စာစုတို

ရွှေကူမေနှင်း – ကြွက်ဆေး

 ရွှေကူမေနှင်း – ကြွက်ဆေး
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၅

တို့ခေတ်ဂျာနယ် အတွဲ- ၁၊ အမှတ် ၁၉၊ ၉ ဒီဇင်ဘာ၊ ၂၀၁၅ ရက်နေ့တွေ ဖော်ပြခဲ့ပြီး ဖြစ်သည်။

ကျွန်မက ကြွက်ကို အလွန်မုန်းသူဖြစ်ပါတယ်။ ကြွက်ဆိုတာ စပါးခင်း၊ ကြံခင်းလို စိုက်ခင်းတွေကို သာမက မီးဖိုချောင်ထဲက ဆန်၊ကြက်သွန်၊ ငရုတ်စတဲ့ ပစ္စည်းအပြင် အဝတ်အစား ၊ဖိနပ်ပါမကျန် စားတတ်၊ ဖျက်တတ်တယ်။ ပိုမုန်းစရာကောင်းတာက အစာစားပြီးတဲ့အပြင် အဲဒီနေရာမှာပဲ ကြွက်ချေး ၊ အလုံးအတောင့်တွေ ပါချခဲ့ခြင်းပါပဲ။ ပစ္စည်းလည်း ဆုံးရှုံးရ၊ သူ့ချေးလည်း ကျုံးရသေးတယ်။

ကြွက်ဆိုတာ ဒီလို လူ့အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးရုံမက ရောဂါဆိုးကို သယ်ဆောင်ပါသေးတယ်။ ရွာထဲမှာ ကြွက် ကျတယ်၊ ကြွက်သေတယ်ဆိုရင် ကူးစက်ရောဂါ တခုခုပဲ၊ ဘယ်ဘက်ကြည့်ကြည့် ကြွက်ဟာ ရန်သူပါ။

ဒါကြောင့် ကျွန်မကြွက်ကို မုန်းတယ်၊ ရွံလည်း ရွံတယ်။ သူ့ကြောင့် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ရတဲ့ စာအုပ်တွေ ပစ် လိုက်ရပြီ။ ဗီရိုထဲက ပိုးလုံချည်တွေ၊ ယောလုံချည်တွေ နှမြောတသစွာ စွန့်ပစ်ခဲ့ရပြီ။ ဆန်အိုး ၊ထမင်းအိုးက အစ လစ်ရင် လစ်သလို ဝင်ပြီး လူးသွားလို့ အတန်တန် စွန့်ပစ်ခဲ့ရပြီ။ ကြွက်နံ့ဟာ ချက်ချင်း မူးနောက်စေတယ်။ အော့အန်စေတယ်။ ရောဂါအစုံရစေတယ်။ ဒါကြောင့် ကြွက်ကို ထပြီးချေမှုန်းရတယ်။ ပါဏာတိပါတကံကို ကြွက်နဲ့ပတ်သက်ရင်တော့ ကျူးလွန်ခဲ့ ရတယ်။ မတတ်နိုင်ဘူး။ နောင်ဘဝမှ ခံရပေတော့လို့ သဘောထားတယ်။

သတ်တယ်ဆိုတာက နည်းအမျိုးမျိုးရှိတာကို ရှေးတုန်းက လူကြီးသူမများက သူ့အသက် မသတ်ကောင်းဘူးဆိုတဲ့ ယုံကြည် ချက်နဲ့ အရှင်ပဲ ဖမ်းကြတယ်။ ကြွက်ထောင်ချောက်ဆိုတဲ့ဟာနဲ့ ထောင်ဖမ်းနည်းပေါ့။ ထောင်ချောက်က သစ်သားနဲ့ လုပ်ထားတာရှိတယ်။သွပ်ကြိုးနဲ့ လုပ်တာရှိတယ်။ အရှင်မိအောင် လုပ်ထားတာချည်းပါ။ မိုးလင်းလို့ ကြွက်တွေမိရင် ခပ်ဝေး ဝေးမှာ သွားပစ်ကြတယ်။ ဒီတော့ ကြွက်မျိုးမပြုန်းတီးနိုင်ဘူး။ ရောက်တဲ့နေရာမှာ မျိုးပွားကြပြန်တာပဲ။

နောက်တမျိုး ထောင်ချောက်ကတော့ အသေသတ်နည်းပါ။ ဒါက မြင်ရသူများ စိတ်မချမ်းသာစေတာမို့ သိပ်မကြိုက်ကြဘူး။မျက်လုံးလေးပြူးပြီး သေနေတာ သနားစရာပါ။

နောက်ပိုင်းတော့ အဆိပ်ကျွေးနည်း သုံးကြတယ်။ အဆိပ်မှုန့်ကို ထမင်းနဲ့နယ်ပြီး ကြွက်လာတဲ့ လမ်းကြောင်းမှာ ချထားရုံပဲ။ ကြွက်တွေက တရုန်းရုန်းနဲ့ စားကြတာပေါ့။ မကြာခင် အဆိပ်သင့်ပြီး ဆန့်ဆန့်ကြီး သေကြတယ်။ အဆိပ်ဝယ်ရတာ လွယ် ပါတယ်။ ကြွက်သတ်ဆေးဆိုတဲ့ အမှုန့်မည်းမည်းတွေ တထုပ်တရာပါ။ ပင်ရင်းစိုက်ပျိုးရေးခြံ အရောင်းဆိုင်တွေမှာဆို တရာ ဖိုး နှစ်ထုပ်ရတယ်။ တထုပ်သုံးရင် ကြွက်တဒါဇင်လောက်သေတာပဲ။ ဒီတော့ လွယ်တယ်။

ဒါပေမဲ့ အဆိပ်ပါတဲ့ကြွက်တွေက ဟိုချောင်ပြေး၊ ဒီချောင်ပြေးပြီးမှ သေကြတာမို့ ကြွက်သေကောင် ရှာရခက်တယ်။ နောက် နှစ်ရက်ဆိုရင်တော့ အပုပ်နံ့ရပြီ။ နံတဲ့နေရာ ရှာပေတော့။ တချို့လည်း အပုပ်ရည်ကျနေပြီ။ လောက်တွယ်နေပြီ။ ရွံလည်း ရွံ၊ ဖယ်လည်း ဖယ်၊ရောဂါမပျံ့အောင် ဓာတ်ဆီ၊ ရေနံဆီလောင်းရနဲ့ အလုပ်ရှုပ်ပါတယ်။ အပုပ်နံ့ရပြီး ရှာမရတာမျိုးလည်း ရှိ တော့ သူတို့ခြောက်ပြီး အနံ့ပြယ်တဲ့အထိ ရှူရတာလည်းရှိရဲ့။ ဘယ်လောက်သတ်သတ် ကြွက်တွေက မျိုးမပြတ်ပါဘူး။ တသုတ်ဝင်ပြီးရင် နောက်တသုတ် လာတာပဲ။ ကြွက်လိုက်ကြ၊ ကလေးမွေးကြနဲ့ တပျော်တပါးကြီးမို့ နောက်တခါ သတ်ရပြန် ရော။ ငရဲကတော့ စာရင်းမှတ်လို့ မကုန်ဘူး။

ကျွန်မအိမ်မှာ ကျွန်မက ကြွက်သတ်သမားပါ။ ဘယ်သူမှ မသတ်ချင် မသတ်ရဲကြလို့ပါ။ ကိုယ်ကတော့ ကိုယ့်အထုပ်တွေ ဖျက်ဆီးခံရလို့  ဒေါသဖြစ်နေတော့ သတ်တာပဲ။ သတ်ပြီးတော့ ကြွက်သေ၊ ကြွက်ပုပ် ကိုယ်ပဲရှာရ၊ ပစ်ရနဲ့ စိတ်တိုရတယ်။ ဒါကြောင့် ကြွက်ဆို တအားမုန်းတယ်။

ခုတလောလည်း ကြွက်တကောင်ရောက်လာပြန်ပြီ။ ကြွက် ကြွက်ဆိုပြီး ဘယ်သူမှ သတ်ဖို့ မကြိုးစားဘူး။ ကိုယ်လည်း ဒီတ ချီ ကြည့်နေခဲ့တယ်။ နင်တို့လည်း ကြွက်သတ်ကြဦးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကိုယ်ပဲ ကြွက်ဆေး သွားဝယ်ရတာပါပဲ။ ခက် တာက ကြွက်ဆေး မထုတ်တော့ဘူးတဲ့။ ဈေးမှာလည်း ရောင်းတာမတွေ့ဘူး။

ဘာပြောကောင်းမလဲ။ ကြွက်တွေ ပျော်မြူးလိုက်ကြတာ။ညဘက်ဆို နိုက်ကလပ်ကြနေတာပဲ။ စားကြ၊သောက်ကြ မူးလိုက် ကြနဲ့ မကြာခင်ဘဲ ကြွက်ကလေးတွေ ဖွားလာရော။ ခက်လိုက်တာ အိမ်သားတွေလည်း ကြွက်သေရှာတာ မတွေ့ဘူးတဲ့။ ကလေးတယောက်ကတော့ စီးတီးမက်စ်မှာ ရောင်းတာမြင်ခဲ့သတဲ့။ ဝယ်ခဲ့ပါလားဆိုတော့ မဝယ်ခဲ့ပြန်ဘူး။

ကြွက်တွေ ဗိုလ်ကျတာခံရင်း စိတ်တိုသထက် တိုလာပြီး တံမြက်စည်းနဲ့ လိုက်ရိုက်တာကတော့ အမောပဲ အဖတ်တင် တာပေါ့။ ကြွက်က တံမြက်စည်းလောက်များ ရယ်တာပေါ့။

ကြွက်ဆေး၊ ကြွက်ဆေး ၊ ဗမာဆေး၊ ယိုးဒယားဆေး၊ ဟန်ကျပြီ။ ဈေးထဲမှာ မိုးတိုးမတ်တတ်ရောင်းတဲ့ စုံစီနဖာရောင်းတဲ့ အသည်ပဲ၊ ဗမာကြွက်ဆေးက တထောင်ဖိုး လေးထုပ်၊ ယိုးဒယား ကြွက်ဆေးက သုံးထုပ်၊ ယိုးဒယားဆေးက ထမင်းနဲ့ နယ်ဖို့ မလိုဘူး။ ချထားရုံပဲ။ သေတော့လည်း အနံ့မထွက်ဘူး။ သူ့ဟာသူ ပျောက်သွားရောတဲ့။

ကောင်းလိုက်လေ အဲဒါမျိုးဆို ဟန်ကျမှာပဲ။သေပြီး အပုပ်နံ့ နံနေတာကို ရွံတာ။မနံဘဲ ခြောက်သွားတယ်ဆိုတော့ အကောင်း ဆုံးပေါ့။

ဒါပေမဲ့ ဈေးက ကြီးလှချည်လား။ မဟာမြိုင်ကြွက်ဆေးဆို တစ်ရာပဲ ပေးရတာ။ အေးလေ ယိုးဒယားကလာတာဆိုတော့ ပေး ရမှာပေါ့။ ဒါပေမဲ့ ငါးရာဖိုး နှစ်ထုပ်လုပ်ပါဆိုပြီး နှစ်ထုပ်ဝယ်လိုက်တယ်၊ နှစ်ထုပ်ကို ဒီကောင်တွေ ရှင်းပြီပေါ့။

အိမ်ရောက်တော့ အိမ်သားတွေကို ခိုင်းရတယ်။ ငါ အသက်ကြီးပြီ၊ မလုပ်ချင်တော့ဘူး။ နင်တို့သတ်ကြ၊ ဒီတခါသတ်ပါမယ် တာဝန်ယူတဲ့လူက ကိုရီးယားကားအပြီး ဂျပန်ကား ဆက်ကြည့်လို့တဲ့ မသတ်ဖြစ်ဘူး။ ဒီလို မသတ်ဖြစ်လေ ဟိုကောင်တွေက တရုန်းရုန်းပျော်လေ။

နောက်ညတော့ သတ်တော့လေ လုပ်တော့လေလို့ တိုက်တွန်းရတယ်။ ငရဲစာရင်းမှာ အားပေးကူညီ အမှုတွဲနဲ့ပါပြီ၊ မတတ် နိုင်ဘူး။ ဒါနဲ့ အစာကို လေးနေရာခွဲပြီး ဂျာနယ်စက္ကူနဲ့ ချခဲ့တယ်။

နှစ်ရက်စောင့်ကြည့်တာ ငြိမ်နေတာပဲ။ ဘာသံဆို ဘာသံမှ မကြားရဘူး။ သေကုန်ကြရှာပြီ ထင်ပါရဲ့၊ ကောင်းလိုက်တာ ဘာ အနံ့မှလည်း မရဘူး။ ယိုးဒယားတွေ တော်လိုက်တာလို့ ချီးကျူးမိပါရဲ့။

ဒီနေ့တော့ မြေးမကြီးက `အဘွားရေ၊ အဘွားဗီရိုအံဆွဲထဲမှာ ကြွက်တကောင်´ တဲ့။ သူက မရိုက်ရဲရှာဘူး။ အမြီးလေးမြင် လိုက်တာဆိုပဲ။ ကိုယ်လည်း မသုံးတာကြာပြီဖြစ်တဲ့ အံဆွဲကို ဆွဲဖွင့်ရတယ်။ ဟုတ်ပါ့ အမြီးတလှုပ်လှုပ်နဲ့ အကောင်ငယ် တကောင် ချောင်ထဲကုပ်နေတယ်။ သေပေတော့ ဆိုပြီး အံဆွဲကို ဆွဲချလိုက်တယ်။ အကောင်လေးက နောက်ဘက်အပေါက်ထဲ လျှောကနဲ ဝင်သွားတယ်။ လက်ထဲမှာ အံဆွဲပဲကျန်တယ်။

တကောင်ကျန်နေတယ်။ တော်ကြာ ပွားတော့မယ် ကြွက်ဆေးရော ကုန်ပြီလေ။ အကုန်ကျွေးလိုက်တာတဲ့။ ခက်ပြီ ကြွက် ဆေးရောင်းတဲ့သူက တခါတလေမှ လာတာ။ ဝယ်လို့ မရတော့ဘူး။ ငါ့နှယ်၊ များများ ဝယ်ခဲ့ရကောင်းသား။ ဒီအကောင်က ဗီရိုတခုလုံးရှင်းလည်း ထွက်ပြေးမှာပဲ။ ကျွန်မဒေါသနဲ့ နောင်တရောပြီး ခေါင်းမူးသွားတယ်။

(မိတ်ဆွေများရှင် ဒီစာဟာ ကြွက်အကြောင်းမဟုတ်ပါ။ ကြွက်သတ်တဲ့ အကြောင်းမဟုတ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ဖို့ မဟုတ်ပါ။ တိုက်ဆိုင်မှုကို ရှာကြဖို့ပါ။ ကြွက်ဆေးဖိုး မနှမြောဖို့ပါ။ အတွေးပွားနိုင်ကြပါစေသော်ဝ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts