သူတို့အာဘော် မောင်ရစ်

မောင်ရစ် – အိုဘားမားနဲ့ ကလင်တန်တို့ဆီက သင်ခန်းစာနဲ့ ဒေါ်အောင်ဆန်းစုကြည်

2012 November 19th – File Photo

 

မောင်ရစ် – အိုဘားမားနဲ့ ကလင်တန်တို့ဆီက သင်ခန်းစာနဲ့ ဒေါ်အောင်ဆန်းစုကြည်

(မိုးမခ အယ်ဒီတာ့လက်ရေး)  ဒီဇင်ဘာ ၂၅၊ ၂၀၁၅

 

၂၀၁၆ နှစ်သစ်ကူးအတွက် ရေးရမယ့် အယ်ဒီတာ့အာဘော်ဆိုတော့ ခေါင်းစဉ်ကို ဖမ်းစားမလားလို့ တတ်လိုက်တာပါဗျာ။ ၂၀၁၅ ကို ပြန်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲနဲ့ မဲပေးသူ ပြည်သူတွေကို အကယ်ဒမီပေးရမယ် ထင်ပါတယ်။ အဲသည် ရွေးကောက်ပွဲနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို အကယ်ဒမီရအောင် ဖန်တီးရှင် ဒါရိုက်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီ ပေါ့ခင်ဗျား။ သူတို့တွေ အကယ်ဒမီရအောင် အစွမ်းကုန်ဇာတ်ပို့သူတွေက ဘယ်သူလဲ … ပြည်ခိုင်ဖြိုး အစိုးရ၊ လွှတ်တော်နဲ့ ပါတီဝင်တွေ လို့ ဆိုရမှာပါ။ 

 

မြန်မာပြည်ဟာ တကယ်ကိုပဲ ပါတီစုံစနစ်၊ ရွေးကောက်ပွဲစနစ်၊ အခြေခံဥပဒေက ပြဌာန်းထားသည်နှင့်အညီ စည်းကမ်းတကျနဲ့ အပြောင်းအလဲခေတ်ကို ရောက်ရှိနေပြီလားလို့ ဆိုရတော့ မလိုဖြစ်နေပါပြီ။ ဒါဆိုရင် သူများပါတီစုံနဲ့ ရွေးကောက်ပွဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရ ကောင်းမလား မသိပါဘူးဗျာ။

 

နှိုင်းမယ့်နှိုင်းတော့လည်း အမေရိကန်ပြည်ကြီးနဲ့ နှိုင်းကြတာပေါ့။ ၂၀၀၈ ခုနှစ်က ဒီမိုကရက်ပါတီက အိုဘားမား ၄၅ နှစ်ကျော်က အမေရိကန်သမတအဖြစ် အရွေးခံခဲ့ရတယ်။ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် ဒေါ်စု အသက် ၄၅ ကျော် အရွယ်တုန်းကလည်း ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး သမတကြီး ဖြစ်ခဲ့ဖို့ ပါပဲ။ သို့သော်လည်း အဆိုပါကံကြမ္မာ လွဲချော်ခဲ့၊ သမိုင်းမိုးမှောင်ကြခဲ့ပြီးနောက် ၂၅ နှစ် အကြာ၊ ၂၀၁၅ ခုနှစ် ဒေါ်စု အသက် ၇၀ ၀န်းကျင်မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြန်ပါပြီ။ ရွေးကောက်ပွဲနိုင် နိုင်ငံခေါင်းဆောင်ကြီးတဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အကြောင်းရှိလာပါပြီ။ အဲသည်အချိန်မှာ အိုဘားမားကတော့ သမတသက်တမ်း ၈ နှစ် ထမ်းဆောင်ပြီးလို့ အသက် ၅၅ နဲ့ အနားယူတော့မယ့် အချိန် ရောက်ပါတော့မယ်။ သူတို့တွေ အ၀င်အထွက်မှာ နောက် တိုက်ဆိုင်သူတဦးကတော့ မစ္စစ် ကလင်တန်ပါ။ ၁၉၉၃ – ၂၀၀၁ အထိ သမတကတော် ဖြစ်ခဲ့သူ အထက်လွှတ်တော်အမတ် (၂၀၀၁-၂၀၀၉) ၊ နိုင်ငံခြားရေးဝန်ကြီး (၂၀၀၉ – ၂၀၁၃) အထိ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သူ၊ အခု အသက် ၆၈ အရွယ်မှာ အမေရိကန်သမတလောင်းအဖြစ် အရွေးခံဖို့ ဆော်သြ ကြိုးပမ်းနေပါပြီ။ ၁၉၉၃ ခုနှစ် တုန်းက အကျယ်ချုပ်ခံ ဒေါ်စု နိုဘယ်ဆု ရချိန်မှာ မစ္စစ်ကလင်တန်ဟာ အသက် ၄၆ နှစ်နဲ့ သမ္မတကတော်အဖြစ် ထမ်းဆောင်နေခဲ့ပါပြီ။ အဲသည်တုန်းကတည်းက အမေရိကန်က ပိတ်ဆို့မှု အရေးယူမှု နိုင်ငံရေးနည်းမျိုးစုံနဲ့ မြန်မာ့အရေး၊ ဒေါ်စု လွတ်မြောက်ရေးကို ကြိုးပမ်းခဲ့ကြဘူးပါရဲ့။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ၂၀၁၆ မှာ ဒေါ်စု မြန်မာပြည်ရဲ့ တရားဝင် ရွေးချယ်ခံ နိုင်ငံ့ခေါင်းဆောင် တာဝန်ယူတော့မယ့်အချိန်မှာ မစ္စစ်ကလင်တန်ကတော့ အမေရိကန်ပြည်ကို ဦးဆောင်ဖို့ သမ္မတပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အချိန်ဖြစ်နေတာပါပဲ။

 

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ဧပြီမှာ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး လွှတ်တော်အမတ်ဖြစ်လာတော့ ၀ါရင့်နိုင်ငံရေးသမားကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အခုလို အကြံပေးခဲ့ပြီး ဖြစ်ပါတယ်။ “တလျောက်လုံး စံပြပုဂ္ဂိုလ် (icon) အဖြစ် ရပ်တည်နေခဲ့ရာကနေ နိုင်ငံရေးသမား (politician) အဖြစ် ဘ၀ကို ပြောင်းရတာ လွယ်တဲ့ခရီးတော့ မဟုတ်ဘူး” လို့ ကလင်တန်က ဒေါ်စုကို ပြောခဲ့ပါတယ်။ “ကိုယ်နဲ့ သဘောချင်းမတူတဲ့ လူတွေနဲ့ အလုပ် တွဲလုပ်နိုင်ရမယ်၊ ဒီမိုကရေစီ ခရီးစဉ်မှာ ဒါဟာ အစိတ်အပိုင်းဖြစ်တယ်။ အလွန် သိမ်မွေ့နူးညံ့တဲ့ ထိရှလွယ်တဲ့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက်လည်း လက်ခံပေးရမယ့် ကိစ္စလည်း ဖြစ်တယ်” လို့ ကလင်တန်က ပြောခဲ့ပါတယ်။ ကဲ … ကလင်တန်ပြောခဲ့သလိုတွေ မြန်မာပြည်မှာ “ထိလွယ် ရှလွယ်တွေ” တောက်လျောက် ဖြစ်နေခဲ့ ဖြစ်နေဆဲ ဖြစ်နေဦးမယ် ဆိုတာ ထင်ရှားပါတယ် မဟုတ်ပါလားခင်ဗျား။ 

 

ကလင်တန်ကိုယ်တိုင်ဟာ နိုင်ငံရေးသမားအဖြစ် အတက်အကျ အတိုက်အခိုက် အနိမ့်အမြင့်ပေါင်းစုံနဲ့ ကြံ့ကြံ့ခံ နှစ်ပေါင်းများစွာ ချီတက်နေသူ ဖြစ်ပါတယ်။ ၁၉၉၃ မတိုင်ခင်ကလည်း ကလင်တန်တို့ မောင်နှံဟာ အမေရိကန်တက်ကြွလှုပ်ရှားသူတွေဖြစ်ခဲ့ပါတယ်။ ၂၀၀၈ သမတရွေးကောက်ပွဲမှာတုန်းက ဒီမိုကရက်ပါတီရဲ့ သမတလောင်းအဖြစ် အိုဘားမားနဲ့ ယှဉ်ပြိုင်ခဲ့ရာ ဒီမိုကရက်ပါတီက ကလင်တန်ကို ငြင်းပယ်ပြီး အိုဘားမားကို ရွေးခဲ့ပါတယ်။ ကလင်တန်ကို သမ္မတအိုဘားမားက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ရာမှာ လက်ခံပြီး တာဝန်ထမ်းဆောင်ခဲ့သော်လည်း လွှတ်တော်နဲ့ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီတို့ရဲ့ တောက်လျောက် တိုက်ခိုက် မေးခွန်းထုတ်ခြင်း အရေးယူဖို့ ကြိုးစားခြင်းများ ရင်ဆိုင်ရသူပါ။ အခုလည်း အိုဘားမားအလွန် အမေရိကန်သမတလောင်းဖြစ်ဖို့ အစွမ်းကုန် ကြိုးပမ်းနေရာမှာလည်း ကြီးစွာသော တဖက်ပါတီရဲ့ အတိုက်အခိုက်ကို တောက်လျောက် ကြံ့ကြံ့ခံနေရဆဲ ဖြစ်ပါတယ်။ သည်တော့ ကလင်တန်ရဲ့ နိုင်ငံရေး အရေထူမှု၊ သက်လုံ၊ အတွေ့အကြုံ၊ နက်ဝပ်၊ အသိုင်းအ၀ိုင်း၊ သဘာနဲ့ ပညာတွေဟာ သက်တမ်းအလွန်ရင့်တယ်ဆိုတာ ၀န်ခံရမှာ ဖြစ်ပါတယ်။ မီဒီယာတွေ မျက်စိရှေ့မှာ နိုင်ငံရေးလှုပ်ရှားမှု မြင်ကွင်းသက်တမ်းချည်းပဲ တွက်ရင်တောင် ၁၉၉၃ ကနေ ၂၀၁၅ အထိဆိုရင် အနှစ် ၂၃ နှစ် ရှိပါတယ်။

 

ကဲ … ထားပါတော့ ကလင်တန်ကိစ္စ။ တကယ်ကြီးကို သမတဖြစ်ခဲ့သူက အိုဘားမားပါ။ လူမည်းကပြား တဦးဟာ အမေရိကန်ပြည်မှာ တကယ်ကို သမတဖြစ်ခဲ့ပါတယ်။ အိုဘားမားသမတဖြစ်တာနဲ့ သူ့ကို ပေးအပ်လိုက်တဲ့ဆုက ဒေါ်စုရခဲ့ဖူးတဲ့ ငြိမိးချမ်းရေး နိုဘယ်ဆုပါခင်ဗျ။ တိုက်ဆိုင်ပုံများ။ နိုင်ငံရေးနယ်ထဲဝင်ခါစ အကျယ်ချုပ်ကျ ဒေါ်စုကို ပူပူနွေးနွေးပေးသလို အိုဘားမားကိုလည်း သမတဖြစ်ခါကတင် ပူပူနွေးနွေးပေးလိုက်တာပါ။ အိုဘားမား သမတ တက်ဖြစ်တော့ သူတို့ ဒီမိုကရက်ပါတီအစိုးရနဲ့ လွှတ်တော်ဟာ ဖြောင့်ဖြူးသောပန်းခင်းလမ်းခင်ဗျ။ အထက် အောက် လွှတ်တော် ၂ ရပ်စလုံး ဒီမိုကရက်တွေချည်းပဲ။ အစိုးရကလည်း အိုဘားမားစိတ်တိုင်းကျ လူတွေချည်းပဲ။ (ကလင်တန်တောင် ပါလိုက်သေး)။ 

 

အိုဘားမားရဲ့ ပေါ်လစီနဲ့ ကတိတွေကတော့ အတက်လမ်းကြမ်းတွေချည်းဖြစ်ပါတယ်။ ချွတ်ခြုံကျနေတဲ့ စီးပွားရေး နလံပြန်ထူရန်၊ လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှုရရန်၊ အသားအရောင် လိင်တူ လိင်ခွဲ မရွေး တန်းတူညီမျှမှု ရှိရန်၊ လူတိုင်း တန်းတူသော ၀င်ငွေ ရရှိရန်၊ အနည်းဆုံးဝင်ငွေ မြှင့်တင်ရန်၊ မညီမျှတဲ့ စီးပွားရေး၊ ငွေကြေး၊ ဘဏ်လုပ်ငန်းများ ဥပဒေ နည်းဥပဒေများ ပြင်ဆင် ပြုပြင်ရန်၊ ကျဆင်းနေတဲ့ အမေရိကန်နိုင်ငံခြားရေး ဆက်ဆံရေး တိုးတက်မြှင့်တင် ထူထောင်ရန် စတာတွေ ပါဝင်ပါတယ်။ သည်ကြားထဲ အဓိကအတိုက်အခံကိစ္စကတော့ စစ်ရေးအရ ပြည်ပမှာ စွက်ဖက်နေတာတွေကို လျော့ချတာ၊ ရုတ်သိမ်းတာတွေ၊ အစွန်းရောက်အကြမ်းဖက်သမားတွေ အဖွဲ့အစည်းတွေကို နှိမ်နှင်းရာမှာ တကိုယ်တော် လူစွမ်းကောင်းမလုပ်ဘဲ ဥရောပ၊ အာရပ်၊ အာဖရိက သမဂ္ဂနိုင်ငံတွေနဲ့ အတူ ခွဲဝေလုပ်ကိုင်တာတွေ ဖြစ်ပါတယ် ခင်ဗျ။ (ဒါတွေကလည်း စကားချပ်အဖြစ် ကောက်နုတ်ရေးတာပါ၊ ဒါတွေ ပြောချင်လို့ မဟုတ်ပါဘူး)

 

သည်တော့ ဘာဖြစ်သလဲ။ အတိုက်အခံ ရှေးရိုးစွဲ၊ အမျိုးသားရေး၊ မျိုးချစ် မျိုးစောင့်အရေး ရှေ့တန်းတင်သူ ရီပတ်ဘလစ်ကန်ပါတီက အစွမ်းကုန် အသာရဖို့ ပြန်လည်ကြိုးပမ်းခဲ့ကြတယ်။ အိုဘားမားနဲ့ ဒီမိုကရက်တွေရဲ့ အမှားတွေ အားနည်းချက်တွေကို ရှာဖွေ ဝေဖန် ပြစ်တင် တိုက်ခိုက်ခဲ့ကြတယ်။ ဒီမိုကရက်အစိုးရနဲ့ ဒီမိုကရက်လွှတ်တော်က အကောင်အထည်ဖော်ချင်တဲ့ လုပ်ငန်း၊ ဥပဒေ၊ နည်းဥပဒေတွေကို ကန့်သတ် တားဆီးဖို့ အစွမ်းကုန် ဆောင်ရွက်ခဲ့ကြတယ်။ မဲဆန္ဒရှင်တွေကိုလည်း ဒီမိုကရက်တွေအပေါ် အယုံအကြည်နည်းလာအောင် စည်းရုံး လှုံဆော်ကြပါတယ်။ ဒီမိုကရက်ကို စိတ်ပျက်လို့ ထောက်ခံသူတွေ မဲမပေးကြသော်လည်း ရီပတ်ဘလစ်ကန်မဲဆန္̔ဒရှင်တွေကိုတော့ အပြည့်အ၀ မဲရုံကို အရောက် ပို့နိုင်ခဲ့ကြပါတယ်။ သည်တော့ ဘာဖြစ်သလဲ။ ၂၀၀၈ မှာ တောင်ပြိုကမ်းပြု နိုင်တဲ့ အိုဘားမားနဲ့ ဒီမိုကရက်ပါတီ ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို လက်လွှတ်ခဲ့ရပါတယ်။ အတိုက်အခံ ရီပတ်ဘလစ်ကန်က အမတ်အား အသာရသွားပါတယ်ခင်ဗျာ။ ၂၀၁၂ ရွေးကောက်ပွဲကြီးမှာ အိုဘားမား သမတ ဒုတိယအကြိမ် အနိုင်ရသော်လည်း  အောက်လွှတ်တော်မှာ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေက အားကောင်းမောင်းသန် ဖြစ်ကျန်ရစ်ပါတယ်။ ဆီးနိတ်လို့ခေါ်တဲ့ အထက်လွှတ်တော်မှာသာ ဒီမိုကရက်က အမတ်အင်အားအနည်းငယ် အသာနဲ့ တည်းတည်းလေး ကျန်ပါတယ်။ အမေရိကန်ပြည်နယ် ၅၀မှာ ပြည်နယ် ၃၅ ခုကျော်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အရွေးခံရသူတွေ အားလုံးက အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီဝင်တွေချည်း ဖြစ်ပါတယ်။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ ဘာဖြစ်သလဲ …။ အမေရိကန်က အောက်လွှတ်တော်ကော အထက်လွှတ်တော်အားလုံးနီးပါးမှာ အတိုက်အခံ ရီပတ်ဘလစ်ကန်အမတ်တွေ အနိုင်ရပါတယ်ခင်ဗျား။ ကဲ … သည်လိုနဲ့ အမေရိကန်က ရွေးကောက်ပွဲဒီမိုကရေစီရဲ့ ဇာတ်ခုံ ဖြစ်ပုံ သောင်းပြောင်းထွေလာ ဖြစ်ပါတယ်။

 

အိုဘားမားကို အကဲခတ်တွေ ဝေဖန်ကြတာကတော့ သူနိုင်နေတုန်းက အမတ်အင်အားအသာနဲ့ တိုင်းပြည်ကို စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ အုပ်ချုပ် ထိန်းကြောင်းမှုတွေ မလုပ်ခဲ့ဘူးဆိုပဲ။ အတိုက်အခံ ရီပတ်ဘလစ်ကန်နဲ့ အခြားတဖက်က နိုင်ငံရေးအင်အားတွေကို သူ့ဖက်ပါအောင် အချိန်တွေ အကုန်ခံပြီး စည်းရုံးနေတာက အကျိုးမရှိဖြစ်ခဲ့ပါတယ် တဲ့။ မီဒီယာတွေ တဖက်နိုင်ငံရေးအင်အားစုတွေက တိုက်ခိုက် ဝေဖန်တာတွေကို အလွန် ဂရုစိုက်ပြီး တွေဝေ တုန့်နှေးတာကြောင့် အခွင့်အရေးတွေ လက်လွှတ်ခဲ့ရတာ များပါသတဲ့။ ဒီမိုကရက်အမတ်တွေ ကို်ယ်တိုင်ကလည်း သမတကြီးဖက်က ဘက်လိုက်ပြီး ရပ်တည်ကြမယ့်အစား မိမိမြို့နယ်မှာ မဲအနိုင်ရအောင် ကိုယ်လွတ်ရုန်းကြတာကြောင့် ပါတီတွင်း ညီညွတ်မှုလည်း ဖရိုဖရဲ ဖြစ်ရပါသတဲ့။ တဖက်က အိုဘားမားဆန့်ကျင်သူတွေကိုယ်တိုင်ကလည်း သူတို့ရဲ့ နိုင်ငံရေးလူပါးဝမှုတွေ၊ အတွေ့အကြုံ ရင့်ကျက်မှုတွေ၊ ငွေကြေး သြဇာ ကြီးမားမှုတွေ အစွမ်းကုန် အသုံးချ၊ ဥပဒေတွေ အားလုံးကို လက်တလုံးခြား ကိုယ့်ဖက်ကိုယ်ယက်ဖို့ ဆွဲယူ အသုံးချနိုင်ကြတာကြောင့် နိုင်ငံရေးကစားပွဲတွေမှာ ဒီမိုကရက်တွေကို အထိနာအောင် ကစားနိုင်ခဲ့ကြတာတွေက အရေးပါခဲ့တယ်လို့ ဆိုပါတယ်။ အိုဘားမားဆိုတာ ပညာတတ်တယောက်ဖြစ်နေလေတော့ အမှားကို သင်ခန်းစာယူပြီး ပြင်လွယ် ပြောင်းလွယ် ကစားတယ်လို့ ပြောကြပါတယ်။ ပြင်လွယ် ပြောင်းလွယ် မဖြစ်တော့တာက အချိန်နဲ့ အခွင့်အရေးပါ။ အချိန်နဲ့ ဒီရေက တခါပဲ စီးတာကိုး။ ခုတော့ အိုဘားမားလည်း အနားယူရမယ့် အချိန် ရောက်ပါတော့မယ်။ နိုင်ငံရေးကတော့ စီးမြဲပဲ ဖြစ်ပါတယ်။

 

စာဖတ်သူတချို့ကတော့ ပြောချင်မယ်။ အမေရိကားမှာ တမတ်သားဆိုတာ ရှိလို့လားဆိုပြီးတော့လေနော်။ မြန်မာပြည်မှာ က တမတ်သား၊ ခရိုနီ နဲ့ အာဏာရှင်မျိုးဆက်တွေ လက်ဝေခံတွေ ရှိတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေ အဖွဲ့တွေ ရှိတယ်။ အမေရိကားမှာကတော့ ခေတ်အဆက်ဆက် နိုင်ငံရေးသြဇာကြီးတဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ ဦးစားပေးတဲ့ ကုမ္မဏီကြီးတွေ၊ သမဂ္ဂကြီးတွေ၊ အုပ်စုတွေ၊ မျိုးဆက်တွေ ရှိတယ်။ သူတို့သြဇာခံတဲ့ နိုင်ငံရေးသမားတွေ၊ အမတ်တွေ၊ ဥပဒေသမားတွေ၊ လော်ဘီတွေ၊ ဘော်ဘီတို့ ဂုတ်ကျားတို့တတွေ ရှိပါတယ်။ လူတိုင်း လက်နက်ကိုင် ကာကွယ်ခွင့် ရှိတယ်ဆိုလို့ လိုင်စင်ရ တပ်မတော်၊ ပြည်နယ်စစ်တပ်၊ ရဲတပ်ဖွဲ့တွေအပြင် ကိုယ်ပိုင်စစ်အဖွဲ့ မီလီရှာ (militia) တွေလည်း ရှိပါတယ်ခင်ဗျာ။ သည်တော့ ဘာဖြစ်သလဲ။ ဒီလို မိုနိုပိုလီ ရှုပ်ထွေးပွေလီတဲ့ အမေရိကန်နိုင်ငံရေးက ဘာမှ မဖြစ်ပါဘူး။ သည်အတိုင်း နိုင်ငံရေးကတော့ စီးမြဲပဲ ဖြစ်ပါတယ်။

 

အိုဘားမားနဲ့ ကလင်တန် ဆီက ဘာသင်ခန်းစာ ယူကြရမှာတုန်းလို့ ရေးခဲ့ထားသမျှမှ အနှစ်ချုပ်ရမည် ဆိုသော် … အကယ်၍များ လက်ရှိပြဌာန်းထားသော အခြေခံဥပဒေများ၊ ဥပဒေများ၊ နည်းဥပဒေများ အခြေခံလျက် ဥပဒေဘောင်အတွင်းမှ စည်းကမ်းသေ၀ပ်သော ဒီမိုကရေစီနည်း၊ ပါတီစုံနည်း၊ ရွေးကောက်ပွဲနည်းတို့ဖြင့် ခေတ်ပြောင်း ပြုပြင် ပြောင်းလဲ ဆန်းသစ်ရေးကို ဆောင်ရွက်ကြမည်ရှိသော် … ဒီမိုးနဲ့ ဒီရေစီးက အရှိန်အဟုန်ကြီးမားလို့ အလွန်တရာ အားထုတ်ပြီး ရေဆန်လမ်း ချီတက်ကြရမှာ ဖြစ်တယ်လို့ ဆိုချင်မိတာပါ ခင်ဗျာ။ 

 

အိုဘားမားက ဘာပေးနိုင်ခဲ့လို့လဲ။ လက်တွေ့အပြောင်းအလဲ ကြီးကြီးမားမား အောင်မြင်ဖြစ်ထွန်းတာကိုတော့ မပေးနိုင်ခဲ့ပါ။ နိုင်ငံရေးမျိုးဆက်သစ်တွေကို အပြောင်းအလဲအတွက် “မျှော်လင့်ချက်” ကို ပေးခဲ့ပါတယ်လို့ ဆိုချင်ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံရေးရေစီးဟာ သီးခြားသော အခွင့်ထူးခံ လူတစု လူတန်းစားအတွက်သာလို့ စိတ်ပျက်လက်လျော့နေကြသူ လူငယ်တွေကို အိုဘားမားက အပြောင်းအလဲအတွက် မျှော်လင့်ချက်ကို ပေးခဲ့ပြီး သူကိုယ်တိုင်လည်း ပြောင်းလဲပေးဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ခုချိန်မှာ အမေရိကန်နိုင်ငံရေးမှာ အသစ်နဲ့ အဟောင်းတို့ ပြင်းပြင်းထန်ထိန် ရင်ဆိုင်တွေ့နေရတာ ရုန်းကန်နေကြတာ တွေ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရီပတ်ဘလစ်ကန်ဖက်က သမတလောင်းဖြစ်ချင်သူတွေထဲမှာ မြန်မာပြည်က ဘူးလက်လှဆွေလို ဦးအုန်းမြင့်လို အာစောင်းထက်လှတဲ့ ဒေါ်နယ်ထရန့် ဆိုတဲ့ ဘီလျံနာကြီးက ဒီမိုကရက်တွေ၊ အသားအရောင် ဘာသာလူမျိုး ကွဲပြားသူတွေကို နင်ပဲ ငဆ မှိုချိုးမြှစ်ချိုး ပြောပြီး ဖိနှိပ် နင်းချေ မဲဆွယ်စည်းရုံးနေတာတွေ မြင်တွေ့ကြားသိနေကြရတာ ဖြစ်ပါတယ်။ ဒီမိုကရက်တွေဘက်ကဆိုရင်လည်း ကလင်တန် နဲ့ ဘာနီဆင်ဒါးဆိုတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက လူငယ်တွေ မျိုးဆက်သစ်တွေကို အမြင်ကျယ်အောင် အတွေးအခေါ် ရင့်ကျက်အောင် ဆွေးနွေး လှုံဆော်ပြီး လူငယ် လူရွယ်တိုင်း လူတန်းစားပေါင်းစုံ မဲပေးပြီး တိုင်းပြည်အရေး ဆုံးဖြတ်ကြဖို့ မဲဆွယ်နေကြတာ ဖြစ်ပါတယ်။ ကလင်တန်ဟာ နိုင်ငံရေးရေစီးထဲ ခြေစုံပစ်ဝင်လိုက်ကတည်းက အခု ၆၈ နှစ် တိုင်အောင် မဆုပ်မနစ် ရုန်းကန် တိုက်ပွဲဝင်နေဆဲ။ နိုင်ငံရေးမှာ အသက်အရွယ် ကြီးသည်၊ ငယ်သည်ဆိုတာ မရှိလို့ အစွမ်းကုန် ရုန်းကန် ကူးခတ်နေသူ ကလင်တန်က ပြဆိုနေပါတယ်။

ခေါင်းစဉ်က အိုဘားမားနဲ့ ကလင်တန်တို့ဆီက သင်ခန်းစာနဲ့ ဒေါ်အောင်ဆန်းစုကြည် … လို့ ဆိုထားတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာဆိုင်လို့တုန်းလို့ မေးချင်ကြမယ် ထင်ပါရဲ့။ ဘာမှ မဆိုင်ပါဘူးခင်ဗျာ။ ၂၀၁၆ နှစ်သစ်ကူးအတွက် ရေးရမယ့် အယ်ဒီတာ့အာဘော်ဆိုတော့ ခေါင်းစဉ်ကို ဖမ်းစားမလားလို့ တတ်လိုက်တာပါ။ ဒီလောက်ပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

3 thoughts on “မောင်ရစ် – အိုဘားမားနဲ့ ကလင်တန်တို့ဆီက သင်ခန်းစာနဲ့ ဒေါ်အောင်ဆန်းစုကြည်
  1. အင်္ဂလိပ်လို ရေးမှပေါ့လို့။
    မဲပေးမှက အနော်တို့မှမဟုတ်တာ။
    အနော်တို့သိတော့လည်းမဲသွားပေးလို့မှမရတဲ့ဟာကို။

  2. ဟိုအစ်ကိုကြီး၂ယောက်အကြောင်းလည်းရေးပေးဦးလေ။သူတို့ကသနားပါတယ်။

  3. ဘဘ ဦးဝင်းတင် ပုံတွေမြင်ရတော့ တမျိုးကြီးပဲခံစားရပါတယ်။

Comments are closed.