သရော်စာ မောင်လူရေး

မောင်လူရေး – အော် ဒါနဲ့ စကားမစပ်

 

မောင်လူရေး – အော် ဒါနဲ့ စကားမစပ်

(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၅

(က)

ဖိုးးလပြည့် ကြံ့ဖွတ်မဲပေးနေပုံ သူ့ဘာသာရိုက်တင်၊
သမတကြီးကို ဘာဆိုလား ပွားထားသေးရဲ့။
ခုတခါ တင်ပြန်ပြီ၊
အမေနဲ့တွေ့ရမယ်ဆိုတော့ ရင်ဘတ်ကြီးက ဂလင် ဂလင်တဲ့။
နေပူကျဲကျဲ ခွပ်ဒေါင်းနဲ့ကြယ်ဖြူတွေ ရဲနေအောင် ရွှဲနေအောင် နင်းရင်း NLDမဲထည့်ခဲ့တဲ့ဆိုက္ကားဆရာတွေ
အမေနဲ့တွေ့ရမယ်ဆိုရင် …..
သူတို့အစား
ရွှင်ကြည့်တာပါ။
အော် ဒါနဲ့ စကားမစပ်
လူလိမ် မလုပ်ဝံ့တာ ဘာမှမရှိတဲ့။
(ခ)
ဒီမိုကရေစီကား ပိဿာလေးနဲ့ နံဘေးထုသလောက်မက ဂေါ်ဇီလာဖနောင့်ပေါက်သလောက် နာသည့်အမျိုး။
ရွာထိပ်အကြော်တဲက ဒေါ်ဂွက်ထော်တို့မြေးအဖွားလည်း နှစ်မဲ၊ သမတကြီးလင်မယားလဲ နှစ်မဲသာ။
ယစ်ထုပ်ကြီးဖိုးထူးတို့ မြေးအဖိုးလဲ နှစ်မဲ၊ ကာချုပ်ဟောင်းကြီးမြေးအဖိုးလဲ နှစ်မဲသာ။
 ဒေါ်ပုလဲ တမဲ၊ ဒေါ်စုလဲ တမဲသာ။
ကာချုပ်လင်မယားလဲ နှစ်မဲ၊ တပ်ကြပ်ကြီးဖိုးစီလင်မယားလဲ နှစ်မဲသာ။
ဒီမိုကရေစီသည် သို့ကလို ပြတ်ပြတ်သားသား ရက်စက်၏။
ကိုယ့်မဲနဲ့ ကိုယ့်အုပ်ချုပ်မယ့်သူရွေး။ ကိုယ်ရွေးသူစီမံတာ နာခံရုံ။
ငါက ပန်းခင်းသူကြီးလိုလို၊ လမ်းဖောက်သူကြီးလိုလို၊ ဘာမှ ဖင်ခေါင်းကျယ်ခွင့်မရှိ။
ဒီမိုကရေစီတွင် သီးသန့်လူရာဝင်ခွင့် ဘာမှမရှိ။
ရွေးကောက်ပွဲပြီး ဥပဒေအတိုင်း လွှဲလိုက်ရုံ။
အားလုံး ဥပဒေရှေ့မှောက် လျှောက်ကြရုံ။
အော် ဒါနဲ့ စကားမစပ်
မြန်မာ့ဒီမိုကရေစီရေးမှာ ဘယ်သူမှ လက်သန်းနှစ်ချောင်းမပါဘူးနော်။
(ဂ)
ပိုက်ဆံပေါ် လက်မှတ်ထိုးတာ ပြစ်မှုမြောက်တယ်ဆိုတော့ သမတကြီးက ညင်းတယ်။ သူတခါမှ မတခါဘူးပါဘူးတဲ့။
အရင်တခါ အလံတုန်းကသာ ကိုတေဇဆိုတော့ စိတ်မထိမ်းနိုင်ဖြစ်သွားဟန်တူရဲ့။
အင်း ဖိုးသန်းရွှေနဲ့ ဒေါ်စုတော့ ခက်ကပြီပါ့လေ။
ဖိုးလပြည့်ရွှေအိုးထမ်းကိန်းဆိုတာလားမသိ။
အော် နိုင်ငံတော်ကြီးရယ် ပိုက်ဆံပေါ် စာရေးတာများ အရေးအရာလုပ် ဥပဒေထုတ်နေရတယ်လို့။
ပိုက်ဆံတခုလုံးလည်း စာနဲ့ အရုပ်ချည်းဘဲဟာ။
ပီးတော့ ပြောရအုံးမယ်၊ စာရေးတာလောက်မပြောနဲ့၊ ပိုက်ဆံတခုလုံး သုံးမရဘူးကြေညာခဲ့တဲ့သူတောင် ဘာမှဖြစ်တာမဟုတ်ပါဘူး။
အော် ဒါနဲ့ စကားမစပ်
ခွေးလေးအရောဝင် ပါးရက်နားရက်ခံရတယ်တဲ့။

(ဃ)

 

ဟိုမြေးအဖိုး နိုင်ငံရေးကြာကူလီရိုက်တဲ့ကိစ္စတော့ ပေါ်သွားဘီ။

 

နိုင်ငံရေးအရာဝင်ဖို့များ လွယ်မှတ်လို့။

သက်ဆိုင်ရာ သတင်းထုတ်ပြန်သူတွေကလဲ လက်ရှိအလဲအပြောင်းနဲ့ ပသို့မျှမဆိုင်ကြောင်း မောင်းခတ်တယ်။

တကယ်တော့ အလွဲအပြောင်းဆိုတာဟာ ဥပဒေကိစ္စကြီးကိုး။ တယောက်ယောက်ရဲ့ တောင်ပြောမြောက်ပြောကိစ္စမှမဟုတ်တာ။

ဒေါ်စုကလဲ တကယ်အပြောင်းအလဲလိုလားပြီး တကယ်ပြောင်းလဲအောင်လုပ်ခဲ့ကြတဲ့ဆိုက်ကားသမားများကို လေးလေးစားစားတွေ့ဆုံမယ့်အကြောင်းပြောပြီးဘီ။ 

အင်း ဒေါ်စုဟာ တွေ့သင့်တွေ့ထိုက်သူတွေနဲ့တွေ့တိုင်း ကြိုတင်သတင်းထုတ်ပြန်တတ်တယ်ဆိုရမယ်။

အော် ဒါနဲ့ စကားမစပ်
ဒီနှစ်ဟာ နိုင်ငံရေးမှာလဲ အယ်နီးညိုတဲ့ဗျ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts