သရော်စာ မောင်လူရေး

မောင်လူရေး – မိဘများအမှူးပြု နတ်လူသာဓု ခေါ်စေသောဝ်

ကာတွန်း စောငို ၏ အစဉ်ခေတ်မီနေသော ကာတွန်း (၂၀၁၂ တုန်းကတည်းက ဆွဲထားတာ)

မောင်လူရေး – မိဘများအမှူးပြု နတ်လူသာဓု ခေါ်စေသောဝ်

(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၅

မြန်မာတော်တော်များများ အများမြင်နိုင် ကြားနိုင်သည့်လုပ်ငန်းတွေဆိုရင် ဘာလုပ်ငန်းဘဲ လုပ်လုပ် မိဘကိုရည်စူး၏။ မိဘကို အမှူးထား၏။ 

 

ဒီအစဉ်အလာသည် အများနှင့်ဆိုင်သည့် လုပ်ငန်းတိုင်းအပေါ် သက်ရောက်လာ၏။ ရပ်ရွာနှင့်ဆိုင်ရာ ဘာလုပ်လုပ် “မိဘပြည်သူများခများ”ဟု စကားစချီကြတော့၏။ အနို့သို့မို့ကြောင့် အများပြည်သူနှင့်ဆိုင်သော ကိစ္စရပ်တိုင်းတွင် ဘာဘဲလုပ်သည်ဖြစ်စေ မိဘများအတွက် လုပ်နေရသည်ဟူသော အသိသညာ အလိုလိုကပ်ရကား မဟုတ်တယုတ် မလုပ်ဖြစ်တော့ပေ။ အမွန်အကောင်းတွေကို ကောင်းကောင်းမွန်မွန်လုပ်အောင် ထိန်းကျောင်းသလိုဖြစ်သွားတော့သည်။

 

ယင်းအစဉ်အလာကို သမတကြီးသည် ကမ္ဘာသိ ပရိုမိုရှင်းလုပ်သည့်အနေဖြင့် လစဉ်မိန့်ခွန်းတိုင်းတွင်မိဘပြည်သူများခများဟု ရွတ်ဆိုမြည်တမ်းလေ့ရှိ၏။ ကောင်းလေစွ။

 

သို့သော် သမတကြီးကား မိဘပြည်သူများကို ရန်သူသဖွယ် မယုံသင်္ကာဖြစ်လာသည့်အတွက် အကာအကွယ်ယူရေးဥပဒေ ထုတ်ပြန်ဖို့ ကျိုးစားလာသည်ကို မယုံနိုင်ဘွယ်ရာ တွေ့လာရသည်။ 

 

ယင်းသို့ သမတကြီး၏ဖြစ်ပုံကိုထောက်ချင့်ကြည့်လျှင် မိဘပြည်သူများခမျာ အစဉ်အလာ၏ အနှစ်သာရဖြစ်သည့် မိဘများအတွက် လုပ်နေရသည်ဟူသော အသိသညာ ကပ်ပါမလာတော့ဟု ဆိုရပေမည်။ ဤကား မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကြောက်မက်ဖွယ်ရာပင်။ အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းလှတော့သည်။ 

 

ယင်း – အကာအကွယ်ယူဥပဒေ ထုတ်ရန်လုပ်ဆောင်ချက်သည် ကိုယ့်မိဘကို ကိုယ် မယုံတော့၊ ဘယ်သူ့ကိုမှ မိဖသဖွယ် သဘောမထားနိုင်တော့ဟု ဆိုလိုရုံမျှမက ရန်သူတွေ မယုံရသူတွေအဖြစ် သဘောထားပြောင်းသွားခြင်းပင် ဖြစ်လေရကား ထိုမှတဆင့်တက်လျှင် ခြေမှုန်းရမည့်သူတွေအဖြစ် ဆက်လက်ပြောင်းလဲသွားတော့မည်။ 

 

သမတကြီးတောင် ဒီလိုဖြစ်သည်ဆိုလျှင် တိုင်းနဲ့ ပြည်နယ် မြို့နယ် ရပ်ကျေးအဆင့်ဆိုလျှင် မိမိတို့ရပ်သူရွာသားများအပေါ် သဘောထားပုံမှာ အဘယ်သို့လျင် ဆိုဘွယ်ရာရှိချေတော့မည်နည်း။ 

 

မြန်မာ့မေတ္တာကို အိုးမဲသုတ်လောက်အောင်အခြေအနေထိဆိုက်ရောက်လာသော ယင်းသို့သောအခြင်းအရာထူးသည် အဘယ့်ကြောင့်ဖြစ်ဘိလေသနည်းဟု သုံးသပ်ဆင်ခြင်သောအခါ သမတကြီးသည် အစဉ်အလာကို တဝက်တပျက်သာ ပရိုမိုရှင်း လုပ်မိသောကြောင့်ဖြစ်ကြောင်း တွေ့ရလေသည်။

 

မြန်မာ့အစဉ်အလာတွင် မိဘများကို ရည်စူး အမှူးထားသောလုပ်ငန်းတိုင်းတွင် နတ်လူသာဓုခေါ်စေသောဝ်ဟု အဆုံးသတ်ထားတတ်သည်။ ယင်းမှသာ ကောင်းရာမွန်ရာတွေကိုချည်းလုပ်မည်။ ကောင်းကောင်းမွန်မွန်လုပ်မည်။ နတ်ရော လူရော ဗြဟ္မာရော မြင်သမျှ ကြားသမျှ သာဓုခေါ်မည်။ ကောင်းချီးပေးမည်။ ကောင်းချီးပေးစရာ ပျော်ရွှင်စရာတွေချည်းလုပ်မည်။ မိဘများအတွက် လုပ်နေသည်ဟူသော အသိသညာ အမြဲကပ်နေမည်။ ယင်းရည်ရွယ်ချက်အထိ ပေါက်မြောက်စေရန်ရည်ရွယ်ထားသောနတ်လူသာဓု ခေါ်စေသောဝ်ဟူသောအချက်ကို သမတကြီး၏ မိန့်ခွန်းအဆုံးတွင် ထည့်သွင်းရွတ်ဆိုခဲ့ခြင်းမရှိပေ။ ထို့ကြောင့်ရကား သမတကြီးလက်ထက်တွင် ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ထောင်သွင်းခြင်း၊ မီးလောင်တိုက်သွင်းခြင်း၊ စစ်ပြုခြင်းစသည့် နတ်လူစိတ်ညှိုးနွမ်းစရာများဖြစ်ပေါ်ခဲ့ပေသည်။

 

နောက်တက်လာမည့်အစိုးရအဆက်ဆက်သည် လက်ရှိသမတကြီးဦးသိန်းစိန်လို “မိဘပြည်သူများခများ” လောက်တင် မဟုတ်ဘဲ “နတ်လူသာဓု ခေါ်စေသောဝ်” ထိလုပ်ကြရန် မေတ္တာရပ်ပါသည်။

 

အနို့သို့မဟုတ်လျှင် သမတကြီး၏ အကာအကွယ်ယူမှုဥပဒေကို ထောက်ခံကြရန်သာ ရှိတော့ပါကြောင်း။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts