သတင်းပဒေသာ

Burmese Farmers under scrutiny by authority and business (88 generation)

မြန်မာပြည်အနှံ့ တောင်သူလယ်သမားများ မတရားဖိနှိပ် ဖမ်းဆီးခံနေရကြောင်း ၈၈ မျိုးဆက် က ထုတ်ပြန်

မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၃

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာ ဌာနက အောက်တိုဘာ ၁၈က သတင်းစာရှင်းလင်းပွဲနဲ့ ထုတ်ပြန်ရာမှာ မြန်မာပြည်အနှံ့အပြားမှာ တောင်သူများ၊ လယ်သမားများမှာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် စစ်တပ်၏ မတရားကျုးကျော်မှုများ၊ ဖိနှိပ်ဖမ်းဆီး ကန့်သတ်မှုများ ခံစားနေရကြောင်း၊ အစိုးရနှင့် တာဝန်ရှိသူများက အမှန်တကယ် မဖြေရှင်းပါက ပိုမိုဆိုးဝါးလာမည် ဖြစ်ကြောင်း သတိပေးထုတ်ပြန်လိုက်ပါတယ်။

၈၈ မျိုးဆက်အဖွဲ့က ထောက်ပြတဲ့ တောင်သူလယ်သမားဖြစ်စဉ်ပေါင်း အနည်းဆုံး ၂၀ ခု ရှိပါတယ်။ ဒေါ်နော်အုံးလှ၊ ဒေါ်မြင့်မြင့်အေး၊ ဦးဝင်းချို အစရှိတဲ့ လယ်သမားအရေး ကာကွယ်စောင့်ရှောက်မှုပေးသူများကို တရားစွဲဆို ထောင်ချခံနေရမှုများလည်း အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားပါတယ်။

ဖြစ်စဉ်များကို ဖော်ပြရရင် … (၎င်းတို့ ထုတ်ပြန်ချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်)

မြန်မာနိုင်ငံ အနှံ့အပြားတွင် လယ်ယာမြေပြဿနာများ ပုံစံမျိုးစုံဖြင့် ဖြစ်ပေါ်လျှက်ရှိပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီး  ချုပ်နှောင်ခံထားရသော (သို့မဟုတ်) တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရသော တောင်သူလယ်သမားများနှင့် လယ်သမားအရေးဆောင်ရွက်သူများ မြောက်များစွာ ရှိနေကြောင်းသိရပါသည်။ ယင်းတို့အထဲမှ ဖြစ်စဉ်တချို့အား သက်ဆိုင်ရာ တာဝန်ရှိသူများ ဆင်ခြင်သုံးသပ်နိုင်စေရန် ထုတ်နုတ်တင်ပြအပ်ပါသည်။

ဖြစ်စဉ် ( ၁ ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သဘာဝပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေဆုံးရှုံးခဲ့ရသော တောင်သူများသည် CNPC ( China National Petroleum Cooperation ) ကုမ္ပဏီကို ဆန္ဒဖော်ထုတ်ခဲ့သဖြင့်  ကိုထွန်းကြည်အပါအ၀င် လယ်သမား ၁၀- ဦးကို တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သည်။

ဖြစ်စဉ် ( ၂ ) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ DDPC ( ထားဝယ်အများပိုင်ကုမ္ပဏီ ) မှ သိမ်းယူထားသော လယ်မြေပေါ်တွင် ကျူးကျော်စိုက်ပျိုးသည်ဟုဆိုကာ လယ်သမားဦးစံလင်းအား ထားဝယ်ခရိုင် တရားရုံးမှ သြဂုတ်လ ၂၆ ရက်နေ့တွင် ထောင်ဒဏ် တစ်လနှင့် ငွေဒဏ်ကျပ်နှစ်ရာ ချမှတ်ခဲ့သည်။

ဖြစ်စဉ် ( ၃ ) စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ မုံရွာမြို့တွင် ဆန္ဒပြခဲ့သော တောင်သူလယ်သမားအရေးဆောင်ရွက်သူ ဒေါ်နော်အုန်းလှအား မုံရွာခရိုင်တရားရုံးမှ သြဂုတ်လ (၂၇) ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ ထို့အတူ ဦးအောင်စိုးအား ရွှေဘိုမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်နှင့် ဒေသခံရွာသား ၂ ဦးအား ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

ဖြစ်စဉ် ( ၄ ) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်သူ ဦးဝင်းချို အပါအ၀င် ၆ ဦးအား ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထားပြီး ပဲခူးခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

ဖြစ်စဉ် ( ၅ ) နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာမှ ဦးဇော်လတ်အပါအ၀င် လယ်သမား ၅ ဦးအား အစိုးရသတင်းစာတိုက် ဆောက်ရန်မြေတွင် ထွန်တုံးတိုက်ပွဲလုပ်သဖြင့် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ရဲစခန်းတွင် ပုဒ်မ  ၁၃၃၊ ၂၉၄၊ ၁၁၄ တို့ဖြင့် အရေးယူအမှုဖွင့်ထားသည်။

 ဖြစ်စဉ် ( ၆ ) ရှမ်းပြည်နယ်အရှေ့ပိုင်း နောင်ချိုမြို့နယ်ရေ၀င်ကျေးရွာမှလယ်သမားဦးကျော်ညွန့်၊ ကံကော်ကျေးရွာမှ ဦးညိုအေး၊ ဦးဖိုးချော၊ ငါးပင်ရွာမှ ဦးသောင်းထွန်းတို့အား ထွန်းတုံး တိုက်ပွဲဆင်နွှဲသဖြင့် ကုမ္ပဏီပိုင်သီးနှံကို ဖျက်ဆီးသည်ဟု စွပ်စွဲပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် နောင်ချိုရဲစခန်းမှ ဖမ်းဆီးအရေးယူ ခဲ့သည်။

ဖြစ်စဉ် ( ၇ ) မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှ လယ်ဧက ၁၂၇၀၀ ကျော်ကို နိုင်ငံတော်ကာကွယ်ရေးပစ္စည်းစက်ရုံ ၈ မှ သိမ်းဆည်းခဲ့ပြီး ၂၀၁၃ ခုနှစ် မေလတွင် မန်ကျည်းပင်ပုကျေး ရွာမှ လယ်သမားများအား တပ်ပိုင်မြေဖြစ်ကြောင်း အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းရာ ရွာသားများမှ ငြင်းဆန်သဖြင့် လယ်သမားများစိုက်ပျိုးထားသော သီးနှံများအား လယ်ထွန်စက်ဖြင့် ဖျက်ဆီးခဲ့ပြီး လယ်သမား ၉ ဦး အား ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ် ( ၈ ) ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တွင် ထွန်တုံးတိုက်ပွဲကိစ္စနှင့် ပတ်သက်၍ လယ်သမားအရေး  ဆောင်ရွက်သူ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်၊ ကိုသန့်ဇင်ထက်တို့အား နတ်တလင်းမြို့ နယ်တရားရုံးမှ ပုဒ်မ ၆ ဖြင့် စွဲချက်တင် ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ် ( ၉ ) မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဈေးကုန်းကျေးရွာနှင့် အိုးအိုင်ကျေးရွာ များမှ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဆင်နွှဲ ခဲ့သည့်တောင်သူများအား သမ၀ါယမအသင်းက သြဂုတ်လ ၂၇ ရက်နေ့တွင် ပုဒ်မ ၄၄၇ ဖြင့် တရားစွဲ ဆိုထားသည်။

ဖြစ်စဉ် ( ၁၀ ) ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က သိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်၍ လယ်သမားများမှ ဆန္ဒထုတ်ဖော်ခဲ့သဖြင့်  ရဲတပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ဖြင့်ဖြိုခွင်းခဲ့ပြီး လယ်သမား ၂ ဦးအား ဖမ်းဆီးခဲ့ သည်။

ဖြစ်စဉ် ( ၁၁ ) ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် စပယ်ယိုကျေးရွာတွင် သိမ်းဆည်းခံ လယ်ယာမြေ များ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဆင်နွှဲသဖြင့် ကိုနေမင်းသန်းနှင့် လယ်သမားများအား ပုဒ်မ ၄၂၇၊ ၄၄၇ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ဖြစ်စဉ် ( ၁၂ ) ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကံကလေးကျေးရွာအုပ်စု ဓနုန်းချောင်းကျေး ရွာရှိ လယ်ယာမြေများအား တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်လက်ထက်တွင် သိမ်းယူခံခဲ့ရပြီး ၄င်းလယ်များ ပြန်လည်ရရှိရေး အတွက် ထွန်တုံးတိုက်ပွဲဆင်နွှဲသဖြင့် လယ်သမားအရေးဆောင်ရွက်သူ ကိုလှဌေးနှင့် ဒေသခံလယ်သမားများအား ပုဒ်မ ၄၂၇၊ ၄၄၇ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ဖြစ်စဉ် ( ၁၃ ) ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အိုးဘိုအုပ်စု ဘုရားစုကျေးရွာမှ လွှတ်တော် အမတ်တဦးမှ  လယ်ယာမြေများအား မတရားသိမ်းယူပြီး ငါးကန်များတူးဖော်သောကြောင့် ထွန်တုံးတိုက်ပွဲ ၀င်သဖြင့် လယ်သမား  ကိုရင်ကြည်၊ ကိုဝင်းနိုင်တို့အား ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခဲ့သည်။

ဖြစ်စဉ် ( ၁၄ ) ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ခနွဲခဖိုအုပ်စုကျေးရွာများရှိ လယ်မြေများအား ဖိုးလမင်း  ကုမ္ပဏီမှ သိမ်းယူထားသောကြောင့် ထွန်တုံးတိုက်ပွဲဝင်သဖြင့် လယ်သမား ၇ ဦးအား ပုဒ်မ ၄၂၇၊ ၄၄၇ ဖြင့် တရားစွဲဆိုပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ လချမှတ်ခဲ့သည်။ ကျန်လယ်သမား ၁၃ ဦးကို လည်း တရားစွဲဆိုထားသည်။

 ဖြစ်စဉ် ( ၁၅ ) ရန်ကုန်တိုင်းဒေသကြီး ဖရုံစုကျေးရွာအုပ်စုတွင် ပုဂ္ဂလိက လုပ်ငန်းရှင်တဦးမှ လယ်ယာမြေ မတရားသိမ်းယူခဲ့သောကြောင့် ထွန်တုံးတိုက်ပွဲဝင်သဖြင့် လယ်သမားဦးလှဌေး ဦးကျော်ကြီးအပါအ၀င်၅ ဦးတို့အား တရားစွဲဆိုထားသည်။

ဖြစ်စဉ် ( ၁၆ ) ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် တံခွန်တိုင်ကျွန်းဝကျေးရွာတွင် ထွန်တုံး တိုက်ပွဲဝင်သဖြင့် ကိုပေါက်ဦးဆောင်သော လယ်သမား ၅ ဦး ပုဒ်မ ၄၂၇၊ ၄၄၇ ဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ဖြစ်စဉ် ( ၁၇ ) ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ၀ါးနက်ကုန်းကျေးရွာမှ လယ်သမားဒေါ်သန်းသန်းမြင့်အား တပ်မ ၁၁ လက်အောက်ခံ အမှတ် ၂၁၆ တပ်ရင်းမှ တရားလိုပြုလုပ်၍ ပုဒ်မ ၄၂၇၊ ၄၄၇ ဖြင့် တရားစွဲဆိုထားသည်။

ဖြစ်စဉ် ( ၁၈ ) ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်ကျေးရွာတွင် လယ်ယာမြေ မတရားသိမ်းခံရသော ကြောင့် ထွန်တုံးတိုက်ပွဲဝင်သဖြင့် ကုမ္ပဏီမှ ဦးလှကြည်အပါဝင် လယ်သမား ၁၁ ဦးတို့အား ပုဒ်မ ၄၂၇၊ ၄၄၇ ဖြင့် တရားစွဲဆိုထားသည်။

ဖြစ်စဉ် ( ၁၉ ) မိတ္ထီလာခရိုင် သာစည်မြို့နယ် အင်တိုင်းသာကျေးရွာနှင့် သန်းတောရွာများတွင် လယ်ယာမြေ မတရားသိမ်းခံရသောကြောင့် ထွန်တုံးတိုက်ပွဲဝင်သဖြင့် သာစည်ထောင်တွင် လယ်သမားအရေးဆောင်ရွက်သူ ဒေါ်သန္တာ အောင်၊ ဦးမင်းဆွေနှင့် တောင်သူတဦးတို့ ပုဒ်မ ၆(၁)၊ ၅၀၅(ခ) တို့ဖြင့် ဖမ်းဆီးခံထားရသည်။

ဖြစ်စဉ် ( ၂၀ ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကန်ကြီးထောင့်မြို့၊ ပုသိမ်မြို့၊ ငပုတောမြို့၊ လပွတ္တာ မြို့များမှ လယ်သမား ၂၀၀ ကျော်သည် လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ခေါင်းဆောင် ၂ ဦးဖြစ်သူ  ဦးထွန်းထွန်းဦးနှင့် ဦးသန်းဝင်းတို့အား ပုသိမ်မြို့နယ် အမှတ် ၂ ရဲစခန်းမှ စခန်းမှူးရဲအုပ်စိန်လင်းက တရားလိုပြုလုပ်၍  သြဂုတ်လ ၁၉ ရက်နေ့တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသည်။

ဖြစ်စဉ် ( ၂၁ ) နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ကျဉ်တောင်ကန်ကျေးရွာအုပ်စု နှမ်းခင်းကြီးကျေးရွာတွင် အငြိမ်းစားအရာရှိတဦးမှ နစ်နာကြေးမပေးဘဲ သိမ်းဆည်းခံရသော လယ်မြေများနှင့်ပတ်သက်၍ ဒေသခံတောင်  သူများက သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းအပေါ် ခွင့်ပြုချက်မရဘဲ အသံချဲ့စက်ဖွင့်မှု အပါအ၀င် ပုဒ်မ ၂၅၊ ၂၇ တို့ဖြင့် နှမ်းခင်းကြီးကျေးရွာမှ ဦးခင်မောင်တင့်အား တရားစွဲဆိုခဲ့သည်။

(၎င်းတို့၏ ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်)

၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ) လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ဌာန (ရက်စွဲ ။ ။ ၁၈- ၁၀- ၂၀၁၃ )

 ဖမ်းဆီးခံ၊ တရားစွဲဆိုခံလယ်သမားများနှင့်ပတ်သက်၍် ထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံသောကြောင့် ယနေ့ဖြစ်ပွားနေသော လယ်ယာမြေပြဿနာ ဆိုင်ရာ အရှုပ်အထွေးများသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအဟန့် အတားဖြစ်စေပါသည်။ ထို့ အပြင် လယ်ယာမြေအပေါ် အမှီသဟဲပြုနေရသည့် ကျေးလက်ဒေသနေ ၇၀ ရာခိုင်နှုန်းကျော်သော ပြည်သူလူထုကြီး၏ စားဝတ်နေရေးကိုလည်း များစွာ အကျပ်အတည်းဖြစ်စေပါသည်။ ထိုသို့သော အခြေအနေအောက်တွင် ဆင်းရဲမွဲ တေမှုလျော့ချရေးဆိုသည်မှာ ကြွေးကြော်သံမျှသာ ဖြစ်နေပါလိမ့်မည်။

၂။ တောင်သူလယ်သမားများဘက်မှ ၄င်းတို့၏ မတရားပြုကျင့်ခံရမှုများ၊ နစ်နာဆုံးရှုံးမှုများ၊ လိုအပ်ချက်များကို  သတင်းမီဒီယာများမှသော်လည်းကောင်း၊ အစိုးရ တာဝန်ရှိသူအဆင့်ဆင့် ထံသို့လည်းကောင်း အကြိမ်ကြိမ် တိုင်ကြား ပြောဆိုနေသံများကို နေစဉ်မပြတ် ကြားနေရသည်။ တစ်ဘက်တွင်လည်း လွှတ်တော်နှင့်အစိုးရပိုင်းမှ လယ်သမားများနှင့် ပတ်သက်၍ အလုံးစုံအားရစရာ မဟုတ်သည့်တိုင် မျှော်လင့်ဖွယ်ရာ အသံကောင်းများကို ကြားနေရသည်။ သို့သော် ယနေ့အချိန်ထိ လယ်သမားရေးရာပြဿနာများကို လက်တွေ့ဖြေရှင်းပေးနိုင်ခြင်းမရှိဘဲ ပိုမိုရှုပ်ထွေးလာသည်ကိုသာ တွေ့နေရသည်။ လယ်ယာသိမ်းဖြစ်စဉ်များတင် မကတော့ဘဲ လယ်သမားများနှင့် လယ်သမားအရေးဆောင် ရွက်သူများပါ ဖမ်းဆီးချုပ်နှောင်ခံရ၊ တရားစွဲဆိုခံရမှုများ တစ်နေ့ထက်တစ်နေ့ တိုးလာလျှက်ရှိသည်။

၃။ လယ်သမားများအား ဖမ်းဆီးချုပ်နှောင်လိုက်ခြင်းဖြင့် လယ်ယာမြေပြသနာများ ပြေလည်သွားမည် မဟုတ်ဘဲ တိုင်းပြည်၏တည်ငြိမ်မှုကိုသာ များစွာထိခိုက်စေနိုင်ပါသည်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များပေါ်  တွင်လည်း ယုံကြည်မှု ပျက်ပြားစေပါသည်။

၎။သို့ဖြစ်ပါ၍ ဖမ်းဆီးချုပ်နှောင်ထားသော(သို့မဟုတ်) တရားစွဲဆိုခံထားရသော လယ်သမားများနှင့် လယ်သမား အရေးဆောင်ရွက်နေကြသူများအား အမှုများရုပ်သိမ်းပြီး ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် လိုအပ်ပါသည်။

၅။ ထိုမျှသာမက လယ်ယာမြေပြဿနာများကို ပြေလည်အောင်ဖြေရှင်းနိုင်ရေးအတွက်

(က) လယ်ယာစီးပွားကဏ္ဍတွင် လယ်သမားထုကို ဗဟိုပြု၍ လယ်သမားများ၏အကျိုးစီးပွားကို ဦးစားပေး စဉ်းစား ဆောင်ရွက်ရန်။

(ခ) လယ်ယာလုပ်ငန်းဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်များအား ပယ်ဖျက်ရန်၊ လယ်သမားအကျိုးစီးပွားကို တရားမျှတစွာ ကာကွယ်ဖော်ဆောင်ပေးနိုင်မည့် တရားဥပဒေများ ပြဌာန်း ကျင့်သုံးရန်နှင့် ဖြောင့်မတ်မှန်ကန်သည့် တရားစီရင်ရေးစနစ် ထွန်းကားစေရန်။

(ဂ) အုပ်ချုပ်ရေး၊ တရားရေးအာဏာပိုင်အဆင့်ဆင့်နှင့် ဌာနဆိုင်ရာအသီးသီးတို့၏မသမာမှုများ၊ တာဝန်ပျက်ကွက်မှုများ၊ အာဏာအလွဲနှင့် မလျော်သြဇာ သုံးမှုများအား စောင့်ကြည့်အရေးယူမှုပြုရန်။

( ဃ ) လတ်တလောပြဿနာများ ဖြေရှင်းနိုင်ရေးနှင့် ကာလတို ကာလရှည်စီမံဆောင်ရွက်ရမည့်ကိစ္စ ရပ်များအတွက် ကာယကံရှင်တောင်သူလယ်သမားများ၊ လွတ်လပ်သောလယ်သမားသမဂ္ဂများ၊ လယ်သမားအရေးဆောင်ရွက်သူများ၊ အုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အခြားသော သက်ဆိုင်ရာအရပ်ဘက်လူ့အဖွဲ့အစည်းများ အားလုံးပါဝင်သည့် လယ်ယာမြေပြဿနာ ဖြေရှင်းမှုပုံစံ ( သို့မဟုတ် ) ယန္တယားတစ်ရပ် အမြန်ဆုံးထူထောင်ကာ ညှိနှိုင်း အကောင်အထည်ဖော်ရန်။…….တို့မှာ အလေးထားဆောင်ရွက်ရမည့် အထူး လိုအပ်ချက်များဖြစ်ကြောင်း  ထုတ်ပြန်အပ်ပါသည်။

 

လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာန

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )

မှတ်ချက်။ ။ ဖော်ပြပါဖြစ်စဉ်များသည် သတင်းမီဒီယာများနှင့် ၈၈ ရုံးခန်းသို့ လာရောက်တင်ပြသော ပြဿနာများစွာ ထဲမှ တချို့သာဖြစ်ပါသည်။ ဖမ်းဆီးခံနေရသော၊ အမှုရင်ဆိုင်နေရသော လယ်သမားများ အနေဖြင့် မိမိတို့၏အမှုဖြစ်စဉ်များကို အောက်ပါလိပ်စာများသို့ မှန်ကန်ပြည့်စုံစွာပေးပို့နိုင်ပါသည်။

E-mail: 88farmeraffairs@gmail.com

၈၈ မျိုးဆက်ရုံးခန်း၊ အမှတ်(၁၀၃၉ / ၁၀၄၀)၊ သုမင်္ဂလာလမ်း၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

ရုံးဖုန်း- ၀၁- ၅၆၅ ၉၁၉

(Photo – file picture, ကြေးနီတောင်၊ စစ်ကိုင်း၊ အစိုးရလုံခြုံရေးတပ်ဖွဲ့များ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts