သတင်းဆောင်းပါး

ဖြိုးသီဟချို – ကလောင်ကိုင်တဲ့လက်များ ဥပဒေချိန်ခွင်ကိုင်ဖို့ အသင့်ဖြစ်ပြီလား

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အနိုင်ရ NLD ပါတီလွှတ်တော်အမတ် ကဗျာဆရာ ကိုတင့်လွင် ခေါ် မောင်လွင်မွန် (ကသာ) ရန်ကုန်တိုင်းဒေသကြီး ပုဇွန် တောင်မြို့နယ်ရှိ NLD ပါတီရုံးမှထွက်သည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ။  ဖြိုးသီဟချို/ Myanmar Now)
ဖြိုးသီဟချို – ကလောင်ကိုင်တဲ့လက်များ ဥပဒေချိန်ခွင်ကိုင်ဖို့ အသင့်ဖြစ်ပြီလား
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၅

ယခု သတင်းဆောင်းပါးအား Myanmar Now မှ ရယူပါသည်။

ရန်ကုန် (Myamar Now)။ ။ ကိုလိုနီခေတ်ကအစပြုလို့ မြန်မာကဗျာဆရာတွေဟာ လူထုခံစားရသမျှဒုက္ခအဝဝကို သူတို့ရဲ့ ကလောင်တံတွေကတစ်ဆင့် ထင်ဟပ်ဖော်ပြခဲ့ကြတဲ့အစဉ်အလာရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းမှာ ထင်ရှား ကျော်ကြားခဲ့ပြီး လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေအပေါ်မှာတောင် သြဇာကြီးမားခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကအစပြုလို့ ၈၈ လူထုအရေးတော်ပုံကနေမွေးဖွားပေးခဲ့တဲ့ ကဗျာဆရာလှသန်း၊ မောင်ချောနွယ်၊ တာရာမင်းဝေ၊ ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ကအဆုံး မြန်မာကဗျာဆရာတွေဟာ တစ်ဖက်ကလည်း ကိုလိုနီအစိုးရနဲ့ အာ ဏာရှင်စနစ်တွန်းလှန်ရေးမှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်နေပြန်ပါတယ်။

ဒါ့ထက် ထူးခြားတာက ပြီးခဲ့တဲ့နိုဝင်ဘာလရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၈၀၀ ကျော်မှာ ၁၁ ဦးဟာ လူသိများပြီးသားကဗျာဆရာတွေဖြစ်နေတာပါပဲ။

သို့သော်လည်း စကားလုံးတွေကို အနုအရွအလှအပတွေ၊ အော့နှလုံးနာစရာခံစားမှုတွေနဲ့ တန်ဆာဆင်ရေးသားရတဲ့ ကဗျာဆရာ ၁၁ ဦးကတော့ သူတို့ရဲ့လိုင်းမဟုတ်တဲ့ အခွန်ဥပဒေလို၊ တိုင်းနဲ့ပြည်နယ်အစိုးရတွေရဲ့ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေလို သီးခြားကမ္ဘာတစ်ခုက ဘာသာစကားတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

စစ်အာဏာရှင်သက်တမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကို ကဗျာဘာသာစကားနဲ့ ဖော်ပြ နိုင်စွမ်းခဲ့ပေမယ့် ဥပဒေပညာဘာသာစကားနဲ့ဖော်ပြဖို့စွမ်းနိုင်၊ မစွမ်းနိုင်ဆိုတာကိုတော့ လာမယ့် ဇန်နဝါရီလ လွှတ်တော်သုံးရပ်စတင်မယ့်အချိန်မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

● ကဗျာဆရာတွေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ ရည်ရွယ်ခဲ့သလား
အမှန်ကတော့ ရိုးသားတဲ့မြန်မာကဗျာဆရာအများစုဟာ  အငြင်းအခုံတွေများပြီး စကားတွေအများကြီးပြောရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့အလုပ်ထက် လူမှုဒုက္ခအလီလီကိုရေးသားသီကုံးနေရတဲ့ ကဗျာဆရာဘဝကိုပဲ ပိုပြီးခုံမင်ကြသူတွေ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က မအူပင်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသွားသူ ကဗျာဆရာ အနီသစ် အဖြစ် သိကြ တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်ကတော့ ပကာသနတွေမပါတဲ့ ရိုးသားတဲ့ကဗျာဆရာဘဝ၊ ကျေးလက် ကျောင်းဆရာဘဝကို ပျော်မွေ့ပေမယ့်လည်း ခေတ်ရဲ့တောင်းဆိုမှုနဲ့လိုအပ်ချက်ကို မငြင်းပယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ငယ်ဘဝအိပ်မက်ထဲမှာ လွှတ်တော်အမတ်တစ်ယောက်ဖြစ်ဖို့ လုံးဝကိုမမျှော်လင့်ထားပါဘူး။ ကျွန်တော်ရိုးရိုးသားသား ကျေး လက်ကျောင်းဆရာဘဝ၊ ကဗျာဆရာဘဝနဲ့ပဲ ဘဝကိုဖြတ်သန်းသွားမယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ” လို့သူက တွေး တွေးဆဆပြောပါတယ်။

နိုင်ငံရေးစောင့်ကြည့်လေ့လာသူအချို့နဲ့ အာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူတို့ကိုရှုံးနိမ့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဟောင်းတွေက ဥပဒေနဲ့ပတ်သက်ပြီး သူတို့ရဲ့အရည်အချင်းတွေအပေါ် သံသယရရှိနေပေမယ့် လွှတ်တော်စတင်တာနဲ့ ပြင် ဆင်ဖို့နဲ့ အသစ်တင်သွင်းဖို့ ဥပဒေတွေကိုလေ့လာနေပြီလို့ ကဗျာဆရာအနီသစ်ကဆိုပါတယ်။ သူကတော့ ပညာရေးဥပဒေ နဲ့ မီဒီယာဥပဒေတွေကိုပြင်ဆင်ချင်တယ်လို့ ဆိုပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ဖို့ဆိုတာတော်တော်လည်းခဲယဉ်းပါတယ်။ အကောင်းဆုံးလေ့လာ သင်ယူပြီး တော့တိုင်းပြည်အတွက်အကျိုးရှိမယ့်အလုပ်တွေကို ပြုပြင်သွားရမှာပဲဖြစ်ပါတယ်” လို့သူက ပြောပါတယ်။

● ဘဝသုံးမျိုးနဲ့နေရတော့မယ့် ကဗျာဆရာ
လက်ရှိစစ်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးကို တိုင်းဒေသကြီးလွှတ်တော် ဘုတလင်မဲဆန္ဒနယ် (၂) မှာ အနိုင်ယူခဲ့နိုင် သူ ကဗျာဆရာ ဇင်လင်းမောင်အမည်နဲ့ ဦးကျော်ဇင်လင်းဟာ အသက် ၃၀ ကျော်အရွယ် လူငယ်ကဗျာဆရာ တစ်ဦးဖြစ်ရုံသာမက ဆရာဝန်တစ်ဦးလည်းဖြစ်ပါတယ်။ မတူညီတဲ့ဘဝသုံးခုကို ဖြတ်သန်းနေထိုင်ရမယ့်အနေအထားမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ဘဝကတော့သူကတစ်ခါမှ မမျှော်လင့်ထားခဲ့ပါဘူးလို့ဆိုပါတယ်။

“လွှတ်တော်အမတ်တစ်ယောက်ဖြစ်ဖို့ မျှော်လင့်ထားတာမရှိပါဘူး။ ကျွန်တော်ကပြင်ပနိုင်ငံရေးသမားဘဝကိုပဲ ပိုပြီးသဘော ကျတယ်။ ပြင်ပဆိုတော့လွတ်လွတ်လပ်လပ် ပြောလို့ဆိုလို့ရတယ်။ ခုကတော့ ပါတီကချမှတ်တဲ့ ပါတီမူတွေအပေါ်မှာသစ္စာ စောင့်သိရတော့တာပေါ့” လို့ ပြောပါတယ်။

အနုပညာသမားတစ်ယောက်ရဲ့ပင်ကိုဗီဇစိတ်အတိုင်းလွတ်လပ်မှုကိုမြတ်နိုးခုံမင်ပေမယ့် ခေတ်ဝန်ကိုထမ်းထားရသူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လာပြီဆိုတော့လည်း ဥပဒေတွေကိုလေ့လာဖို့ အသင့်ဖြစ်နေပြီလို့သူကဆိုပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ရှုပ်ထွေးတဲ့ဥပဒေ ပြုမှုတွေမှာ သူပထမဆုံးကြိုးစားချင်တာက ကမောက်ကမဖြစ်နေတဲ့အုပ်ချုပ်ရေးယန္တရားကို ဒီမိုကရေစီနည်းကျဖြစ်လာအောင် ပြင်ဆင်သွားဖို့ပဲလို့ဆိုပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးယန္တရားရဲ့အဓိက ပင်မသွေးကြောဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ဒီမိုကရေစီနည်းကျလူထုက တင်မြှောက်နိုင်တဲ့ စနစ်မျိုးဖြစ်အောင် ကြိုးစားသွားမယ်လို့ သူကဆိုပါတယ်။

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုတော့ကျေးရွာတွေကနေရွေးလိုက်တာပဲ။ ဒါပေမယ့်မြို့နယ်အဆင့်မှာတော့ ရပ်ကွက်ကျေးရွာတွေကနေရွေးချယ်တာမျိုးမဟုတ်ဘဲ ပြည်ထဲရေးကနေ တိုက်ရိုက်ခန့်လိုက်တာမျိုးတွေ ဖြစ်နေတယ်”

“တိုင်းဒေသကြီးလွှတ်တော်တွေ ပီပီပြင်ပြင်ဖြစ်လာအောင်၊ တိုင်းဒေသကြီးလွှတ်တော်တွေက ပြဋ္ဌာန်းတဲ့ဥပဒေ တွေ ပွင့်လင်းမြင်သာမှုရှိအောင်ကို ကျွန်တော်တို့တော်တော်ကို အလုပ်လုပ်ယူရဦးမှာပါ” လို့ ဆိုပါတယ်။

● ဘဝတူစာရေးဆရာတွေက ဘာတွေမျှော်လင့်ထားသလဲ
ခေါင်းပေါင်းစတလူလူနဲ့ ကဗျာဆရာတွေလွှတ်တော်ကိုယ်စားလှယ်အဖြစ် လာမယ့်လွှတ်တော်မှာတွေ့ မြင်ရမယ့် ကဗျာ ဆရာတွေအပေါ် သူတို့နဲ့ဘဝတူ ကဗျာဆရာ၊ စာရေးဆရာတွေမှာလည်း မျှော်လင့်ချက်ကိုယ်စီ ရှိကြပါတယ်။

စာရေးဆရာမ သွေး (စစ်ကိုင်း) ကတော့  ကဗျာဆရာတွေလွှတ်တော်ထဲရောက်သွားတာဟာ မြန်မာစာပေလောကအတွက်ပိုမိုကောင်းမွန်တဲ့စာပေတွေထွက် ပေါ်လာဖို့အထောက်အပံ့ဖြစ်နိုင်သလို ဘဝတူ ကဗျာလောကသား၊ စာပေလောကသား တွေအတွက်လည်း ကောင်းမွန်တဲ့ လူနေမှုဘဝတွေ ဖော်ဆောင်ပေးဖို့အထောက်အပံ့ဖြစ်လိမ့်မယ်လို့သူကဆိုပါတယ်။

ဒါ့ပြင် ကဗျာဆရာတွေဟာ နူးညံ့သိမ်မွေ့တဲ့စိတ်ဓာတ်ပိုင်ရှင်တွေဖြစ်တာကြောင့် ခေတ်အဆက်ဆက် အဖိနှိပ်ခံခဲ့ရသူ နင်း ပြားတွေဘက်က ရပ်တည်လိမ့်မယ်လို့ သွေး (စစ်ကိုင်း) က ဆက်ပြောပါတယ်။ “ကဗျာဆရာဆိုတာကသမိုင်းအဆက်ဆက်မှာအဖိနှိပ်ခံလူတန်းစာဘက်ကအမြဲရပ်တည်ခဲ့ကြတယ်။ အဲဒီတော့ သူတို့လွှတ်တော်ထဲရောက်မယ်ဆိုရင် အဖိနှိပ်ခံနေရတဲ့ပြည်သူတွေအတွက်သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်လို့ယုံကြည်တယ်”လို့ ဆိုပါတယ်။

“ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ရွေးကောက်ပွဲကြွေးကြော်သံနဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုအောင်နိုင်ရေးစည်းရုံးပေးခဲ့သူတွေထဲမှာ စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ အနုပညာရှင်တွေ အများစုပါဝင်ကြပါတယ်။ အဲဒီစာရေးဆရာတွေထဲမှာ စာရေးဆရာမ မိချမ်းဝေဟာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

စိတ်ကူးဉာဏ်ကွန့်မြူးမှုရှိပြီးတီထွင်ဆန်းသစ်မှုတွေအပြည့်ရှိတဲ့ ကဗျာဆရာတွေ လွှတ်တော်ထဲရောက်သွားတာကြောင့် ဆန်းသစ်တဲ့အတွေးအခေါ်တွေကိုလွှတ်တော်ထဲမှာမြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ ဆရာမမိချမ်းဝေက ဆိုပါတယ်။

“ဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ မြန်မာပြည်ကြီးကို ကယ်တင်နိုင်မယ်။ မြန်မာပြည်ကြီးဖြစ်နေတဲ့အဖြစ်အပျက်တွေကို ကောင်းတဲ့ဘက်ကိုရောက်အောင်ဆွဲခေါ်သွားနိုင်မယ်လို့ယူဆပါတယ်” လို့သူကပြောပါတယ်။

၁၉၈၈ ခုနှစ်က ပြည်သူလူထုရဲ့ဆန္ဒပြတောင်းဆိုမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့လို့ လခစားဘဏ်ဝန်ထမ်းအဖြစ်နေ ထုတ်ပယ်ခံ ခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဦးတင့်လှိုင်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာတော့ ပုစွန်တောင်မဲဆန္ဒနယ်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုခဲ့တဲ့ ဦးတင့်လွင်ဟာ မောင်လွင်မွန် (ကသာ) ဆိုတဲ့ အမည်နဲ့ အများကသိရှိကြ တဲ့ ကဗျာဆရာတစ်ဦးလည်းဖြစ်ပါတယ်။

“သာမန်အားဖြင့်ဆိုရင်တော့ ကဗျာဆရာတွေက ဓမ္မနဲ့အဓမ္မကြားမှာ ဓမ္မဘက်ကရပ်တဲ့လူတွေ။ ဒီလိုလူတွေက လွှတ်တော် ထဲရောက်သွားတဲ့အခါမှာ ပြည်သူ့ဘက်ကရပ်တည်တဲ့ဥပဒေတွေ ရေးဆွဲနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်” လို့ သူက ဆိုပါ တယ်။

မောင်လွင်မွန် (ကသာ) ကတော့ ကဗျာဆရာဆိုတဲ့ဘဝဟာ သူတို့ရွေးချယ်ထားတဲ့ဘဝဖြစ်သလို လွှတ်တော်ကိုယ်စား လှယ်ဘဝဟာလည်း သူတို့ရွေးချယ်ထားတဲ့ဘဝဖြစ်တယ်။ ဒါကြောင့်ရွေးချယ်ထားတဲ့ ဘဝတွေအပေါ်မှာ သစ္စာရှိဖို့လိုတယ်။ လိုက်လျောညီထွေရှိစွာဖြတ်သန်းသွားဖို့လိုတယ်လို့ ပြောပါတယ်။

“ဘဝနဲ့လိုက်လျောညီထွေမှုရှိအောင်ပြောင်းလဲပြီးနေထိုင်ဖို့လိုမယ်ထင်တာပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဘဝတွေက သူတို့ ရွေးချယ်ထားတာကိုး” လို့ ရီဝေဝေမျက်ဝန်းများနဲ့အတူ ပြောပါတယ်။

အကျယ်ချုပ်ဘ၀နဲ့ရှိနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ. ၆၆ နှစ်မြောက်မွေးနေ့ ၂၀၁၀ မှာ မောင်လွင်မွန် (ကသာ) က သူမ ဦးဆောင်တဲ့ နိုင်ငံသစ်ခုကိုမွေးဖွားဖို့ စိတ်ကူးယဉ်ရင်း အောက်ပါကဗျာကိုလည်းရေးသားခဲ့ပါတယ်။

“ဘာပဲဖြစ်ဖြစ် အမေရယ်
အားငယ်ခြောက်ခြားစရာ အမှောင်ရိပ်တွေဖြာနေတဲ့
ကျွန်တော်တို့အိမ်မြေယာမှာ..

လွတ်လပ်ကျယ်လွင့်
ပင့်သက်အမောကင်းရှင်း
လင်းချင်းတောက်ပ
“ခမ်းနားလှတဲ့အိမ်” ကို ဝန်းရံပြီး
(အမေ့လို) နှင်းဆီတွေရဲ့ခြံနဲ့
ပနံရမယ် အိမ်တစ်ကွက်
အိပ်မက်နေဆဲပဲ အမေရယ်..”

● ကဗျာဆရာဖြစ်လည်း အိမ်စာမလုပ်ရင် မေမေဆူမှာပဲ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက စာရေးဆရာ၊ ကဗျာဆရာ တွေဟာစိတ်ခံစားချက်တွေနဲ့ လုပ်ကိုင်နေကြတဲ့သူတွေဖြစ်တဲ့ အတွက်ကြောင့် လွှတ်တော်နှင့်အံဝင်ခွင်ကျဖြစ်ဖို့ ခက်ခဲလိမ့်မယ်လို့ထင်မြင်တယ်လို့ဆိုပါတယ်။

လွှတ်တော်မှာ မေးခွန်းမေးမြန်းဖို့အဆိုတင်သွင်းဖို့အတွက် အချိန်ကန့်သတ်မှုတွေရှိတာကြောင့် စိတ်ခံစားမှုများတဲ့ ကဗျာ ဆရာတွေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်တော်တော်ယူရလိမ့်မယ်လို့ သူကဆိုပါတယ်။

ဥပဒေပြုဖို့အတွက်ကတော့သူတို့ကိုယ်တိုင်လဲလွှတ်တော်ကိုစရောက်တဲ့အချိန်မှာခက်ခဲမှုတွေရှိခဲ့ပြီး ဥပဒေရေးရာကော်မတီ လို့ ခေါ်တဲ့ ပညာရှင်အဖွဲ့ရဲ့အကူအညီနဲ့ ဥပဒေပြုရေးတွေကိုဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ဆိုပါတယ်။

“(ကဗျာဆရာ လွှတ်တော်အမတ်တွေဥပဒေပြုဖို့) သူတို့ကြိုးစားရမှာပဲလေ။ မကြိုးစားလို့လဲမရဘူး။ မကြိုးစားရင် သူတို့ မေ မေက တွယ်မယ်လို့ပြောထားတာရှိတယ်။ မကြိုးစားပဲနေရင်တော့ မေမေ့တာဝန်ပေါ့ဗျာ”လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းရင်း သူကဆိုပါတယ်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts