မိုးမခကို ပေးတဲ့စာ

သွန်းခ – ကမ္ဘာကျော် စကော့တလန်ယာ့ဒ် အဖွဲ့ကြီးလည်းမကယ်နိုင်



သွန်းခ – ကမ္ဘာကျော် စကော့တလန်ယာ့ဒ် အဖွဲ့ကြီးလည်းမကယ်နိုင်      

(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၅

ကမ္ဘာကျော် လုပ်ကြံမှုကြီးတွေ၊ လူသတ်မှုကြီးတွေ၊ စိန်တုံး ၊ရွှေချောင်းပျောက်တဲ့ အမှုတွေကို ဖော်ထုတ်တဲ့နေရာမှာ နံမည်ကြီးသလောက် စွမ်းလည်း စွမ်းပါတဲ့ စကော့တလန်ယာ့ဒ်အဖွဲ့ကြီးဟာ ထိုင်းက လိပ်ကျွန်း လူသတ်မှုကိုကျတော့ တိတ်တိတ်ကလေးပဲ  ထောက်လှမ်းသွားခဲ့တယ်။ သူတို့ရဲ့ ဂရိတ်ဗြိတိန် နိုင်ငံသူ ၊နိုင်ငံသားတွေဖြစ်တဲ့ ဒေးဗစ်မီလာ (၂၄)နှစ် နဲ့ ဟန်နာဝစ်သာရစ်ခ်ျ (၂၃ )နှစ်တို့ အသတ်ခံခဲ့ကြရတဲ့ ၂ဝ၁၄၊ စက်တင်ဘာ ၁၄ရက် ညဥ့်သန်းခေါင်ကျော်ပြီး  နောက်ထပ် ရက်ပိုင်းအတွင်း စုံထောက်အဖွဲ့ကြီး စိတ်ကြိုက်လောက်နီးပါး ထိုင်းနိုင်ငံလိပ်ကျွန်းမှာ စုံစမ်းခဲ့ကြသေးတာကိုး။

“စုံထောက်တွေ ဘာလုပ်နေကြသလဲ” လို့ ဗိုလ်အောင်ဒင်ကို မဖမ်းနိုင်တဲ့ပုလိပ်သားတွေကို သူတို့ ပုလိပ်မင်းကြီးက မေးသလို မေးရပြန်တော့မယ်။ ဂရိတ်ဗြိတိန်ချင်းလည်းတူ၊ ကမ္ဘာလည်းကျော်ပေတဲ့ စုံထောက်တွေက လူသတ်၊ မုဒိမ်းကျင့်မှုလောက်တော့ ဘာဖြစ်လို့ မဖော်နိုင် ရှိပါလိမ့်မလဲလေ။ အင်မတန် ရိုးရှင်းနေတာက ထိုင်းနိုင်ငံသားတွေနဲ့ သူတို့ပိုင်နက်ထဲက “ခွင်”။ ဟိုတယ်ကို ကြည့်မလား၊ လမ်းတစ်လျှောက်ကြည့်မလား ဆီးပြီးမြင်နေရတဲ့ ပေါမှ ပေါ၊ စီစီတီဗွီ ဆိုတဲ့ ဟာလေးတွေ တပ်ထားလိုက်တာများ။ အကောင်းဆုံး သက်သေတွေ။ အဲဒီ လူသတ်မှုဖြစ်နေတုန်းက မီးပျက်နေပါတယ် ဖြီးရအောင်ကလည်း မြန်မာပြည် မဟုတ်။ မုဒိမ်းကျင့်၊ အသတ်ခံခဲ့ရပါတယ် ဆိုတဲ့ ဗြိတိန်နိုင်ငံသားနဲ့ ကောင်မလေးကိုလည်း ပေါက်တူးတစ်လက်နဲ့ လျှော့လိုက်ဖို့ရာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ကိုယ်လုံးကိုယ်ပေါက်ဟာ ရမ်ဘို လောက်၊ အာနိုးလောက် အကောင် ထွားနေရင်လည်း ထား။ ဖြစ်ပြီး နောက်တစ်နေ့ ထွက်ပြေးသွားခဲ့တဲ့ ဒေးဗစ်မီလာရဲ့သူငယ်ချင်းဟာ အကောင်းဆုံးသက်သေ လို့ ယူဆရသူ။ နောက်ပြီး ထိုင်းသူဌေးရဲ့ သားတော်မောင်ရဲ့လုပ်ကွက်ကလည်း မသပ်မရပ်။ ကြောက်လို့ပဲဖြစ်ဖြစ်၊ အမှုရဲ့ကွင်းဆက်တွေကြောင့်ပဲ ဖြစ်ဖြစ် ရှောင်သွားတာများလားလို့ တွေးမိပါရဲ့။ သူတိုက အဲဒီမှာ သေနတ်မှ ကိုင်ခွင့် မရတာ။ ထိုင်းရဲတွေနဲ့ ပေါင်း ဖော်ဖို့ဆိုတာကလည်း ထိုင်းရဲက ဘာသာပြန်ရ ခက်လှချည့် ဆိုပြီး မြန်မာစကားလည်း ပြော၊ ထိုင်းစကားလည်း ပြန်ပြောနိုင်တဲ့ ပလာတာသည်ကိုတောင် စကားပြန်ငှား လိုက်သေးတာလေ။ အဲဒီကိုရွှေပလာတာသည် ကလည်း မြန်မာနိုင်ငံသားပါပဲလို့ သိထားပါတယ်။ ဆက်မရေးတာ ကောင်းပါလိမ့်မယ်။ ရခိုင်သားလေး ၂ ယောက်ဖြစ်တဲ့ ဇော်လင်း နဲ့ ဝင်းဇော်ထွန်းတို့ကို ထိုင်းရဲက မတရားနှိပ်စက်ပြီး ဖြောင့်ချက် မမှန် အပေးခိုင်းခဲ့တယ်။ ဒီအဲန်အေ ကို အတည်ယူပါမယ်ပြောပြီး စစ်ခဲ့တာလည်း ရခိုင်သားလေး ၂ ယောက်နဲ့ မပတ်သက် လို့သာ အဖြေထွက်ခဲ့ပါရဲ့။ ဟုတ်ပြီ ဟုတ်ရဲ့နဲ့ လွှတ်ပေးလိုက်ပြီး မရေရာတဲ့ စွဲချက်တင်လိုက်လို့ ထပ် ဖမ်းခဲ့ပြန်ပါလေရော။ ဗြိတိန်ကြီးတွေ ဘယ်ခေ ပါလိမ့်မလဲ။ သူတို့ စဉ်းစားပြီပေါ့။

နံပါတ်တစ် – သူတို့ အသက်အန္တရာယ်ရှိတယ်၊ လစ်မှ။

နံပါတ်နှစ် – ဒါဟာ လူသတ်၊ မုဒိမ်းမှုမှသည် နိုင်ငံရေးကစားသည်အထိ ဖြစ်လာနိုင်ချေ ရှိသကွဲ့လို့ စဉ်းစားခဲ့လိမ့်မယ်။

နံပါတ် သုံး – သည် မြန်မာရော၊ ထိုင်းပါ သူတို့နဲ့ကင်းလို့ မဖြစ်နိုင်။ မြန်မာ့ဒီမိုကရေစီအရေးသည် အဘယ်သို့ရှိပေချိမ့် လို့ (အဲဒီအချိန်က) စကော့တလန်ယာ့ဒ်စုံထောက်ကြီးတွေ မတွက်ဆနိုင်ခဲ့ကြ သေး။ တွက်လို့လည်း မရနိုင်အောင် မြန်မာ့နိုင်ငံရေးလောကသည် ကမောက်ကမ။ စုံထောက်ကြီးတွေ နပ်ပါတယ်။ ရှောင်သွားတာတော့ မဟုတ်ပါဘူး။ စိတ်ဝင်စားတယ်၊ဒါပေမယ့် ပါဝင်ပတ်သက်မှု မရှိသလို လုပ်နေခဲ့တယ်။

ရခိုင်သားလေး ၂ ယောက်ခမျာ ဒီမိုကရေစီ နိုင်ငံလို့သာ နံမည်ခံပြီး တရားစီရင်ရေး သိပ်အားနည်းနေတဲ့ ထိုင်းမှာမှ ထိုးကျွေးခံ ဘဝလေးတွေ ရောက်ခဲ့ကြရှာပြီ။ တစ်ဝမ်းတစ်ခါး အတွက် “နိုင်ငံခြားမှာ အလုပ် သွားလုပ်နေတယ်ဟေ့” လို့ သူတို့မိဘတွေ ပြောခဲ့ကြတဲ့ ပါးစပ်တွေ မှ မပိတ်ခင် သေဒဏ် အပေးခံလိုက်ရပြီ။

တစ်နည်းအားဖြင့် ကမ္ဘာကျော်လိမ်လည် တရားစီရင်ချက်ကြီး နဲ့ မြန်မာပြည်ကို အကဲစမ်းပြီ။

“နင်တို့အမေက ငါ့သား ၂ ယောက်ကို ပြန်လွှတ်ပေးပါ” လို့အပြောခံ၊ ဒူးထောက် စေချင်တာလား။ တွေးရပြီလေ၊ စစ်အာဏာသိမ်းတာ ဝါသနာပါကြတဲ့ သူတွေကိုး။

“၂ နိုင်ငံ မိတ်မပျက်ရေးဟာ လူထုခေါင်းဆောင်မျက်နှာ ကြောင့်ပေါ့ကွာ” လို့များ “ခွင်” ထဲဝင် လာအောင်လုပ်သလား။

” တို့နိုင်ငံနော်၊ မြန်မာပြည်အပေါ် ကောင်းပေးမယ်။ ငါတို့ကိုနော် ”ဂက်စ်၊ ဂက်စ် … ”

ဆက်လုပ်ချင်လို့များ အမှုပေါင်း ၇ မှုထဲက တစ်မှုအဖြစ် သေဒဏ်ကျခံစေ လုပ်ခဲ့လေသလား။ တွေးရပြီပေါ့ ၊

အဲဒီ လိပ်ကျွန်းဆိုတာလည်း ကောင်းတဲ့ နေရာမှမဟုတ်ခဲ့တာ။ လူသတ်၊ မုဒိမ်း၊ လောင်းကစား၊ ဟိုအမှု၊ ဒီအမှု အစဖျောက် သိပ်တော်တဲ့ နံမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နေရာ၊ ကျော်ကြားနေဆဲ နေရာ။ ခပ်တိုတို သုံးသပ်ကြည့်မိတော့ နိုင်ငံခြားသားအရေးကို ကောင်းကောင်း အသုံးချသွားနိုင်တာ လက်ရှိ ထိုင်းအစိုးရ။ သူတို့အိမ်ကွင်းမှာ ကောင်းကောင်း ကစားသွားခဲ့ပြီ။ လူစားထိုး ကစားတာ၊ ထိုးကျွေးတာ သိပ်ဝါသနာပါတဲ့ ထိုင်းအစိုးရ၊ မှီအောင်လိုက်ဖို့ မြန်မာတွေတော်တော် လေ့ကျင့်ဦးတော့ မှီမှာ မဟုတ် ၊မြန်မာတို့သည် အကျင့် မယုတ်တတ်။ (ကမ္ဘာနဲ့ ချီမှတော့ လိမ်ပေးဦးမှ ၊ကြွေးကြော်ဦးမှ။ ကိုယ့်နိုင်ငံသားအချင်းချင်းတောင် ပစ်သတ်ရက်ခဲ့တာ၊ အသက်မပြည့်တဲ့မြန်မာ မိန်းကလေးတွေကို မုဒိမ်းကျင့်ခဲ့တာ၊ ကုသိုလ်ဖြစ် ကချင်ဆရာမလေး ၂ ယောက်ကိစ္စ ခုထက်ထိ ဖုံးထားနိုင်သေးတာ၊ လယ်သူမကြီး ဒေါ်ခင်ဝင်းတစ်ယောက် သေနတ်မှန်ခဲ့ခြင်းကိစ္စ တစ်ဝါဆိုခဲ့တာ၊ ကိုပါကြီးတစ်ယောက် ခြေထောက်နဲ့ သေနတ်လု၊ ပါးစပ်နဲ့ မောင်းတင်ခဲ့လို့ ကိုယ်ကျိုးနည်းခဲ့တာ တွေထည့် မပြောတော့ပါဘူး၊ အဲဒီကိစ္စ ဘုရားပေါ်တက်ပြီး ဆုတောင် မတောင်းရဲလို့ အခုလို စာပဲ ရေးနေရတာကို)

မြန်မာနိုင်ငံက ထိုင်းသံရုံးရှေ့မှာ လူစုကြဦးမတဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့က အမှုသွားအမှုလာကို သေချာစုံစမ်းဦးမယ်တဲ့။သေချာတာကမြန်မာကိုယ်စားလှယ်အဖွဲ့ဂရုတစိုက်လိုက်နေကြပြီး မြန်မာသံရုံး အထူးအဖွဲ့ကတောင် ရခိုင်လေး ၂ ယောက် ခြွင်းချက်မရှိ လွတ်လိမ့်မယ်လို့ တွက်ထားခဲ့ကြတာ သူတို့ချည်း လှုပ်ရှား၊ အချိန်နဲ့ တစ်ပြေးညီ သတင်းတွေ မတင်ပြနိုင်ခဲ့ခြင်းတွေရဲ့ ဆိုးကျိုးတွေပဲလို့ မြင်ပါတယ်။ တစ်ဖက်အသင်းကို အမြဲ လျှော့တွက်တတ်တဲ့ အကျင့်ဖျောက်ဖို့ ကောင်းပါပြီ။ စကော့တလန်ယာ့ဒ်အဖွဲ့ကြီး ဘာမှ မတတ်နိုင်လည်း နေပါတော့။ အရိုးမတွန်ခင် တရားခံပေါ် လာပါလိမ့်
မယ်။ အင်မတန် ပါးရည်နပ်ရည် ရှိလှတဲ့ စုံထောက်ကြီးများရဲ့ အလှည့်အရှောင်တွေရယ်၊ ကမ္ဘာက အသိအမှတ်ပြု မှုခင်းဖော်ထုတ်တဲ့ နေရာမှာ အထောက်အကူ အပြုဆုံး ဒီအဲန်အေ ဆိုတာကြီး မြောင်းထဲ ရောက်သွားတာကိုတော့ စိတ်ထဲ ဘဝင်မကျပေဘူး ပေါ့ခင်ဗျာ။ ကလေးတွေ သေဒဏ် ဆိုပေမယ့် ချက်ချင်း မသတ်သေးပါဘူး။ ထိုင်းဟာ မျှော်လင့်ချက်တွေနဲ့ မြန်မာကို ဒုက္ခပေးဦးမှာပါ။ အပေးအယူ လုပ်လိမ့်ဦးမှာပါ။ စောင့်သာကြည့်ပါလို့ ခပ်ရဲရဲ ပြောလိုက်ပါပေရဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts