သူတို့အာဘော်

စိုးနေလင်း – ၈၈ နောက်ပိုင်း မြန်မာပြည်နဲ့ ၈၉ နောက်ပိုင်း တရုတ်ပြည်

 စိုးနေလင်း – ၈၈ နောက်ပိုင်း မြန်မာပြည်နဲ့ ၈၉ နောက်ပိုင်း တရုတ်ပြည်
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၅
မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံးလို့ နာမည်ကျော်တဲ့ ၁၉၈၈ လူထု ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း စစ်အစိုးရအဆက်ဆက် ကနေ ဒီကနေ့ အရေခွံလဲစစ်အစိုးရအထိ ဒီမိုကရေစီ အခွင့်အရေးအခြေပြု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြပွဲနဲ့ သပိတ်တိုက်ပွဲတွေ မှာပါဝင်ကြတဲ့ အလုပ်သမား လယ်သမားတွေ သန်မန်အရပ်သားပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေမှာ နဲ့ အစိုးကို ဝေဖန်ကြတဲ့ စာရေးဆရာ၊ သတင်းစာနယ်ဇင်းသမားတွေအပေါ် အာဏာပိုင်ဆိုသူတွေက ဘယ်လိုသဘောထား
ကြတယ် တုန့်ပြန်ကိုင်တွယ်ဆောင်ရွက်ကြတယ်ဆိုတာနဲ့ ၁၉၈၉ ခုနှစ် တီအန်မင် ဒီမိုကရေစီလှုပ်ရှာမှုကြီးအပြီး တရုတ်အစိုး ရက ဒီမိုကရေစီရေး တောင်းဆိုတိုက်ပွဲဝင်ကြတဲ့ ကျောင်းသားကျောင်းသူတွေ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီ အခွင့်အရေးအခြေခံ ဆန္ဒပြတောင်းဆိုမှုတွေမှာပါဝင်ကြတဲ့ ကျောင်းသား၊ အလုပ်သမား လယ်သမားနဲ့ မီဒီယာနဲ့ စာနယ်ဇင်း သမားတွေအပေါ် သဘောထားပုံ တုန့်ပြန်ကိုင်တွယ်ဆောက်ရွက်ပုံ၊ ရည်ရွယ်ဦးတည်ပုံတွေကို နှိုင်းယှဉ်စဉ်းစားနိုင်ကြဖို့ ဒီ ဆောင်းပါးကိုရေးသားလိုက်တာပါ။

ဒီကနေ့ တရုတ်နိုင်ငံအစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထိမ်းသိမ်းတာတွေ၊ မတရားဖိစီးနှိပ်စက်တာတွေကို အခိုင်အမာ ဆက်ပြီးလုပ်ဆောင်နေဆဲဖြစ်တယ်။ အလုပ်ကြမ်းစခန်းတွေကနေ ကွန်မြူနစ်ပညာ ပြန်ပေးရေးလုပ်ခဲ့တာကို တရုတ်အစိုးရက ဖျက်သိမ်းလိုက်ပြီးဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူများ ညွှန့်ပေါင်းအဖွဲ့ရဲ့ အဆိုအရ အစိုးရက ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အစိုးရကို ဝေဖန်သူတွေရဲ့ကွန်ရက်ထဲကို သူ့ရဲ့ထောက်လှန်းရေးတွေ ၀င် ရောက်ပြီး လျှို့ဝှက်အကျဉ်းစခန်းတွေ စိတ္တဇ ဆေးရုံတွေမှာ ဖမ်းဆီးထိမ်းသိမ်းထားခွင့်ကို ဆက်ပြီးပေးထားဆဲဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဖမ်းဆီးထိမ်းသိမ်းထားပြီးတဲ့ အခွင့်အရေးအခြေပြု တက်ကြွလှုပ်ရှားသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းတာ ကို ဒါမှမဟုတ် အဲဒီဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေသေဆုံးရမှုအတွက် တာဝန်ရှိတဲ့ လုံခြုံရေးအရာရှိတွေကို အပြစ် ဒဏ်ပေးဖို့ကိုတောင် တကယ်စစ်မှန်တဲ့အားထုတ်မှုမရှိဘဲ တရုတ်နိုင်ငံ အမည်းရောင်နဲ့ အနီရောင်အကျဉ်းထောင်တွေထဲမှာ သူနဲ့သဘောထားကွဲလွဲသူတွေကို နှိပ်စက်ညှင်းပမ်းတာတွေဟာ နေရာအနှံ့မှာ တွေ့မြင်နေရဆဲဖြစ်တယ်လို့ တရုတ်လူ့ အခွင့်အရေး ကာကွယ်သူများအဖွဲ့က သုတေသီ ဗစ်တာကလီမင်က ပြောကြားခဲ့ပါတယ်။

“အစိုးရကိုဝေဖန်သူတွေအနေနဲ့ သူတို့လုပ်နေတဲ့ နိုင်ငံရေး အကဲဆတ်တဲ့လုပ်ရပ်တွေအတွက် လက်တုန့်ပြန် ညှင်းပမ်းနှိပ် စက်ခံကြရဖို့ များပါတယ်။ အဲဒါတွေဟာ ကျယ်ကျယ်ပြန့်ပြန့် နေရာအနှံ့ဖြစ်နေတယ်လို့ ကျနော်တို့ရဲ့သုတေသနအရ ကောက်ချက်ချလို့ရပါတယ်” လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒီကနေ့ဆိုရင် တရုတ်အစိုးရဟာ အင်တာနက်သုံးစွဲသူတွေ ကိုပိုပြီးတင်းကျပ်တဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်နေသလို ခေတ်သစ် မြေအောက်ညှင်းပမ်းနှိပ်စက်ရေးစခန်းတွေကိုလည်း ထားရှိနေတယ်လို့ဆိုပါတယ်။ တရုတ်အစိုးရ ထောာက်လှမ်း ရေးအရာရှိတွေက တနိုင်ငံလုံးမှာ ရှုပ်ရှက်ခတ်နေတဲ့ ခေတ်သစ်မြေအောက်ညှင်းပမ်းနှိပ်စက်ရေးစခန်းတွေ အားကိုးနဲ့ ညှင်း ပမ်းနှိပ်စက်မှု ဆန့်ကျင်ရေး စီမံချက်လှုပ်ရှားသူတွေကအစ ကွန်မြူနစ်ပါတီ အုပ်စိုးမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုနေတဲ့
အငယ်စားဘလော့ဂါတွေအထိ ဖမ်းဆီးထိမ်းသိမ်းနေကြသလို တပြိုင်နက်ထဲမှာပဲ ခေတ်မှီဆန်းပြားတဲ့ စောင့်ကြည့်ကိရိယာပစ္စည်းတွေရဲ့အကူအညီနဲ့ ဘေဂျင်းမှာ “အဆင့်မြင့်နည်းပညာ အာဏာရှင်စနစ်” ကို ဖန်တည်းတည်ဆောက်နေပါတယ်လို့ ဟူဘေပြည်နယ်အခြေစိုက် လူမှုအခွင့်အရေးနဲ့ အသက်မွေးမှုစောင့်ကြည့်ရေးအဖွဲ့ကိုတည်ထောင်သူ လျူဖေယွီက ပြောပါ တယ်။

ဒါတင်မကသေးပဲ တရုတ်အစိုးရဟာ တက္ကသိုလ်စာသင်ခန်းတွေမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ဒီမိုကရေစီအုပ်ချုပ်ရေးလို အနောက်အတွေးအခေါ်တွေကိုထောက်ခံ သင်ကြားပို့ချနေသူတွေကို ရှာဖွေဖို့ “အတွေးအခေါ် ရဲ” တွေကို စတင်စေလွှတ်ခိုင်းစေလာပါပြီ။ ပိုပြီးထောင့်စုံအောင် အတိုက်အခံလက္ခဏာရှိတဲ့ ၀က်ဘ်ဆိုက်တွေနဲ့ အီးမေးလ် စနစ်တွေကို ထောက်လှမ်းဖို့ ဆိုင်ဘာစစ်သည်တပ်ဖွဲ့တွေကိုတောင် တည်ထောင်နေပြီ ဖြစ်ပါတယ်။ အစိုးရ ထိမ်းချုပ်တဲ့ ဗီဒီယို ကင်မရာတွေကိုဘုရားကျောင်းတွေ ပလီတွေ ပြည်သူ့ရင်ပြင်လိုနေရာမျိုးတွေမှာတပ်ဆင်နေတဲ့အပြင် သာမန်ပြည် သူလူထုကို အလျှင်မပြတ်ခြေရာကောက်ဖို့ ဒစ္စကိုကလပ်တွေမှာတောင် တပ်ဆင်လာတာတွေ့ရပါတယ်။

“ ‘အကိုကြီး*က မင်းတို့ကိုစောင့်ကြည့်နေတယ်’ ဆိုတာ ဒီကနေ့တရုတ်ပြည်ရဲ့ တကယ့်ပကတိအခြေအနေဖြစ်လာပါပြီ” လို့ လျူက ပြောပါတယ်။ သူကပဲ “လူ့အခွင့်အရေးရှေ့နေတွေ၊ ပညာရှင်တွေ၊ သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ စာရေးဆရာတွေ အင်ဂျီအို တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေနဲ့ အစိုးရနဲ့သဘောထား ကွဲလွဲသူတွေ အများကြီး မနှစ်က အဖမ်းခံခဲ့ရတယ်လို့သူက ဆိုပါတယ်။

ဒီကနေ့ ဖိနှိပ်ရေးစီမံချက်ဟာ လူထုကြီးကိုအုံနဲ့ကျင်းတဲ့ဖမ်းဆီးခဲ့တဲ့ ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင်မှာ ဒီမိုကရေစီရေးလှုပ် ရှားဆန္ဒပြသူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တိုက်ခိုက်နှိမ်နှင်းပြီးတဲ့အချိန်ကစပြီး အဆိုးဆုံးဖြစ်လာခဲ့ပါပြီ။တရုတ်နိုင်ငံအနောက်ပိုင်းက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဟွမ်ကီက မကြာခင်က အစိုးရက အလုပ်ကြမ်းတွေလုပ်ခိုင်း ပြီး ပြန်လည်ပညာပေးတဲ့စနစ်ဖြစ်တဲ့ ထောက်လှမ်းရေးအရာရှိတွေက အစိုးရနဲ့သဘာထားကွဲလွဲသူတွေ၊ ဗုဒ္ဓဘာသာ ဘုန်း ကြီးတွေ မြေအောက်လှုပ်ရှား ခရစ်ယာန်တွေကို ဥပဒေနဲ့အညီ တရားရင်ဆိုင်ခွင့် ရှေ့နေနဲ့ တွေ့ဆုံဆွေးနွေးပိုင်ခွင့် စတာ တွေ မပေးဘဲ ဂုလပ် (gulags) အကျဉ်းစခန်းတွေထဲကို ပို့ဆောင်ဖို့ ထင်တိုင်းဖမ်းခွင့်ပေးထားတဲ့စနစ်ကို ပယ်ဖျက်ပစ်လိုက်တာဟာအဓိကတိုးတက်မှုတခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူက အဲဒီနေရာ တချို့ကို အလုပ်ကြမ်းစခန်းတွေအဖြစ် ဆက်ပြီးအသုံးပြုနေဆဲဖြစ်ပြီး အခုအချိန်မှာ တရားဝင်လေ့လာသင်ယူရေးဌာနတွေလို့ခေါ်နေကြတယ်ဆိုတာကို တွေ့ရှိထား ခဲ့ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ တရုတ်ပြည်ဒါရိုက်တာ ဆိုဖီရစ်ချတ်ဆန်ကတော့….“တရုတ်အာဏာပိုင်တွေဟာ လျှိ့ဝှက်ထောင်တွေနဲ့ စိတ္တဇဆေးရုံတွေအပါအ၀င် ပုံစံအမျိုးအမျိုးနဲ့ထင်သလို ဖမ်းဆီးထိမ်းသိမ်းတဲ့လုပ်ရပ်တွေကို ဆက်ပြီး လုပ်နေဆဲဖြစ်တယ်” လို့ပြောဆိုခဲ့ပါတယ်။ ဒါက ခုလက်ရှိ တရုတ်နိုင်ငံရဲ့အခြေအနေဖြစ်ပြီး သမိုင်းကြောင်းအရလည်း ၁၉၉၀ ခုနှစ် ဧပြီလမှာ စစ်ဥပဒေနဲ့ တပ်သားတွေနဲ့ ရဲတွေက ဦးဆောင်ပြီး ခြေမှုန်းခံလိုက်ရတဲ့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေကို တနိုင်ငံလုံး ပိုက်စိတ်တိုက် လိုက်လံဖမ်းဆီးခဲ့ပေမယ့် ညှင်းပမ်းနှိပ်စက်မှု ဆန့်ကျင်ရေးကော်မတီ ရဲ့ ရှေ့မှာတော့ တရုတ်နိုင်ငံရဲ့ကိုယ်စားလှယ်က တရုတ်နိုင်ငံမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့သူ နိုင်ငံရေး အကျဉ်း သားမရှိပါဘူးလို့ ပြောဆိုသွားခဲ့တာကို အမှတ်ရပါသေးတယ်။ ကျနော်တို့နိုင်ငံရဲ့ သမတဆိုသူရဲ့ အပြောနဲ့တထေရာတည်း ပါပဲ။

ကျနော်တို့မြန်မာနိုင်ငံက ၈၈ လူထုဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ခြေမှုန်းအာဏာသိမ်းယူပြီးတဲ့ နောက် စစ်အစိုးရအဆက်ဆက်နဲ့ ဒီကနေ့ အရေခွံလဲ စစ်အစိုးရအထိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်း သားကျောင်းသူတွေ ရဟန်းသံဃာတွေ၊ အလုပ်သမားလယ်သမားတွေအပေါ် ဖိနှိပ်ညှင်းပမ်း မတရားမှု အမျိုးမျိုးကို ကျူး လွန်နေတာနဲ့ တထပ်တည်းနီးပါးတူညီနေတာကို တွေ့နေရပါတယ်။

ခုနောက်ဆုံး အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင် သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူ ရဟန်းရှင် လူတွေကို စစ်အရေခွံလဲအစိုးရက အကြမ်းဖက်နှိမ်နှင်းရိုက်နှက်ဖမ်းဆီးဖြိုခွဲလိုက်တာကိုကြည့်ရင်လည်း အစိုးရရဲ့ဇာတိရုပ် ကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ကြမှာဖြစ်ပါဖြစ်ပါတယ်။ နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့အတုကိုယူပြီး ဘက်ပေါင်းစုံ ထောင့် ပေါင်းစုံကဖိနှိပ်ဖို့ အဆင့်မြင့်နည်းပညာ အာဏာရှင်စနစ် တည်ဆောက်လာမယ့်အန္တရာယ်ကိုတွေ့မြင်နေရပြီလို့ ပြောရင် မမှားလောက်ပါဘူးလို့ ထင်ပါတယ်။

* George Orwell ရဲ့ Big brother
Photo source : Getty


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts