တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ပြဿ နာ ၃ ရပ် တကယ်ဖြေရှင်းနိုင်မယ့် “အာဏာ သို့မဟုတ် တာဝန်” ဖြစ်ပါစေ

 

တူမောင်ညို – ပြဿ     နာ  ၃ ရပ် တကယ်ဖြေရှင်းနိုင်မယ့် “အာဏာ သို့မဟုတ် တာဝန်” ဖြစ်ပါစေ 

(မိုးမခ)၊ ဒီဇင်ဘာ ၂၁ ၊ ၂၀၁၅

(NLD) ပါတီက “အာဏာ” ကို “တာဝန်” လို့ ပြောဆိုသုံးစွဲနေတာဟာ လူတချို့က ကိုယ့်ယောက္ခမကို အဖေ၊ အမေလို့ ခေါ်ကြ သလိုမျိုးပါပဲ။ အရေးကြီးတာက အာဏာလို့ပြောပြော၊ တာဝန်လို့ပဲခေါ်ခေါ် မကြာခင် “အစိုးရ” ဖြစ်လာတော့မယ် (NLD) ပါတီဟာ ၁၉၄၈ ကနေ ကနေ့အထိ အုပ်စိုးသူအဆက်ဆက် အရယူခြင်းမပြုနိုင်ခဲ့တဲ့ “ပြည်တွင်းစစ်ရပ်စဲရေး – ပြည်တွင်းငြိမ်းချမ်းရေး” ရရှိအောင် ယူဆောင်ပေးနိုင်မလား ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအပါအဝင် အဆက်ဆက်သောအုပ်စိုးသူများဟာ တစ်ဖက်မှာ သူတို့ကိုယ်သူတို့ ငြိမ်းချမ်း ရေးလိုလားသူတွေအဖြစ် ပုံဖော်ပြီး လက်နက်ကိုင်အင်အားစုတွေကို ငြိမ်ချမ်းရေးမလိုလားသူတွေ၊ ဆူပူသောင်းကျန်းသူတွေ၊ ခွဲထွက်ရေး သမားတွေအဖြစ် သရုပ်ဖျက်လေ့ရှိပါတယ်။ 

အုပ်စိုးသူအဆက်ဆက်ဟာ ပါးစပ်က“ငြိမ်းချမ်းရေး”ဆိုတဲ့စကားလုံးကို အမြှုပ်ထွက်အောင်ပြောဆိုခဲ့ကြပြီး၊ တကယ့်လက်တွေ့ လုပ်ရပ်ကတော့ လက်နက်ကိုင်အင်အားစုအသီးသီးအား “အပြုတ်ချေမှုန်းဖို့နဲ့လက်နက်ချ” စေဖို့သာဖြစ်ပါတယ်။ 

 

ဒီအတွက် စစ်ရေးအရ ထိုးစစ်ဆင်ချေမှုန်းရေးကို အဓိကမဏ္ဍိုင်အဖြစ်ထားပြီး၊  သွေးခွဲ၊ သပ်ရှို၊ လှည့်စား၊ ဖြိုခွဲရေးနည်းလမ်း ပေါင်းစုံနဲ့လိုအပ်သလို ပေါင်းစပ်ကျင့်သုံးခဲ့ပါတယ်။ ဒီလိုနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘဲ၊ ပြည်တွင်းစစ်ဟာ ကနေ့အထိ ရှည်ကြာနေ ခဲ့ရခြင်းဖြစ်ပါတယ်။

 

(နဝတ-နအဖ) စစ်အစိုးရနဲ့ သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရလက်ထက်တွေမှာတော့ ယခင်အစိုးရအဆက်ဆက်နည်းတူ ပြည်တွင်းစစ်ကို မရပ်စဲနိုင်တဲ့အပြင် အောက်ပါထူးခြားချက်တွေ ပေါ်ထွန်းလာတာကိုတွေ့ရပါတယ်။ 

(၁) လက်နက်ကိုင်အဖွဲ့တွေများလာခြင်း ( အုပ်စိုးသူများရဲ့သွေးခွဲသပ်ရှိုမှုပေါ်လစီရဲ့အထွက်ရလဒ်) 

 

(၂) လက်ကိုင်အဖွဲ့အစည်းတွေဟာ ဒေသအလိုက်မိမိတို့ စိုးမိုးချုပ်ကိုင်ထားတဲ့နယ်မြေတွေမှာ သစ်တော၊ရွှေ၊ ကျောက်မျက် ရတနာ၊မူးယစ်ဆေးဝါးနဲ့စီးပွားကုန်သွယ်ရေးလုပ်ငန်းတွေကို စစ်ဖက်၊အရပ်ဖက် အုပ်စိုးသူအာဏာပိုင်အဆင့်ဆင့်တွေနဲ့ အပေး အယူလုပ်ပြီး လက်ဝါးကြီးချုပ်ကိုင်လုပ်ဆောင်လာကြခြင်း

 

(၃) မြို့ကြီးပြကြီးတွေမှာ ရာဇဝတ်မှုကြီးတွေထူပြောလာခြင်း၊ ရာဇဝတ်မှုတွေကိုအုပ်စိုးသူတွေက ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိခြင်း၊ (ဥပမာ – ၅လောင်းပြိုင်သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးပိုင်ရှင်မဲ့သိမ်းဆည်းရရှိမှု၊ မုဒိန်းမှု၊လူသတ်မှု၊ လုယက်မှု၊ မိတ္တီလာ၊ လားရှိုး၊ မန္တလေး စတဲ့မြို့ကြီးများတွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေးလူမျိုးရေးအကြမ်းဖက်လုယက်သတ်ဖြတ်မှုများ ပေါ်ပေါက် ဖြစ်ပွားလာခြင်း — စသဖြင့်) 

အထက်ပါအချက်တွေဟာ (မဆလ) ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ ပါလီမန်ဒီမိုကရေစီအစိုးရခေတ်ကာလတို့မှာ မရှိခဲ့ ဖူးတဲ့အချင်းအရာတွေဖြစ်ပြီး၊ ဒီအချက်တွေဟာ (နဝတ-နအဖ)စစ်အစိုးရနဲ့ ကြံ့ဖွံ့အစိုးရတို့ ချကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးနဲ့အပစ်အခတ် ရပ်စဲရေး ပေါ်လစီတွေရဲ့တိုက်ရိုက်အထွက်ရလဒ်တွေပဲဖြစ်ပါတယ်။ 

“ငြိမ်းချမ်းရေး”ဆိုတာဟာ အုပ်စိုးသူအစိုးရနဲ့နားလည်မှုယူထားတဲ့ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေအကြား သက်ဆိုင်ရာဒေသအလိုက်တည်ရှိနေတဲ့ သဘာဝသယံဇာတတွေကို ထင်သလိုတူးဖော်ရောင်းချနိုင်ဖို့နဲ့စီးပွားကုန်သွယ်ရေးလမ်းကြောင်း တွေမှာစိတ်ကြိုက်ချယ်လှယ်ချုပ်ကိုင်အမြတ်ထုတ်နိုင်ဖို့သက်သက်မဖြစ်သင့်ပါဘူး။

(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဦးအောင်မင်းနဲ့ (MPC) ကဖော်ဆောင်နေတဲ့ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်”ဆိုတာဟာ အထက်မှာ ဖော်ပြလိုက်တဲ့ ဒေသဆိုင်ရာသယံဇာတနဲ့အကျိုးစီးပွားတွေကို အုပ်စိုးသူအစိုးရနဲ့ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတို့ ခွဲဝေစားသုံးနိုင်ဖို့ သဘောတူညီချက်ယူရေးသာဖြစ်ပါတယ်။ ဒီလိုခွဲဝေစားသုံးနိုင်ဖို့ အဲဒီဒေသမှာ “ငြိမ်းချမ်းရေး” လိုအပ်ပါတယ်။ 

အချို့နေရာတွေမှာ ငြိမ်းချမ်းရေးပျက်ပြားနေတယ်၊ အပစ်အခတ်ရပ်စဲရေးပျက်ပြားနေတယ်၊ ပစ်ခတ်တိုက်ခိုက်မှုတွေ တဖန် ပြန်လည်ဖြစ်ပွားလာတယ်ဆိုတာဟာ အုပ်စိုးသူအစိုးရနဲ့ ဒေသခံလက်နက်ကိုင်အင်အားစုတွေအကြားအတူတကွ ခွဲဝေစားသောက်နေရာ ကနေတဲ့  အကျိုးစီးပွားအဝေမတည့်မှုကို ပေါ်ပေါက်လာရတဲ့ ထိပ်တိုက်တွေ့မှုတွေကို ရောင်ပြန်ဟပ်ပြနေတာမျိုးသာဖြစ်နေပါတယ်။ 

ဒါကြောင့် “ငြိမ်းချမ်းရေး”လိုလားတယ်လို့ပြောဆိုလာရင် ဘယ်သူ့အတွက်ငြိမ်းချမ်းရေးလိုအပ်တာလဲလို့မေးခွန်းထုတ်ပြီး လေး လေးနက်နက်ဆန်းစစ်ရမယ်။ ငြိမ်းချမ်းရေးပျက်ပြားတယ်/ ပစ်ခတ်မှုတွေပြန်လည်ဖြစ်ပွားတယ်ဆိုရင် ဘယ်သူနဲ့ဘယ်သူ့အကြား ဘယ်လို အကြောင်းအချက်အပေါ်မှာမူတည်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာလဲဆိုတဲ့အချက်ကို လေ့လာရမယ်။

ပြည်တွင်းငြိမ်းချမ်းရေး တကယ်တန်းရချင်ရင် မခက်ခဲပါဘူး။ သဘောထားနဲ့ရည်ရွယ်ချက်သာမှန်ကန်ဖို့လိုရင်းဖြစ်ပါတယ်။ 

 

များမကြာမီ (NLD) ပါတီက ဖွဲ့စည်းမယ့် “အစိုးရသစ်” ပေါ်ပေါက်လာပါတော့မယ်။ (NLD) ပါတီက ဖွဲ့စည်းမယ့် “အစိုးရသစ်” မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မှန်ကန်တဲသဘောထားနဲ့ရည်ရွယ်ချက်ရှိတယ်လို့ယူဆပါတယ်။ မျှော်လင့်ပါတယ်။ ဒါကဆန္ဒပိုင်းအရ ပြောရတာပါ။ လက်တွေ့ပိုင်းမှာတော့ “၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်ရဲ့ငြိမ်းချမ်းရေးမူ ၆ ရပ်” ကို “အစိုးရသစ်” ဘယ်လိုကိုင် တွယ်မလဲ ဆိုတာ ကြီးမားတဲ့ စိမ်ခေါ်မှုဖြစ်ပါတယ်။ 

 

တနေ့ကပဲ  (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ ကြေညာသွားပါတယ်။ဒါဟာ“အစိုးရသစ်”ကို လက်ရှိ (ဗိုလ်) ဦးသိန်းစိန်အစိုးရက ညှပ်ပူးညှပ်ပိတ်လုပ်တာပါ။ သူတို့ ချထားတဲ့လမ်းအတိုင်းလျှောက်အောင် ကျုံးသွင်းတာပါ။ ငြိမ်းချမ်းရေးညီလာခံကို သူတို့လမ်းခင်းခဲ့တဲ့စတင်ခဲ့တယ်ဆိုတဲ့ နာမည်ကောင်း ယူဖို့ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။ အဓိကအချက်ကတော့ (NLD)ပါတီ “အစိုးရသစ်”အဖွဲ့ရဲ့ ပြည်တွင်းစစ်ရပ်စဲရေး – ပြည်တွင်း ငြိမ်း ချမ်းရေးပေါ်လစီကို စွက် ဖက်တာ၊ လွှမ်းမိုးဖို့လုပ်တာသာဖြစ်ပါတယ်။ 

(NLD)ပါတီ “အစိုးရသစ်” အဖွဲ့မှာ ကိုယ်ပိုင်ဖြစ်ပြီး၊လွတ်လပ်အမှီခိုကင်းတဲ့ ပြည်တွင်းစစ်ရပ်စဲရေး – ပြည်တွင်းငြိမ်းချမ်းရေး ပေါ်လစီနဲ့သဘောထား ခိုင်ခိုင်မာမာရှိဖို့လိုပါတယ်။ 

 

ပြည်တွင်းစစ်ရပ်စဲရေး – ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆိုတာ ဒီမိုကရေစီပြဿနာ၊တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပြဿနာတွေကို စုစည်းဖော်ပြချက်ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရနိုင်/မရနိုင် ဆိုတာဟာ ဒီပြဿနာကြီး ၃ ရပ်ကို လေးလေးနက်နက် ၊ ပီပီပြင်ပြင်ဖြေရှင်းနိုင်ခြင်းရှိသလား/မရှိဘူးလား ဆိုတဲ့အချက်မှာတည်ပါတယ်။ 

 

သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအပါအဝင် အဆက်ဆက်သောအုပ်စိုးသူများဟာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်း ချမ်းရေးရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ကြပါ။ (NLD)ပါတီက ဖွဲ့စည်းမယ့် “အစိုးရသစ်” အနေနဲ့ ဘယ်အစိုးရမှ မလုပ်ဆောင်နိုင်ခဲ့တဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို ရရှိအောင်၊ ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်မည်လော။ 

 

(NLD) ပါတီ “အစိုးရသစ်” ရရှိလာမယ့် “အာဏာ (သို့မဟုတ်) တာဝန်” သည် ထိုပြဿနာကြီး ၃ ရပ် (ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး) ကို ပီပီပြင်ပြင် ဖြေရှင်းနိုင်ပါစေသတည်း။  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts