အဲလိုထူး – တိုင်စာ

 အဲလိုထူး  – တိုင်စာ
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

စာနှစ်စောင်က..အိမ်တိုင်ရာရောက်ပေါက်ချလာတယ်။ တစ်စောင်က ဖိတ်စာလို့ခေါ်ရမယ့် ကျောင်းသူကျောင်းသားဟောင်းများကိုရည်ညွှန်းတဲ့ ဆရာကန့်တော့ပွဲဖိတ်စာ။ နောက်တစ်စောင်က တိုင်စာလို့ခေါ်ရမလား၊ အကြောင်းကြားစာလို့ ခေါင်းစဉ် တပ်ရမလားမသိတဲ့ သားတော်မောင်ရဲ့ကျောင်းက၊ ကျောင်းမတက်တဲ့အတွက် မိဘလာရောက်ဆွေးနွေးရန်…လို့မပြောရုံ တမယ်ပါပဲ။

ဘယ်ကစပြောရင် လိုရင်းကိုရောက်မလဲ။

အဲဒါ ပညာသင်ကြားရေးမှာ လိုအပ်ချက်ကွက်လပ်ကြီးတစ်ခု။

စာရေးဆရာကြီး စာပေဟောပြောပွဲဆရာကြီး ကျောင်းဆရာဟောင်းကြီး။ ဝါရင့် သဘာရင့်ဆိုရင် ဖြတ်သန်းမှုကို ချိန်ရွယ် ပြောရုံနဲ့ အကျိုးကျေးဇူးထူးလှပါတယ်။ သူတို့ငယ်ငယ်တုန်းကတဲ့ စာပေဟောပြောပွဲမှာထည့်ဟောတာ အာတာပူစီဆိုတဲ့မုန့် ကြီးရှိတယ်။ တပြား နှစ်ပြားပဲ ပေးရတယ်။ မုန့်ဘိုးက..တမူး တမတ်ရတဲ့ခေတ်။ ရုပ်လုံးပေါ်ဖို့လမ်းဖောက်နေတာ။ စာပေ ဟောပြောပွဲလာပရိသတ်က ငြိမ်ပြီးပါလာတယ်။ သကြားမှုန့်တွေအရောင်ဆိုးပြီး ဇွန်းလေးနဲ့ခပ်ထည့်တာပေါ့ဗျာ။ လည်နေတဲ့ စည်ပိုင်းပြတ်ကြီးရဲ့အလယ်ဗဟိုကို မီးအပူပေးထားထင်ပါရဲ့။ ငယ်တဲ့ခလေးဆိုတော့လည်း အစအဆုံးဘယ်သိပါ့မလဲ။ အမျှင် တွေထွက်လာတယ်ဗျ။ အဲဒါကို ဝါးတုတ်ချောင်းလေးနဲ့ပတ်ရစ်ယူပြီးရောင်းတာပါ။ အကြီးကြီးပဲဗျ။ လှလည်း လှတယ်။ ပန်း ရောင်ဖျော့ဖျော့။ ဒါပေမယ့် အပွကြီးဗျ။ အနှစ်မရှိဘူး။ အဲဒါ…အဲဒါ…လို့ပြောလိုက်တာနဲ့ စာပေဟောပြောပွဲလာပရိသတ်ကသဘောပေါက်လက်ခုတ်တီး သြဘာပေးကြတယ်။

ပညာရေးစနစ်ဘာဖြစ်နေလဲ။ ပွယောင်းယောင်းနဲ့ အနှစ်မရှိဖြစ်နေသလား..။

ဆရာကန့်တော့ပွဲမှာပါဝင်တဲ့ ပင်စင်စားဆရာတစ်ယောက်နဲ့ စကားပြောဘူးတယ်။ ကျွန်တော်တို့တုန်းက ကျုရှင်လည်းမရှိဘူး ဆရာရယ်လို့။ ပြီးတော့…ဆရာ ဆရာမတွေကလည်း အရမ်းစာသင်တာပဲလို့။ ဟုတ်ပါ့။ မနက်ကျောင်းမတက်ခင်လည်းသင်၊ ညနေကျောင်းဆင်းလည်းသင်၊ စနေလည်းအချိန်ပိုသင်၊ တနင်္ဂနွေလည်းသင်နဲ့ နယ်ကျောင်းဆိုတော့လည်း ပြဌာန်းချက်နဲ့ သင်တာလား ဘာလားရယ်မသိပါဘူး။ သူတို့တတ်ထားသမျှအကုန်ချပြတော့တာ။ ဘယ်လောက်ထိလဲဆို အိမ်ထိအောင် လိုက်သင်တယ်။ တခုတော့ရှိတာပေါ့ သင်ပုံသင်နည်း၊ အချိန်မစီးဘူးဆိုရင် တန်ဘိုးမဲ့သွားပါလိမ့်မယ်။

သားတော်မောင်ရဲ့ကျောင်းက တိုင်စာရောက်လာတာနဲ့ပတ်သက်ပြီး ကာယကံရှင်ကျောင်းသားကိုယ်တိုင် တုန်တုန်လှုပ် လှုပ်မရှိသလို အုပ်ထိမ်းသူမိခင်ကလည်း ပေါ့ပေါ့တန်တန်ပါပဲ။ သွားလိုက်ပေါ့။ ဒီလိုပဲ သီတင်းကျွတ် တန်ဆောင်တိုင်ကျော်ရင် ဘယ်ဆယ်တန်းက ကျောင်းသွားကြလို့လဲ။ ကိုယ်လုပ်စရာရှိတာ အပီအပြင်လုပ်ရတော့မယ့်ကာလလေ။ ဘယ့်နှယ့်…ကျောင်းသွားပြီး ယောင်တောင်ပေါင်တောင်နဲ့ အချိန်ကုန်တယ်။ ကျုရှင်ပို့ထားတာမှ တစ်ပုဒ်ရလည်း ကိုယ့်အတွက်ပဲ။

အားကိုးလွဲနေကြပါသလား။ သို့တည်းမဟုတ် အားကိုးရာမရှိဖြစ်နေတာလား။ အားကိုးမရတာဗျ။ အပြစ်ပြောတယ်ရယ် တော့မဟုတ်ပါဘူး။ ခေတ်ကိုက ပျက်စီးသွားတာ။ အဲဒီခေတ်နောက်ကို ရေစီးကြောင်းအတိုင်းမျှောလိုက်သွားကြတာများ လို့ အဲဒီကိန်းဆိုက်သွားတာ။ ဒီလိုပဲပြောရတော့မယ်။ ဆိုလိုတာက အဖြူအစိမ်းဝတ် ဆရာဆရာမတွေထက် ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘအုပ်ထမ်းသူတွေကိုယ်တိုင်က အပြင်ဆရာဆရာမတွေကို ပိုအားကိုကြတယ်။ နာမည်ကျော်ကျုရှင် ဆရာတွေကို ကြားဘူးကြမှာပါ။ သူတို့နာမည်ပေါက်အောင် သူတို့ကြိုးစားကြတယ်။ ကြိုးစားကြတယ်ဆိုတာ သူတို့အဓိကသင်ကြားမယ့်ဘာသာရပ်ကိုပေါ့။ ကျောင်းသားနားလည်အောင် ကျောင်းသားမှတ်မိအောင် ကျောင်းသားပညာရသွား အောင်၊ နောက်ဆုံး ကျောင်းသားစာမေးပွဲမှာဖြေနိုင်အောင်၊ ဘယ်လိုသင်ကြားနည်းက အကောင်းဆုံးဖြစ်မလဲ ရှာဖွေကြ တယ်။ ကြိုးစားကြတယ်။ မိဘအုပ်ထိမ်းသူဘက်ကလည်း သားသမီးစာမေးပွဲအောင်ရေးက အရေးကြီးတယ်မို့လား။

ဆိုတော့ ကျောင်းသားတွေ ကျောင်းပြင်စာသင်ခန်းတွေဆီရောက်သွားကြတယ်။ ကျောင်းပြင်က ဆရာဆရာမတွေကို အား ကိုးကြရတော့တယ်။ အဲဒါဘာလဲဆိုတော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အဖြူအစိမ်းဝတ်ဆရာဆရာမကို အားကိုး လို့မရဖြစ်နေလို့ပါပဲ။

အတန်းပိုင်ဆရာမကတဆင့် ကျောင်းအုပ်ကြီးကိုယ်တိုင် ညှိညှိနှိုင်းနှိုင်းလုပ်ကြရတော့တဲ့အခြေအနေ။ ဆယ်တန်းကျောင်း သူကျောင်းသားတွေ တပတ်ကို နှစ်ရက်လောက် အစိုးရကျောင်းလာတက်ကြဖို့။ မထင်မှတ်ပဲ ကျောင်းသူကျောင်းသားတွေအကြောက်အကန်ငြင်းကြတယ်။ သူတို့အတွက် အရေးကြီးတဲ့ကာလဖြစ်နေလို့ တပတ်ကို တရက်ပဲတက်နိုင်မယ်ဆိုတဲ့အ ကြောင်း၊ ကျောင်အုပ်ကြီးက ထပ်ပြီးမေတ္တာရပ်ခံတယ်။ စစ်ဆေးရေးတွေ အချိန်မရွေးရောက်လာနိုင်တာဖြစ်လို့ ဖုန်းဆက် တာနဲ့ ကျောင်းလာတက်စေချင်ကြောင်း၊ မိဘတွေကလည်း သူတို့ကိုနားလည်ပေးတဲ့အနေနဲ့ ကျောင်းကိုဖြစ်တဲ့နည်းနဲ့ပို့ ပေးစေလိုကြောင်း။

ခက်တော့ခက်ပါရဲ့၊ မြန်မာနိုင်ငံပညာရေးက…။

အဲလိုထူး