သရော်စာ

ရန်လိုကျွဲ – အတိုက်အခံတို့ အပြတ်အသတ်နိုင်သွားတာ CIA ကြောင့်လား

 

ရန်လိုကျွဲ – အတိုက်အခံတို့ အပြတ်အသတ်နိုင်သွားတာ CIA ကြောင့်လား

(Freiday Times ရန်ကုန်ထုတ် ဂျာနယ်မှ ကူးယူသည်) မိုးမခ။ ဒီဇင်ဘာ ၇၊ ၂၀၁၅

ပြီးခဲ့သောရက်ပိုင်း လူပြောအများဆုံးဖြစ်ရပ်များထဲတွင် ဒုက္ခသီရိနေပြည်တော်ရှိ တွေ့ဆုံပွဲတခုအကြောင်းလည်း ပါဝင်သည်။ ဝါရင့်ချိုကုပ်ဒူးကြီး၏ မြေးတော်လေးက ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်နှင့် တွေ့သည်။ တွေ့သည့်အကြောင်း အနံ့ရသည့် သတင်းဌာနတချို့က သူတို့သိသလောက် ရေးသားထုတ်လွှင့်သည်။ ကာယကံရှင်များက ဝေ့လည်ကြောင်ပတ် လုပ်နေသဖြင့် ကနဦးတွင် ထိုသတင်းက မှားသလိုလို မှန်သလိုလို ဖြစ်နေသည်။  နောက်ပိုင်းတွင်မှ နှစ်ဘက်စလုံးက တွေ့ဖြစ်ကြောင်း ဝန်ခံကြ၏။ ကဲ… တွေ့တာတော့ ဟုတ်ပါပြီ၊ ဘာအကြောင်းတွေ ပြောကြ၊ ညှိနှိုင်းကြသနည်း။ ထိုမေးခွန်းကို သူတို့ မဖြေ။

ထိုအဖြေ သိလိုသူများထဲတွင် သတင်းထောက် ရန်လိုကျွဲလည်း ပါဝင်၏။ အချက်အလက် ရရှိရန်အလို့ငှာ ထုံးစံအတိုင်း ဝါရင့်ချိုကုပ်ဒူးကြီးထံ သွားရောက်ကာ စနည်းနာရလေတော့သည်။

အဘိုးကြီးကတော့ သူ့မြေးကို ပွဲထုတ်ချင်သောကြောင့် စတန့်ထွင်ခြင်းဖြစ်သည်ဟု ဗြောင်ပြောသည်။ အကျိုးစီးပွား ကာကွယ်ရန်၊ နောက်ကြောင်းပြန်အရေးယူမှု တားမြစ်ရန်ကိစ္စတို့မှာ အခြေခံဥပဒေတွင်  ကတုတ်ကျင်းခိုင်ခိုင်တူးသကဲ့သို့ ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်သောကြောင့် မြေးဖြစ်သူကို စေလွှတ်ပြီး ညှိနှိုင်းဆွေးနွေးရန်အကြောင်း လုံးဝမရှိဟုလည်း သူက ရှင်းပြသည်။

ရန်လိုကျွဲလည်း အဖြေရပြီဖြစ်သောကြောင့် သတင်းပြန်ရေးရန်   စဉ်းစားနေစဉ် ထောက်လှမ်းရေးအရာရှိတဦး ရောက်လာ၏။

ထိုအရာရှိနှင့် ဝါရင့်ချိုကုပ်ဒူးကြီးတို့ ပြောစကားများမှာ စိတ်ဝင်စားစရာကောင်းသောကြောင့် ဖောက်သည်ချရေးသားလိုက်ရပါသည်။

ထောက်အရာရှိ။     ။ အနောက်မယ်တော်ကြီးတို့ပါတီ အကြီးအကျယ်နိုင်သွားရခြင်းက  CIA (အမေရိကန်ထောက်လှမ်းရေးအဖွဲ့) လက်ချက်ပါ။ CIA အကူအညီ မပါဘဲနဲ့ ဒီလောက်နိုင်စရာအကြောင်း မရှိပါဘူး အဘ။

ဝါရင့်ချိုကုပ်ဒူးကြီး။     ။ ဟေ… ဟုတ်လားကွ။ တင်ပြစမ်းပါဦး၊ ဘယ်လိုအထောက်အထားတွေ တွေ့သလဲ။

ထောက်။     ။ ရွေးကောက်ပွဲကော်မရှင်ကို အနီးကပ်ကူညီနေတဲ့ နိုင်ငံတကာအဖွဲ့ ရှိပါတယ်။ အဲဒီအဖွဲ့က CIA လက်ခွဲ ဖြစ်မှာပါ။  ဒါကြောင့် မဲရုံတိုင်း မဲရုံတိုင်းမှာ သူတို့လူတွေကိုပဲ ခန့်ထားတာမျိုးတွေကို စီစဉ်နိုင်ပါလိမ့်မယ်။ ဒီနည်းနဲ့ သူတို့ကြိုက်တဲ့၊ သူတို့ကြိုးကိုင်လို့ရမယ့်ပါတီ မဲများများရအောင် ပိပိရိရိ လုပ်သွားတာ ဖြစ်မှာပါ။

ဒူးကြီး။     ။ ဒီလိုကိစ္စတွေ ကြိုမြင်တဲ့အတွက် ကော်မရှင်ဗဟိုကနေ အောက်ခြေ အဖွဲ့ခွဲအဆင့်ဆင့်အထိ ငါတို့လူတွေကိုပဲ ကြိုတင်ခန့်ထားတယ်လေကွာ၊ မင်း..မေ့နေပြီလား။

ထောက်။     ။ ဟုတ်တော့ ဟုတ်ပါတယ် အဘ။ ဒါပေမယ့် CIA က သူ့လူကိုယ့်ဘက်သားလုပ်တဲ့နေရာမှာ အင်မတန် ကျွမ်းကျင်သူတွေပါ။ မဲရုံအသီးသီးရောက်သွားတဲ့ ပြည်တွင်းပြည်ပ အကဲခတ်ဆိုတဲ့သူတွေထဲမှာ CIA ရဲ့လူတွေ အများကြီး ပါနိုင်ပါသေးတယ်။

ဒူးကြီး။     ။  CIA နဲ့ ပတ်သက်ပြီး နောက်ထပ် ဘာအထောက်အထား တွေ့သေးလဲ။

ထောက်။     ။ မဲဆန္ဒရှင်စာရင်း အကြီးအကျယ် မှားတာထက် ကောင်းတဲ့ အထောက်အထား မရှိတော့ပါဘူးအဘ။

ထောက်လှမ်းရေးအရာရှိ၏ ပြောဆိုချက်ကြောင့် ဝါရင့်ချိုကုပ်ဒူးကြီး မျက်လုံးပြူးသွားသည်။

ဟုတ်သည်၊ ရွေးကောက်ပွဲမတိုင်ခင် မဲစာရင်း အကြီးအကျယ် မှားသည်။ ၂၅ ရာခိုင်နှုန်းကျော်ကျော်ပဲ အာမခံနိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်က ခပ်တည်တည် ပြောခဲ့ဖူးသည်။

ဒူးကြီး။     ။   ဒီအမှားအယွင်းထဲ CIA  က ဘာကြောင့် ကန့်လန့်တိုက် ဝင်ပါနေရတာလဲ။ ကော်မရှင်ရဲ့ ကွန်ပြူတာတွေကို CIA ဟက်ကာတွေက ဖောက်ထွင်းသွားတာလား။ ဒီကောင်တွေ အဲဒီလောက် မတော်ဘူးထင်တယ်။ သူ့ရန်ဘက် မြောက်ကိုရီးယား၊ တရုတ်၊ ရုရှတို့ကမှ ဒီကိစ္စမှာ တကယ်စွမ်းတာလို့ ငါ့မြေးက ပြောဖူးတယ်။

ထောက်။     ။ မဲဆန္ဒရှင်ရင်းတွေ အမှားအယွင်းများအောင် တမင်သက်သက်၊ ရည်ရွယ်ချက်ရှိရှိ လုပ်တာဟာ ရွေးကောက်ပွဲကော်မရှင်ကို အနီးကပ်ကူညီနေတဲ့ နိုင်ငံတကာအဖွဲ့ ဖြစ်မယ်လို့ ကျွန်တော်တို့ရဲ့ သတင်းပေးတွေက ပြောပါတယ်။

ဒူးကြီး။     ။ ဟုတ်ပါပြီလေ….  မဲဆန္ဒရှင်ရင်းတွေ မှားတော့ ဘာဖြစ်လို့လဲ။ ငါ့ကောင်တွေပဲ အဆဲခံရတာမဟုတ်လား။ စစ်တပ်ကလာတဲ့ကောင်တွေ စီမံခန့်ခွဲတာ သောက်သုံးမကျဘူးလို့ အပြောခံရတာ မင်းတို့ မကြားဘူးလား။

ထောက်။     ။ ကြားပါတယ် အဘ၊  ကြားပါတယ်။ ကျွန်တော်ပြောချင်တာလဲ ဒါပါပဲ။  စာရင်းတွေမှားတော့ ကျွန်တော်တို့ပဲ အပြောခံရတယ်၊ ပြီးတော့ ကျွန်တော်တို့ပါတီ ခွက်ခွက်လှန်အောင် ရှုံးတယ်၊ ဒါဟာ ခဲတလုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ CIA နည်းလမ်းပါပဲ။ သူတို့ ကြိုးကိုင်လို့ရတဲ့ပါတီ နိုင်သွားအောင် စာရင်းဇယား အမှားအယွင်းဖြစ်အောင် လုပ်လိုက်တာပါပဲ။

ဝါရင့်ချိုကုပ်ဒူးကြီး ဖြေးညှင်းစွာ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ ထောက်လှမ်းရေးအရာရှိ၏ သုံးသပ်ချက်တို့ကို သူ လိုက်မီပုံမရ။

ဒူးကြီး။     ။ ငါထပ်ပြောမယ်… ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ကြီးကြီးယူထားတာ အကုန်လုံး ငါ့လူတွေချည်းပါပဲကွ။ မင်းက ငါတို့လူတွေကို ညံ့တယ်လို့ ဆိုလိုချင်တာလား။ ဒါမှမဟုတ် CIA က သူတို့ကို ဝယ်သွားတဲ့သဘောလား။

ထောက်။     ။  အားလုံး ဖြစ်နိုင်ပါတယ် အဘ။  ဒါပေမယ့် အမေရိကန်တွေက သင်္ချာညံ့တယ် အဘ။ အတွက်အချက် ညံ့တယ် ဆိုပြီး ထင်ရှားတယ်။ အတွက်အချက် ညံ့ဖျင်းသူတွေ  ကူညီနေလို့ ရွေးကောက်ပွဲကော်မရှင်က စာရင်းတွေမှားတာ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ တယ်လီဖုန်းကိစ္စမှာလည်း သူတို့ရဲ့ရိုက်ချက် အတော်လေး ပြင်းထန်ပါတယ်။

ဒူးကြီး။     ။ ဟေ… ဘယ်လိုပြင်းထန်တာလဲကွ၊ လုပ်စမ်းပါဦး။

ထောက်။     ။ နိုင်ငံခြားက တယ်လီနော၊ အော်ရီဒူးတို့ ဝင်လာတယ်လေ။ ဖုန်းတွေ ရှားပါးပြီး သိန်းဂဏန်းဈေးပေါက်နေချိန်မှာ သူတို့က ထောင့်ငါးရာဈေးနဲ့ လိုသလောက် ရောင်းပါတယ်။ အဲဒီမှာ ကျွန်တော်တို့က ဖုန်းဈေး တမင်သက်သက် ဈေးကြီးကြီးရောင်း အမြတ်ထုတ်ထားတာကို တနိုင်ငံလုံး သဘောပေါက်သွားပါတယ်။ ကျွန်တော်တို့ကို လူတွေ ချဉ်သွားပါတယ်။ ဒီလိုချဉ်သွားတာဟာ အဲဒီ တယ်လီနော၊ အော်ရီဒူးတို့ ရောက်လာတဲ့အတွက်ကြောင့်ပါ။ သူတို့က နိုင်ငံခြားက လာတာ ဆိုတော့ CIA နဲ့ သေချာပေါက် ပတ်သက်မှာပါပဲ။

ဒူးကြီး။     ။ အင်း… ငါတော့ အဲဒီလို မတွေးခဲ့မိဘူး ဆိုတာ ဝန်ခံရမှာပဲ။ သို့သော်လည်း ရွေးကောက်ပွဲမှာ ငါတို့ မညစ်လို့ ငါတို့ မနိုင်တာပါကွာ။ ဒီအချက်ကိုရော မင်း သဘောပေါက်ရဲ့လား။

ထောက်။     ။ ဟုတ်တော့ ဟုတ်ပါတယ်အဘ၊ ဒါပေမယ့် ဒီကိစ္စ CIA လက်ချက်ဆိုတာ သေချာပါတယ်။ မဲဆွယ်တဲ့အချိန်မှာ အနောက်မယ်တော်ကြီးရဲ့ ပါတီအတွက် နာမည်ကျော်အဆိုတော်တွေ အများကြီး တနိုင်ငံလုံးအနှံ့ မဲဆွယ်ပေးတာ ကျွန်တော်တို့ တွေ့ရပါတယ်။ အနောက်မယ်တော်ကြီးက ငမွဲပါ။ အခုတောင် သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လစာ၊ ဝန်ကြီး လစာထဲက ၂၅ ရာနှုန်း၊ ၅ဝ ရာနှုန်း ဆက်ကြေး အဲ… ပါတီရံပုံငွေအဖြစ် သိမ်းမယ်လို့ ပြောပါတယ်။ ဒီလောက်တောင် မွဲတဲ့သူက အဆိုတော်တွေကို မငှားနိုင်ပါဘူး။ CIA က ငွေစိုက်ပေးတာ ဖြစ်ဖို့ များပါတယ်။ ပြီးတော့ အဲဒီအဆိုတော်တွေထဲက တချို့ဟာ ရွေးကောက်ပွဲ မတိုင်ခင် အမေရိကန် သွားခဲ့ကြပါတယ်။ ဒါဟာ ဟိုမှာ CIA သင်တန်း သွားတက်တာလည်း ဖြစ်နိုင်ပါတယ်။

ထောက်လှမ်းရေးအရာရှိကို  ဝါရင့်ချိုကုပ်ဒူးကြီး သေချာ စိုက်ကြည့်လိုက်သည်။ အရာရှိက ထိုအကြည့်ကို ဘာသာပြန်တတ်ပုံမရ။ ဆက်ပြီး လေပေါလေသည်။

ထောက်။     ။ ဘူးလက်ကြီး ဆိုတဲ့ ကျွန်တော်တို့ရဲ့ အမတ်ကြီးကလည်း စကားလွန်သွားတာ ရှိပါတယ်။ စစ်တပ်အမတ်မင်း ၂၅ ရာခိုင်နှုန်း ရှိပြီးသားဆိုတော့  ၂၆ ရာခိုင်နှုန်းရရင် ပေါင်းပြီး အစိုးရဖွဲ့နိုင်ပြီ လို့ သူက ဖွဘုတ်မှာ ရေးပါတယ်။

ဒူးကြီး။     ။ ဒီကောင့်ကိစ္စမှာရော CIA ပါတာပဲလား။

ထောက်။     ။ ပါတယ်လို့ ယူဆနိုင်စရာတွေ ရှိပါတယ်။ သူက ဖွဘုတ် သုံးပါတယ်။ ဖွဘုတ် ဆိုတာ အမေရိကန်တွေ ထွင်ထားတာပါ။ ပြီးတော့ ဖွဘုတ်မှာ သူ ပြောတဲ့စကားဟာ တိုင်းပြည် မချစ်သူတွေက ကျွန်တော်တို့ ၂၆ ရာခိုင်နှုန်း မရဖို့ ကြိုးစားချင်အောင် ပြောလိုက်သလို ဖြစ်သွားပါတယ်။ NLD မှာ မဲဆွယ်စကား ကောင်းကောင်း ပြောတတ်တာ အနောက်မယ်တော်ကြီးပဲ ရှိတာ ကျွန်တော်တို့ တွေ့ရပါတယ်။ မဲဆွယ်ရေးတာဝန်ခံ နည်းပါတယ်။ အမတ်ကြီးစကားကြောင့် လူအများအပြားဟာ NLD အတွက် မဲဆွယ်ပေးသူတွေ ဖြစ်သွားကြတယ်။ ဒီလူတွေကိုလည်း CIA က ကွန်ရက်ဖြန့်ပြီး ကိုင်တွယ်နိုင်ပါလိမ့်မယ်။

ဒူးကြီး။     ။  အေးပါကွာ … မင်းရဲ့ အစီရင်ခံစာနဲ့ သုံးသပ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ မင်း … ပြန်လို့ ရပါပြီ။

ထောက်လှမ်းရေးအရာရှိလည်း ဝါရင့်ချိုကုပ်ဒူးကြီးကို အလေးပြုပြီး ပြန်သွားလေသည်။

ထိုအရာရှိ အခန်းအပြင်ဘက်ရောက်လျှင် ဝါရင့်ချိုကုပ်ဒူးကြီး သက်ပြင်းတခုကို ပြင်းပြင်းထန်ထန် ချလိုက်ပြီး မျက်လုံးကို ခေတ္တ မှိတ်ထားလိုက်သည်ကို ကျွန်ုပ် တွေ့လိုက်ရသည်။ တစုံတရာ ရင်ဖွင့်ပြောဆိုလိုဟန် ရှိသဖြင့် ကျွန်ုပ်လည်း အသာ နားထောင်နေလိုက်သည်။ သူ၏ ရှင်းပြချက်တွင် နောင်တ ရသည့်အသံ အပြည့် ပါဝင်နေသည်ကို တွေ့ရ၏။

“အတိုက်အခံတွေဟာ အနောက်မျှော်တယ်၊   CIA  ကြိုးဆွဲရာ ကနေတယ်၊ အနောက်မယ်တော်ကြီးကို နိုဗဲလ်ငြိမ်းချမ်းရေးဆု ပေးတာ CIA ရဲ့ အစီအစဉ်ဖြစ်တယ် စသဖြင့် ငါတို့ ဝါဒဖြန့်ခဲ့တာ တော်တော်လေး များသွားတယ်။ အခု လာသွားတဲ့ ဒေါ်စိန်အေးကျောင်းဆင်း ထောက်လှမ်းရေးအရာရှိဟာ အများပြည်သူ ယုံအောင် လုပ်ကြံပြောရင်းနဲ့ ကိုယ့်ရဲ့ ပုံပြင်ကို ကိုယ်တိုင် ယုံကြည်သွားသူတွေထဲက တယောက်ပေါ့ကွာ” ဟု ဝါရင့်ချိုကုပ်ဒူးကြီးက ဆွေးဆွေးမြေ့မြေ့ ပြောလိုက်လေသည်။    ။
(ဤသရော်စာကို ဒီဇင်ဘာ ၆ စနေနေ့ထုတ် Friday Times ဂျာနယ်တွင်လည်း ဖတ်ရှုနိုင်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts