ကိုသန်းလွင် သတင်းဆောင်းပါး

ကိုသန်းလွင် – ငွေလဲနှုန်း

ကိုသန်းလွင် – ငွေလဲနှုန်း
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅

(၁)
ဘယ်သူတွေက ဘယ်လိုညှိနှိုင်းတိုင်ပင်ပြီး တန်ဘိုးသတ်မှတ်နေသည် မသိကြရ။ ငွေလဲနှုန်းမှာ လူပေါင်းမြောက်များစွာတို့ အပေါ် အကောင်းအဆိုး အကျိုးသက်ရောက်မှု ရှိနေကြသည်။ စီးပွားရေး လုပ်ကိုင်ကြရာတွင် ငွေလဲနှုန်းကို မသိချင်၍မရ။ အထူးသဖြင့် နိုင်ငံရပ်ခြားနှင့် ကုန်ကူးသန်း ရောင်းဝယ်မှုပြုကြပြီဟုဆိုလျှင် အရှုံးအမြတ်ကို ငွေလဲနှုန်း အတက်အကျက ဆုံး ဖြတ်နေခြင်းဖြစ်ရာ ပို၍အရေးကြီးသည်။

သို့ပါလျှက် ငွေလဲနှုန်းကိုသတ်မှတ်ရန် နိုင်ငံတကာကသဘောတူညီထားကြသည့် ဆုံးဖြတ်ချက်ဟူ၍ မရှိသေးပါ။ ကန့်သတ် ချက်များရှိသည်ဟုကား ဆိုနိုင်ပါ၏။ သို့ပါသော်လည်း ထိုကန့်သတ်ချက်များကို လိုက်နာရမည်ဟု ဥပဒေကမရှိသေး။  ယနေ့ ကမ္ဘာ၏ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို IMF International Monetary Fund ခေါ် အဖွဲ့အစည်းက ကြီးကြပ် နေသည်ဆိုသည့်တိုင်  နိုင်ငံပေါင်းစုံက လိုက်နာကြရမည့်စည်းကမ်းစနစ်ဟူ၍ ချမှတ်မထားနိုင်ကြပေ။ ငွေကြေးဆိုင်ရာ စနစ် Monetary System ဟုဆိုသော်လည်း စနစ်ဟူ၍ပင်မရှိဘဲဖြစ်နေသည်။

နိုင်ငံတိုင်း၏ ငွေကြေးတန်ဘိုးကို ထိုနိုင်ငံ၏ဗဟိုဘဏ်က သတ်မှတ်နေခြင်းဖြစ်ရာ ဗဟိုဘဏ်သည် ယနေ့ ဖြစ်ပျက်နေသည့် ဈေးကွက်တွင် အခြေအနေ ထုတ်ကုန်ပစ္စည်းပေါင်းစုံတို့နှင့်ဆိုင်သည့် (attribute) ခေါ် ဂုဏ်အင်္ဂါအချက်အလက်များစွာကို လေ့လာကြည့်ရူပြီး ငွေလဲနှုန်းကို သတ်မှတ်နေကြသည်ဟု ဆိုစရာရှိသည်။ သို့ပါ၍ တက်လိမ့်မည်၊ ကျလိမ့်မည်ဆိုသည်ကို ယေဘုယျ ဝေဖန်နိုင်သည်ဆိုသည့်တိုင် အတိအကျ ခန့်မှန်းရန်ကား လောလောဆယ်တွင် မဖြစ်နိုင်ပေ။

ကမ္ဘာတွင် ပထမဦးဆုံးပေါ်လာသည့် ငွေကြေးစနစ်မှာ ဗြိတိသျှကိုလိုနီနိုင်ငံများပါဝင်သည့် ရွှေကို အဓိကထားသော စနစ်ဖြစ် ပါသည်။  ၁၉၁၄ ခု ပထမကမ္ဘာစစ်ဖြစ်ပွားချိန်မှာ ဤစနစ်နိဂုံးချုပ်သွားခဲ့သည်။ ၁၉၃၀ ခုနှစ်တွင် တကမ္ဘာလုံး စီးပွားရေး ပျက် ကပ်ကို ကြုံကြရသည်။ မိမိတို့၏ငွေကြေးကို မိမိဖာသာထိမ်းသိမ်းလာကြရာ ပထမကမ္ဘာစစ်ပြီးသော် အထိန်းအကွပ် ကင်းမဲ့နေမှုကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားနိုင်သည့် အခြေအနေကို သုံးသပ်စိုးရိမ်ခဲ့ကြသည်။ နိုင်ငံတကာ ငွေကြေးစနစ်ကို ထိမ်းချုပ်ထားနိုင်ရန် စနစ်တခုကို တီထွင်ရှာဖွေရန်လိုအပ်လာသည်။

တကမ္ဘာလုံးက ဤငွေကြေးစနစ်ကိုတီထွင်ရန် စုပေါင်းတာဝန်ပေး လိုက်ကြသောပုဂ္ဂိုလ် ၂ ဦးမှာ အင်္ဂလန်နိုင်ငံမှ John Maynard Kyenes  နှင့် အမေရိကန်လက်ထောက်ဘဏ္ဍာရေးဝန်ကြီး Harry Dexter White တို့ဖြစ်ကြပါသည်။

၎င်းတို့သည်အမေရိကန် New Hampshire နယ် မောင့်ဝါရှင်တန်အပမ်းဖြေဟိုတယ်တွင် ၄၄ နိုင်ငံမှ ကိုယ်စားလှယ် ရ၀၃  ဦးကိုဖိတ်ခေါ်ကာ ကွန်ဖရင့်တခုကျင်းပခဲ့ပါသည်။ ဟော်တယ်ပိုင်ရှင် မိုင်းသူဋ္ဌေးက ထိုအရပ်ရှိ စာတိုက်နှင့် မီးရထားဘူတာ ရုံကို Bretton Woods ဟုအမည်ပေးခဲ့ရာတွင် ကွန်ဖရင့်ကိုလည်း ဘရင်တန် ၀ုဒ် ကွန်ဖရင့်ဟု ကမ္ဘာကသိခဲ့ကြပါသည်။ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးမည့် D-day အပြီး ရက်သတ္တပတ် အနည်းငယ်အကြာ ဂျူလိုင် ၂ ရက်မှ ၂၂ ရက်အထိ ရက်သတ္တ သုံးပတ်ကြာမျှ ကျင်းပခဲ့ပါသည်။

သမ္မတကြီး ရုစဗဲ့က ကမ္ဘာ့နိုင်ငံတွေသည် နီးသည်မဟုတ်၊ ဝေးသည်မဟုတ် နိုင်ငံတခု၏ စီးပွားရေး တောင့်တင်းမှုအခြေ အနေသည် တခြားနိုင်ငံများအပေါ် အကျိုးသက်ရောက်မှုရှိနေပါသည်ဟု သ၀ဏ်လွှာ ရေးသားပို့ပေးခဲ့သည်။

တကမ္ဘာလုံး စီးပွားရေးဆုပ်ကပ် (Recession) ဖြစ်ပြီးသည့်နောက် ရှုပ်ထွေးနေသော ကမ္ဘာ့ငွေကြေးစနစ်ကို စနစ်တကျ ဖြစ် အောင် ထိမ်းသိမ်းနိုင်ရန် ဤကွန်ဖရင့်ကို ကျင်းပရပါသည်ဟု ဆိုခဲ့ကြသည်။ ဤကွန်ဖရင့်က ငွေလဲနှုန်းအသေထားခြင်း  (Fixed Rate) ကို အားပေးသည်။ အဓိကကျသောနိုင်ငံကြီးများ၏ ငွေကြေးတန်ဘိုးကိုတည် ငြိမ်အောင်တားနိုင်လျှင် တ ကမ္ဘာလုံး၏ ငွေကြေးစနစ်များသည် ချောချောမွေ့မွေ့လည်ပတ်နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။

လိုက်နာရန် နည်းလမ်းအသွယ်သွယ်တို့ဖြင့် ကုန်သွယ်ရေးမညီမျှမှုများကို ညီအောင် ထိန်းသိမ်းထားရမည်။ ထိုစဉ်က အမေ ရိကန်ဒေါ်လာမှာ တကမ္ဘာလုံးတွင်အရေးကြီးဆုံး ဗဟိုငွေကြေးဖြစ်နေပါသည်။ ပြင်သစ်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဒက်စ တိုင်းက အမေရိကန်တို့သည် ဒေါ်လာငွေစနစ်အပေါ်မှ အခွင့်အရေးတွေ မမျှမတရနေသည်ဟု ဝေဖန်ခဲ့သည်။ သူတို့က ငွေကိုရိုက်ထုတ်နေပြီး အခြားနိုင်ငံတွေက ထိုငွေကိုရရှိအောင် ကုန်တွေထုတ်လုပ်ကြရသည်ဟု ထောက်ပြခဲ့သည်။ နောက် ပိုင်းသူသမ္မတဖြစ်လာပြီး အနားယူ၊ ယခု အသက် ၈၉ နှစ်အရွယ်ရောက်သည့်တိုင် အခြေအနေမှာ မပြောင်းလဲပေ။ အမေရိ ကန်ဒေါ်လာငွေ၏အရေးပါမှုမှာ ယခင်အတိုင်းပင်ရှိနေခဲ့သည်။

နိုင်ငံတိုင်း၏ ငွေကြေးတန်ဘိုးကို စောင့်ကြည့်မည့် IMF ကို ဤကွန်ဖရင့်ကပင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါသည်။ ဤကွန်ဖရင့် ကပင် IBRD ခေါ် အပြည်ပြည်ဆိုင်ရာ ပြန်လည်တည်ဆောက်ရေးဘဏ်ကိုဖွဲ့စည်းခဲ့ရာ တချိန်တွင် ကမ္ဘာ့ဘဏ် World Bank ဟူ၍ ဖြစ်ပေါ်လာသည်။

ဒုတိယ ကမ္ဘာစစ်အပြီး စစ်ကြောင့်ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ရန်ရည်ရွယ်ခဲ့သော်လည်း အမေရိကန်တို့က ဥရောပပြန်လည်တည်ဆောက်ရေးအတွက် မာရှယ် (Marshall Plan) ဖြင့် ငွေထုတ်ချေးသောအခါ  IBRD ၏ဘဏ်လုပ်ငန်းမှာ မှေးမှိန် သွားခဲ့ရသည်။

(၂)
ကမ္ဘာကြီး၏ငွေကြေးစနစ်သည် ပြဿနာတခုမှ တခုသို့ တဖြည်းဖြည်းဖြေရှင်းပေးနေရသော စနစ်ကြီးတခုသာဖြစ်ပါသည်။ ခိုင်ခံ့တည်ငြိမ်သည့်ကာလမှာ တိုတောင်းပြီး ရှုပ်ထွေးသောပြဿနာများမှာ တမျိုးပြီးတမျိုးပေါ်ပေါက်နေကြပါသည်။

ဥရောပစီးပွားရေးစနစ်ကြီးမှာ ရှေ့သို့မတိုးနိုင်ဘဲ ရပ်တန့်နေသည်။ ငွေကြေးတန်ဖိုးမှာ ဖောင်းပွသည်ဟုမရှိဘဲ ပို၍ပို၍သာ ကျစ်လစ်လာနေပြီး တန်ဖိုးတက်လျှက်ရှိသည် (Deflation)၊ ဂရိနိုင်ငံမှာ ယူရိုစနစ်မှ ထွက်မည်ဟူ၍လည်းကောင်း၊ ကြွေး တွေကိုမဆပ်နိုင်တော့ဘဲ ဒေ၀ါလီခံရတော့မည်ဟုလည်းကောင်း အမျိုးမျိုးပြောနေသည်။ အမေရိကန်စီးပွားရေးမှာလည်း ပြန်ပြီး ဦးမော့လာပြီဟုပြလိုက်၊ ပြန်ပြီး နှေးကွေးသွားလိုက် ဖြစ်နေသည်။ ထိုသို့မတည်ငြိမ်မှုကြောင့် နိုင်ငံတကာငွေကြေးစနစ် မှာများမှာ ဖရိုဖရဲဖြစ်ကုန်သည်။ ယမန် နှစ်နောက်ဆုံးပိုင်းတွင် ယူရိုတန်ဘိုးငွေမှာ ပြိုဆင်းခဲ့သည်။

၂၀၁၅ နှစ်ဦးစတွင် ဆွစ်တို့က သူတို့ငွေကြေးကို ထိမ်းချုပ်မထားတော့ဘဲ ဈေးကွက်အလိုကျ လွှတ်ပေး (float) ခဲ့သည်။ ၎င်း၏တန်ဘိုးမှာ ယူရိုနှင့်ယှဉ်လျှင် အများကြီးခုန်တက်သွားသည်။ ဆွစ်နိုင်ငံလုပ် ချောကလက်နှင့် စကိတ်လျှောစီးစခန်း တည်းခိုခတွေမှာ ခုန်တက်ကုန်သည်။

ငွေလဲနှုန်းဆိုသည်မှာ ပြောင်းနေကြသည်ဆိုသော်လည်း မတည်မငြိမ် အတက်ကြမ်း၊ အဆင်းကြမ်း ဖြစ်နေရသည်တော့ မဟုတ်ပေ။ မည်သို့ဖြစ်စေ ငွေလဲနှုန်းသည် ကမ္ဘာ့စီးပွားရေးအတွက် တခုတည်းသော အရေးကြီးဆုံးဂဏန်းတခု ဖြစ်လာနေ ပါသည်။

မကြာမီက ဤမတည်ငြိမ်မှုသည် အာရှသို့ ကူးစက်လာခဲ့ပါသည်။ ၂၀၁၂ နှင့်စာသော် ဂျပန်ယန်းငွေသည် တန်ဘိုး သုံးပုံတပုံ လျော့ဆင်းသွားသည်။ ဂျပန်ထုတ်ပစ္စည်းတွေမှာ ဈေးကွက်တွင် အပြိုင်ရောင်းလာနိုင်ပြီး ပတ်ဝန်းကျင်နိုင်ငံများအဖို့ ခေါင်းခဲ ရ သော ပြဿနာဖြစ်လာသည်။

ကမ္ဘာကြီးတခုလုံး၏စီးပွားရေးကို မြှင့်တင်ပေးခဲ့သည့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ တစတစလျော့နည်းလာ နေသည်။ သြဂုတ်လအတွင်းက ဆိုင်းမဆင့် ဗုံမဆင့် ယွမ်တန်ဘိုးငွေကို လျှော့ချလိုက်ရာ တကမ္ဘာလုံး အံ့အားသင့်ခဲ့ကြရသည်။ ဈေးကွက်တွင် ကမောက်ကမတွေဖြစ်ကုန်သည်။ အကြီးအကျယ် ရှုံးသူ မြတ်သူတွေပေါ်ပေါက်ခဲ့သည်။

အမေရိကန်ဒေါ်လာတန်ဘိုးမှာ ယူရိုအပါအ၀င် ကမ္ဘာ့ငွေကြေးအားလုံးနှင့်စာသော် တိုးတက်လာခဲ့ပါသည်။ သို့ပါသော်လည်း အမေရိကန်တို့၏ စီးပွားရေးတိုးတက်မှုမှာ မိမိငွေကြေးကို အမှီလိုက်နိုင်သည်ဟု မဆိုနိုင်ပါ။ တချိန်ထဲမှာပင် အမေရိကန်ထုတ် ကုန်များ၏တန်ဘိုးမှာ တက်လာသည်။ ဒေါ်လာငွေကို ချေးထားခဲ့သောကုမ္ပဏီများမှာ ပြန်ဆပ်ရန် အခက်တွေ့ကုန်ကြ သည်။

ငွေကြေးတန်ဖိုးတက်ခြင်းကျခြင်းမှာ  ငွေကြေးတို့၏အလုပ်ပင်ဖြစ်ပါသည်။ သဘာဝကျသောဖြစ်ရပ်တခု ဖြစ်ပါ၏၊ သို့ပါ သော်လည်း ထိုအတက်အကျများကြောင့်ပင် စီးပွားရေးသမား၊ နိုင်ငံရေးသမားများ အကြပ်အတည်း တွေ့ကြရသည်။ ဘဏ် များ ဒေ၀ါလီခံရခြင်း၊ စီးပွားရေးအကြပ်အတည်းကြုံကြရခြင်းကြောင့် ဘဏ်များတွင် လိုက်နာကြရသည့် စည်းကမ်းဥပဒေများ ပြဌာန်း လာကြပါသည်။ သို့ပါသော်လည်း ဘဏ်များပါဝင်လှုပ်ရှား နေရသော ကမ္ဘာ့ငွေကြေးစနစ်ကြီးမှာ စည်းကမ်းနည်းလမ်း ဟူ၍ မယ်မယ်ရရမရှိဘဲ ဖြစ်နေသည်။ နိင်ငံများ၌ ပြဿနာတက်ပြီဆိုလျှင် နိုင်ငံတကာငွေကြေးစနစ်ကပင် ကူညီပေးရမည့် ပလက်ဖောင်း ဖြစ်သင့်လှပါသည်။ ငွေကြေးစနစ်များမှာ တစစီ တခုစီ အလုပ်လုပ်ကိုင်နေကြပြီး စုစည်းရန်ခက်ခဲသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများက နယ်နိမိတ်များကိုကျော်ကာ ငွေကြေးကိုပြောင်ရွေ့သွားခြင်းကို အားပေးသည်။ တရုတ် ပြည်က လက်သင့်မခံပေ။ အမေရိကန်ဦးဆောင်မှုနှင့် IMF အနေဖြင့် ငွေချေးငှားနိုင်သောကြောင့် ၎င်း၏သြဇာခံနိုင်ငံပေါင်းများစွာတို့၏ ငွေကြေးစနစ်ကို လွပ်လပ်မှုရရှိစေသည်ဟု ဆိုရပေမည်။

အချို့ငွေကြေးများမှာ ဒေါ်လာ (သို့) ယူရိုနှင့်တွဲချိတ် (Peg) ထားလိုကြပြီး တချို့ကမူ ဈေးကွက်ကိုလိုက်၍  Float  လုပ်ထား လိုကြသည်။ နိုင်ငံပေါင်းများစွာက ကုန်ကူးသန်းရောင်းဝယ်မှုအတွက် ဒေါ်လာငွေကိုအသုံးပြုပြီး မိမိငွေကြေးနှင့် တန်ဘိုး ဖြတ်ကြရသည်။ သို့ပါသော်လည်း  ဘယ်နိုင်ငံမဆို ဤစနစ်ကိုမလိုက်နာတော့ဘဲ မနက်ဖြန်တွင် အခြားငွေကြေးကို ပြောင်း လဲသုံးမည်ဆိုလျှင်လည်း လွတ်လပ်စွာ အသုံးပြုနိုင်ခွင့်ရှိသည်။

ထိုသို့ ပရမ်းပတာဖြစ်နေသော ငွေကြေးစနစ်ကြီးကို စည်းကမ်းတကျဖြစ်စေရန် အဆိုပြုခြင်းများရှိခဲ့ကြပါသည်။ ဂျိုးဇက်စ တစ်ဂလစ်၊ ဂျော့ (ရှ) ဆိုးရိုးနှင့် တရုတ်ပြည်၏  သက်တော်ရှည်ဘဏ်ဥက္ကဌကြီး Zhou Xiao Chun တို့ရှေ့တန်းက ပါဝင်ကြ ပါသည်။

တိုင်းပြည်တစ်ခု၏ ကုန်သွယ်ရေးစာရင်းချုပ်ရာတွင် လိုငွေပြနေသောနိုင်ငံတို့အတွက် ဖြေရှင်းနည်းမှာ မိမိနိုင်ငံ၏  ကုန်ထုတ် လုပ်မှုကို တိုးမြှင့်ပေးရန်ပင်ဖြစ်သည်။ သို့မဟုတ် ဗဟိုဘဏ်မှ အတိုးနှုန်းကို တိုးမြှင့်ပေးခြင်းဖြင့် ငွေကြေးကို မိမိနိုင်ငံအ တွင်းတွင် ရှိနေရန်စီမံနိုင်သည်။ သို့ပါသော်လည်း ဤနည်းက ပြည်တွင်းစီးပွားရေးကိုထိခိုက်ပြီး ဆုပ်ကပ် (Recession) ဖြစ် စေနိုင်သည့် အန္တရာယ်ရှိသည်။

နောက်ထပ်တနည်းမှာ မိမိငွေကြေးတန်ဘိုးကို ချပေးခြင်းပင်ဖြစ်သည်။ မိမိငွေတန်းဘိုးကျသွားသဖြင့်  နိုင်ငံခြားမှ ပစ္စည်း မှာယူတင်သွင်းခြင်းကိုအားမပေးဘဲ ပြည်တွင်းမှ ပို့ကုန်တိုးမြှင့်ရေးကိုသာ အားပေးသည်။ ငွေကြေးတန်ဖိုးချခြင်းမှာ မိမိ စီးပွားရေးတခုလုံးကို ထိခိုက်စေသည့်အပြင် မိမိကဲ့သို့ပင် အခြားနိုင်ငံများကလည်း တန်ဘိုးလိုက်ပြီး လျှော့ချနိုင်ကြသည်။ ဤစက်ကွင်းသံသရာကိုတားဆီးနိုင်ရန်မူ နိုင်ငံများအနေဖြင့် မိမိငွေကြေးကို အလွယ်တကူ မချပေးနိုင်အောင် ထိန်းချုပ်မှုများ ရှိသင့်သည်။

ဘရင်တန်ဝုဒ်မှ ချပေးလိုက်သော စည်းမျဉ်းတခုမှာ နိုင်ငံအားလုံးစုပေါင်း ထိမ်းချုပ်ကြခြင်းပင်ဖြစ်ပါသည်။ ဤသဘောတူညီ မှုကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး တကမ္ဘာလုံး၏ စီးပွားရေးတိုးတက်မှုမှာ ပျမ်းမျှ ၂.၈ ရှိခဲ့သည်။ ၁၉၇၀ ခုနောက်ပိုင်း ထိမ်းချုပ်မှုလျှောနည်းသွားချိန်မှစပြီး  ၁.၈ သို့လျှော့ကျသွားသည်။

ဒုတိယကမ္ဘာစစ်ပြီးချိန်မှ ၁၉ရ၀ ခုနှစ်များအထိ ငွေကြေးတည်ငြိမ်ခဲ့ခြင်းမှာ ဘရစ်တန်ဝုဒ်ကွန်ဖရင့်၏ အကျိုးဆက် များဖြစ်ပါ သည်။

ဘရင်တန်ဝုဒ် ကွန်ဖရင့်က ရွှေ၏အရေးပါမှုကို ပယ်ဖျက်လိုခဲ့သည်။ သို့ပါသော်လည်း ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်ခဲ့ ပါ။ ဥရောပနိုင်ငံများက ရွှေကို အမေရိကန်တို့ထံမှဝယ်ကြရာ နောက်ဆုံး သမ္မတနစ်ဆင်မှ တားမြစ်မိန့်ထုတ်ရသည်အထိ အ ၀ယ်များလာခဲ့သည်။ အမေရိကန်တို့၏ ကုန်သွယ်ရေးလိုငွေပြမှုမှာ တစ တစ များပြားလာသည့်တိုင် ငွေပိုရှိသောနိုင်ငံများက အမေရိကန်တို့ကိုငွေချေးရန် ၀န်မလေးကြပေ။ အမေရိကန်၏ တရုတ်အပါအ၀င် နိုင်ငံပေါင်းစုံသို့ပေးဆပ်ရန် ကြွေးမှာ ၇ ထွီလီယမ် အထိရှိနေပေသည်။

(၃)
ကျွန်တော်တို့နိုင်ငံသည် ဈေးကွက်၏ပကတိအခြေအနေများကို လစ်လျူရှုကာ ငွေလဲနှုန်းအသေဖြင့် နှစ်ပေါင်းများစွာ နေခဲ့ ပါသည်။ ကမ္ဘာဈေးကွက်ကို အသိအမှတ်မပြုခဲ့သောကြောင့် အကျိုးရလဒ်ကို နှစ်ပေါင်းများစွာ ကျွန်တော်တို့တွေ့ကြုံခံစားကြ ရပါမည်။ ပြင်ဆင်သင့်သော အချက်အလက်များကို ပြင်ဆင်ကြရပါမည်။

နိုင်ငံတခုသည် မိမိငွေတန်ဘိုးမြင့်တက်စေလိုပါက၊ ခိုင်ခန့်စေလိုပါက၊ အဓိကလုပ်ရန်မှာ တိုင်းပြည်၏ကုန်ထုတ်လုပ်မှုကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန်ပင်ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: New York Review of books. New Financial Order, until it collapsed by Roger Lowenstein Dec 3 2015 issue.

photo source: cnbc


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “ကိုသန်းလွင် – ငွေလဲနှုန်း
  1. တရုပ်နယ်စပ်၊ ထိုင်းနယ်စပ်နှင့် တရားဝင်ကုန်သွယ်သော စင်ကာပူ ထို(၃)နေရာမှာ မြန်မာနိုင်ငံငွေဈေးနှုန်းကို ဆုံးဖြတ်နေသည့် ပုံစံဖြစ်နေသည်။ ဂျပန်၊ အမေရိကန်တို့ ဝင်လာသော်လည်း လက်ရှိမြန်မာနိုင်ငံ၏ ဂျီဒီပီ တိုးတက်စေလောက်အောင် ရင်းနှီးမှုမရှိသေးပါ။ စက်ပစ္စည်းနှင့် စက်သုံးယဉ် (မော်တော်ကားအပါဝင်) တင်ပို့ခြင်း တရားဝင်သင်္ဘောပို့ကုန်အများစုမှာ စင်ကာပူနိုင်ငံ ပင်နီစူလာပလာစာ အထပ်၂၀၊ ၂၁ စသည့်နေရာများမှ မြန်မာနိုင်ငံသို့ ငွေပေးယူခြင်း လုပ်နေပြီး၊ ထိုင်း နှင့် တရုပ်နယ်စပ်များမှ ငွေပေးယူမှုများ လုပ်နေကြသည်။ ထို (၃)နိုင်ငံသည် လက်ရှိ မြန်မာငွေလဲနှုန်းကို ထိမ်းချုပ်နေသည့် သဘောဖြစ်သည်။ ဗဟိုဘဏ်မှ ထိန်းချုပ်ခြင်းမှာ ရုတ်တရက်ဆောင့်တက်ကျ မှုကိုသာ ထိန်းချုပ်နိုင်သည်။ ၂၀၁၁ တွင် ကန်ဒေါ်တောဈေး ၉၀၀ကျပ်မှာ ယခုအခါ ၁၃၀၀ ကျပ်ဖြစ်လာခြင်းသည် မြန်မာကျပ်ငွေ ဘဏ်အတိုးနှုန်း ၁၂% နှင့် တူညီသည်။

Comments are closed.