စမ်းစမ်းတင် – မေငြိမ်းသို့ပေးစာ
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၅
မေငြိမ်းရေးတဲ့ လွမ်းရကောင်းနိုး မကောင်းနိုးဖတ်မိတော့၊ စာတွေကဗျာတွေ ပြည်တွင်းမှာ မပါရချိန် ဂျပန်နိုင်ငံမှာထုတ်တဲ့ စာစောင်က စာမူတောင်းလို့ ပို့ဖြစ်တဲ့ ကဗျာ တပုဒ်ကို သတိရတယ်။
ဆရာတင်မိုးလည်း အဲဒိမှာရေးလေ့ရှိပြီး အဲဒိကဗျာဖတ်ဖြစ်လေတယ်။ ဆန်ဖရန်စ္စကိုက စာပေဟောပြောပွဲလာတဲ့ဆရာနဲ့ ဆုံတော့ ဆရာကအဲဒိ ကဗျာကိုဖတ်ထားပြီးသား ရယ်လည်းရယ်တယ်… ။
ခေါင်းစဉ်ကို ပြောပြော…ရယ်ရယ်။ ကဗျာကတော့ ထုံးစံအတိုင်း ခပ်တိုတို။ ဗမာပြည်တုန်းက အယ်ဒီတာတယောက် ပြောဖူးသလိုပေါ့ – အစ်မ ကဗျာတွေက ပင်နယ်တီ ဂိုးပဲဆိုသလို။ သူပြောတာက ဆရာဂျမ်း ( ဆရာတင်မိုး) သဘောရသလိုပါပဲ။ လျှာရှည်နေတာနဲ့ ကဗျာဘက်မရောက်ဘူး။
ကဗျာက ဒီလို …
မေငြိမ်းရေ့ ခေါင်းစဉ်ဖတ်ဖို့ မမေ့နဲ
ပြည်ပြေး
အတောင်ရှိလျက်
အပြန်ခက်တဲ့ ငှက်
အသိုက်မဲ့ပေါ့
ဒီကဗျာရေးချိန်က အိမ်လွမ်းနာ မကြာမကြာကျနေချိန်။ နောက်…အချိန်တွေပြောင်းတော့ လူလည်းနေသားတကျဖြစ်လာ..အတွေးလည်းပြောင်းသွားတယ်။ ခုတော့ ပြောလေ့ရှိနေတာက …
ကောင်းကင်အောက် ဘယ်နေရာရောက်နေနေ
နေတတ်ရင် အိမ်…
တခါတခါကျတော့ ပြည်တော်ပြန်လေမလားတွေးပြန်တော့ – ကိုယ်ပြောပြောနေတာနဲ့ ကွဲလွဲချက် ထွက်လာပြန်ရော။
အမေမရှိရင် အိမ်လည်းမရှိတော့ ဆိုတာပေါ့… မေမေက ၂၀၁၀ မှာဆုံးသွားတာ။
ခုတော့နေထိုင်ရာကို ရွေးဖို့စဉ်းစားရင် သမာအာဇီဝနဲ့သန့်ရှင်းတဲ့ဘဝကိုပဲ ဦးစားပေးရွေးမိတော့တာ။
နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်ပြီး (တကယ်တော့ ကိုယ့်ကိုယ်ကိုယ်လှည့်စားတာ)
ကောင်းကင်အောက် ဘယ်နေရာရောက်နေနေ
နေတတ်ရင် အမေ့အိမ်ပါပဲ မေငြိမ်းရေ