်စားလှယ် ၅ ဦးမှတစ်ဆင့် သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
 
 နံနက် ၉း၃ဝ မှစ၍ ပိတ်ထားခဲ့ရသည့် မြောက်မှ တောင် သို့အသွား ထိုင်းနိုင်ငံသံရုံးရှေ့ ပြည်လမ်းမကြီးသည် ညနေ ၆း၂ဝ တွင်မှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူများနှင့် သတင်းမီဒီယာသမားများ မေးမြန်းသမျှအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ဆက်လက်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သွန်းခ – မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးရှေ့ ဆန္ဒထုတ်ဖော်
  1. ၅ယောက်တဖွဲ့စီ ဆန္ဒပြနေရင် အသုတ်လိုက်လမ်းလျှောက်သလိုဖြစ်နေမှာပေါ့။

Comments are closed.