သရော်စာ

ရန်လိုကျွဲ – ပေါ်ပြူလာပါတီအစိုးရတွင် ပါဝင်ခွင့်မရလိုက်သူများ

 ရန်လိုကျွဲ  –  ပေါ်ပြူလာပါတီအစိုးရတွင် ပါဝင်ခွင့်မရလိုက်သူများ

အောက်တိုဘာ ၂ဝ၊ ၂ဝ၁၅ 

 

 မကြာသေးမီက ဒုက္ခသီရိ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရာ  တောင်ပြိုကမ်းပြို အနိုင်ရသွားသော  ပေါ်ပြူလာပါတီသည် အစိုးရဖွဲ့ရန် ပြင်ဆင်နေပြီး ဝန်ကြီး၊ ဒုဝန်ကြီးရာထူးများ ခန့်အပ်ရန် တတ်သိပညာရှင်အသီးသီးကို အုပ်စုလိုက် အုပ်စုလိုက် အရေးပေါ် ဖိတ်ခေါ်တွေ့ဆုံလျက် ရှိသည်။

ပညာရှင်အုပ်စုတစ်ခုသို့ ဖိတ်ခေါ်သော စာကို ထုံးစံအတိုင်း အင်တာနက် အီးမေးလ်မှတစ်ဆင့် ပေးပို့လိုက်သည်။ ကံဆိုးသည်လော၊ ကံကောင်းသည်လော မသိ၊ ထိုစာသည် စာနယ်ဇင်းသမားတချို့ထံ မှားယွင်း ရောက်ရှိသွားလေသည်။

ဝန်ကြီး၊ ဒုဝန်ကြီးရာထူးသည် စာနယ်ဇင်းသမားတို့ထက် လစာကောင်း၊ ကြားပေါက်ဝင်ငွေကောင်းသောကြောင့် ဖိတ်ခေါ်ခံရသော စာနယ်ဇင်း ဆရာအပေါင်းကလည်း ဝန်ကြီးဖြစ်လိုလှသည်။

ဖိတ်ခေါ်ခံရသူတို့မှာ

မိုးမခ အွန်လိုင်းမီဒီယာ အယ်ဒီတာ ငြိမ်းချမ်းအေး၊

မော်ကွန်း မဂ္ဂဇင်း   အယ်ဒီတာ ဇေယျာလှိုင်၊

Myanmar Now သတင်းအေဂျင်စီမှ သတင်းထောက် ဖြိုးသီဟချို၊

ဧရာဝတီ သတင်းဌာနမှ အယ်ဒီတာ နိုင်စွမ်း၊

The Voice ဂျာနယ်မှ သတင်းသမား ခက်ဇော်၊

စာနယ်ဇင်းကာတွန်းဆရာ ဟန်လေးတို့ ဖြစ်သည်။

ချိန်းဆိုသောနေ့တွင် စာနယ်ဇင်းဆရာတို့ ပေါ်ပြူလာပါတီ ဥက္ကဋ္ဌ နေအိမ်သို့ ချီတက် ရောက်ရှိသွားသည်။ ဧည့်ခန်းထဲသို့ အသီးသီး ဝင်လာကြသော စာနယ်ဇင်းသမားတို့ကို ကြည့်ပြီး

ပေါ်ပြူလာပါတီ ဥက္ကဋ္ဌ အံ့သြသွားသည်။ နှုတ်ဆက်စကားများဆိုပြီးနောက် မေးခွန်းထုတ်လိုက်သည်။

ဥက္ကဋ္ဌ။     ။ သားတို့ ဘာလာလုပ်ကြတာလဲ။

ဖြိုးသီဟချို။     ။ အစိုးရအဖွဲ့သစ်မှာ ဝန်ကြီး၊ ဒုဝန်ကြီးတာဝန် ယူနိုင်၊ မယူနိုင် ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အတွက်ကြောင့် လာခဲ့ရတာပါ။

ပါတီဥက္ကဋ္ဌ ပိုပြီး အံ့သြသွားသည်။ နံဘေးတွင် လက်ထောက်ထိုင်နေသော သူ၏လက်ထောက်အရာရှိတစ်ဦးကို ခပ်တိုးတိုး မေးမြန်း စုံစမ်းလိုက်ရာ  ဖိတ်စာမှာ အင်တာနက်လိပ်စာ မှားယွင်းပြီး စာနယ်ဇင်းသမားများထံသို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း  စက္ကန့် အနည်းငယ်အတွင်းမှာပင် သိရှိသွားလေသည်။

မှားယွင်းဖိတ်မိကြောင်း ဗြောင်ပြောလိုက်လျှင် သတင်းထဲ ထည့်ရေးမည်ကို စိုးရိမ်ရသောကြောင့် လည်းကောင်း၊ စာနယ်ဇင်းသမားတို့ထံတွင် အစိုးရအဖွဲ့သစ်အတွက် မည်သို့သော မျှော်လင့်ချက် ရှိမည်ကို စနည်းနာလိုခြင်းကြောင့် လည်းကောင်း  အချိန်နည်းနည်းပေးကာ စကားစမြည် ပြောလိုက်မည်ဟု စိတ်ကူးလိုက်သည်။

ဥက္ကဋ္ဌ။     ။ ဟုတ်ပါပြီ… သားတို့က အစိုးရအဖွဲ့သစ် ဖွဲ့ဖြစ်တဲ့အချိန် ဝန်ကြီးဌာနတွေမှာ တာဝန်ယူဖို့ စိတ်ဝင်စားကြတယ်၊ တက်ကြွနေကြတယ်ဆိုတော့ ဒါဟာ နိုင်ငံအတွက်  အင်မတန်မှ ကောင်းတယ်လို့ ဆိုရမှာပေါ့။ ကဲ…   ဖြိုးသီဟချို စပြီးပြော၊ သားက ဘယ်ဌာနကို ကိုင်တွယ်ချင်သလဲ။

ဖြိုးသီဟချို။     ။ ကျွန်တော်က သာသနာရေးဝန်ကြီး ဖြစ်ချင်ပါတယ်။

ဥက္ကဋ္ဌ။     ။ သာသနာရေးဝန်ကြီးဌာနကို ကိုင်တွယ်မယ့်သူက ဘယ်လို အရည်အချင်းတွေ၊ အတွေ့အကြုံတွေ ရှိသလဲ နည်းနည်း ပြောပါဦး။ ပြီးတော့ ဘာကြောင့် သာသနာရေးဌာနကို ကိုင်တွယ်ချင်ရတာလဲ။

ဖြိုးသီဟချို။     ။ ဒီဌာနကို ကိုင်တွယ်ရင် ကျွန်တော့ကို ဘာသာရေးကိုင်းရှိုင်းတဲ့သူလို့ အထင်ကြီးကြမှာကို ကြိုက်လို့ပါ။  အရည်အချင်း ပြောရရင်.. ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာ မနက်တိုင်း ဘုရားစာ ရွတ်ရတဲ့အတွက် အခုထက်ထိ ဘုရားစာ တော်တော်များများကို ငါးဆယ်ရာခိုင်နှုန်းလောက်တော့ အလွတ် ရွတ်တတ်ပါတယ်။

ဥက္ကဋ္ဌ။     ။ ဟာ….နည်းတဲ့အရည်အချင်းမှ မဟုတ်ဘဲ။ ကဲ… အတွေ့အကြုံလေး ဘာလေးအကြောင်း ပြောပါဦး။

ဖြိုးသီဟချို။     ။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဘာသာပေါင်းစုံရဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ရှိပါတယ်။ သူတို့ဆီက လော်စပီကာနဲ့ ဖွင့်တဲ့အသံတွေကို နေ့စဉ်နဲ့အမျှ ဆိုသလို နားဒုက္ခခံနေရသူ ဖြစ်တဲ့အတွက် ဘာသာရေးနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ အတွေ့အကြုံ များတယ်လို့ ပြောရင် မမှားပါဘူး။

ဥက္ကဋ္ဌ။     ။ ဒီအတွေ့အကြုံမျိုးရှိတိုင်းသာ ဝန်ကြီးခန့်ရရင် ရပ်ကွက်ထဲမှာရှိသမျှလူတွေ ဝန်ကြီးဖြစ်ကုန်တော့မှာပဲ။ ကဲ… တခြား ဘာလုပ်နိုင်သေးသလဲ ပြောစမ်းပါဦး။

ဖြိုးသီဟချို။     ။ ကျွန်တော် လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ လောလောဆယ် စိတ်ကူးပေါက်တာ ပြောရရင် ကျွန်တော့လက်ထဲကို သမဝါယမဝန်ကြီးဌာန အပ်လိုက်ပါ။ ဒီဌာန အရမ်း အရမ်းကို အောင်မြင်သွားဖို့ ကျွန်တော် တာဝန်ယူပါရစေ။

ပြောရဲဆိုရဲရှိလှသော ဖြိုးသီဟချို၏ ကမ်းလှမ်းချက်အပြီး အလှည့်ကျသူမှာ မော်ကွန်းအယ်ဒီတာ ဇေယျာလှိုင် ဖြစ်သည်။

ဇေယျာလှိုင်။   ။ ကျွန်တော်ကတော့ စက်မှု ဝန်ကြီးဌာနကို ကိုင်တွယ်ချင်ပါတယ်။ ပိုပြီး အဆင်ပြေအောင် ဌာနကိုလည်း ခွဲချင်ပါတယ်။

ဥက္ကဋ္ဌ။     ။ ပိုအဆင်ပြေအောင် ဆိုတာက ဘာလဲ၊ နိုင်ငံအတွက်လား။

ဇေယျာလှိုင်။   ။ ကျွန်တော်တို့ ပိုအဆင်ပြေဖို့ပါ။ မော်ကွန်းမဂ္ဂဇင်း  ဝိုင်းတော်သားတွေဖြစ်တဲ့ ကျွန်တော်တို့ အဆင်ပြေရင် နိုင်ငံလည်း အဆင်ပြေပါပြီ။ ပြီးတော့ … စက်မှု (၁) ၀န်ကြီးဌာနကနေ စက်မှု (၅) အထိ ခွဲလိုက်ရင် လူလည်း အထင်ကြီးမယ်၊ သေချာပေါက် အဆင်ပြေမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့တိုက်မှာ ဝိုင်းတော်သား ဆယ့်ငါးယောက်လောက် ရှိပါတယ်။ ဌာန တစ်ခုကို ဝန်ကြီး တစ်ယောက်၊ ဒုဝန်ကြီး နှစ်ယောက် ရှိတယ်ဗျာ၊ ဝန်ကြီးဌာန ငါးခုဆို ကျွန်တော်တို့ဝိုင်းတော်သားတွေ အားလုံးအတွက် ဝန်ကြီးတာဝန်တွေ ကွက်တိပါပဲ။

ဇေယျာလှိုင်၏ရှင်းပြချက် နားထောင်ပြီး ပါတီ ဥက္ကဋ္ဌ မျက်လုံးပြူးသွားသည်။ သူတို့ အုပ်စုတစ်ခုလုံး နေရာ ရရှိရေးအတွက် ဝန်ကြီးဌာနများ ဖောဖောသီသီ ဖွဲ့စည်းပေးရေး အစီအစဉ်ကို စဉ်းစားမည်ဟု မတင်မကျ ပြောပြီး နောက်တစ်ယောက်ကို ဖိတ်ခေါ်လိုက်သည်။ အလှည့်ကျသူမှာ The Voice ဂျာနယ်မှ သတင်းဆောင်းပါးရှင် ခက်ဇော်။

ခက်ဇော်။     ။ ကျွန်တော်က ပြည်ထဲရေးဝန်ကြီးဌာနကို ကိုင်တွယ်ချင်ပါတယ်။ ရာဇဝတ်မှုတွေ လျော့နည်းမှ နိုင်ငံ တိုးတက်မှာပါ။ ဟိုတလောကဆိုရင် နိုင်ငံထဲ ခိုးဝင်ပြီး ကျွန်တော်တို့သစ်တောတွေကို အပြောင်ရှင်းသူ တစ်ရာကျော်လောက်ကို ဝါရင့်ချိုကုပ်ဒူးကြီးရဲ့ တပည့်ကျော်များက လွှတ်ပေးလိုက်ပါတယ်။ ဒီသူခိုးတွေ ပြန်လာခိုးဦးမှာပါ။ ကျွန်တော်သာ ပြည်ထဲရေးဝန်ကြီးဖြစ်ရင် သူတို့ကို စောင့်ဖမ်းပြီး ရက်ပေါင်းတစ်ရာလောက် ထိပ်တုံးခတ်ပစ်မယ်လို့ ကတိပြုပါတယ်။ ပြီးမှ သူတို့ကို ထောင်ချချင် ချကြ၊ ထောင်ချပြီးလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ပေးပေါ့ဗျာ။

ခက်ဇော်၏ ရှင်းပြချက်ကို ဥက္ကဋ္ဌလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး နားထောင်လေ၏။ နောက်ထပ် အလှည့်ကျသူမှာ ဧရာဝတီသတင်းဌာနမှ အယ်ဒီတာတစ်ဦးဖြစ်သည့် နိုင်စွမ်း။

နိုင်စွမ်း။     ။ ကျွန်တော်ကတော့ ဝန်ကြီးဌာနအသစ် ဖွဲ့ဖို့ အဆိုပြုပါတယ်။ နာမည်ကတော့ သိမ်းဆည်းမြေများ မူလပိုင်ရှင်ထံ ပြန်ပေးရေး ဝန်ကြီးဌာနပေါ့လေ။ ဝန်ကြီးကတော့ ကျွန်တော်ပေါ့။

ဥက္ကဋ္ဌ။     ။ မြေပြန်ပေးဖို့အတွက်က ကော်မရှင်ဖွဲ့လိုက်ရင် မရဘူးလား။ ဒါအတွက် ဝန်ကြီးဌာနတစ်ခုဖွဲ့ဖို့ လိုအပ်ပါ့မလား။

နိုင်စွမ်း။     ။ လိုပါတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဝန်ကြီးဖြစ်ချင်လို့ပါ… အဲ…. ဝါရင့်ချိုကုပ်ဒူးကြီးခေတ်တုန်းက ဒုက္ခသီရ တစ်နံတစ်လျား လက်ညှိုးထိုးမလွဲ မြေယာသိမ်းပွဲ ခြိမ့်ခြိမ့်သဲ ဆင်နွဲခဲ့ပါတယ်။ သိမ်းတာတွေ များလွန်းလို့ ပြန်ပေးဖို့အတွက် ဆိုရင် ဝန်ကြီးဌာနဖွဲ့ပြီး ဆောင်ရွက်မှ အဆင်ပြေပါလိမ့်မယ်။

နိုင်စွမ်း ဆွေးနွေးပြီး အလှည့်ကျလာသူမှာ မိုးမခ အွန်လိုင်းမီဒီယာ အယ်ဒီတာ ငြိမ်းချမ်းအေး၊

ငြိမ်းချမ်းအေး။     ။ ကျွန်တော်က ပညာရေးဝန်ကြီးတာဝန် ယူနိုင်ပါတယ်။

ဥက္ကဋ္ဌ။     ။ ဟုတ်ပြီ။ ပညာရေးက အရေးကြီးတယ်။ ဆိုစမ်းပါဦး… ငြိမ်းချမ်းအေးက လက်ရှိ ပညာရေးဝန်ကြီးထက် ဘာတွေများ ပိုပြီး သာလွန်နေလို့လဲ။

ငြိမ်းချမ်းအေး။     ။ ကျွန်တော်က နိုင်ငံခြားမှာ ပညာသင်ခဲ့တယ် ဆိုတော့ နိုင်ငံတကာအတွေ့အကြုံ ရှိတယ်ပေါ့ဗျာ။ လက်ရှိဝန်ကြီးက ဒီလိုအတွေ့အကြုံ ရှိမယ် မထင်ပါဘူး။ ရှိခဲ့ရင်လည်း ဟိုတုန်းက သင်ထားတာ ဖြစ်တဲ့အတွက် ဒိတ်အောက်သွားပါပြီ။

နိုင်ငံတကာမှာ ပဝေသဏီတုန်းက ရရှိခဲ့တဲ့ ဘီအေတို့ အမ်အေတို့ဆိုရင် သိပ်အထင်မကြီးဘူး။ ဘာကြောင့်လဲ ဆိုတော့ ပညာရေးနယ်ပယ်မှာ အမြဲ ဆန်းသစ်နေရတယ်၊ အသစ်ရှာရတယ်။ ဒီနေ့ခေတ် အိုင်တီခေတ်၊ နည်းပညာခေတ်မှာ အပြောင်းအလဲက သိပ်မြန်တယ်။ အသစ်တွေ နေ့တိုင်း ဖြစ်ပျက်နေတယ်။ ဒီနေ့ခေတ်ဘွဲ့က ပိုပြီး တန်ဘိုးရှိတယ်ပေါ့ဗျာ။ ပြီးတော့ ကျွန်တော့်ရဲ့ နောက်ထပ် အရည်အချင်းတစ်ခုက … ကျွန်တော်က လူပျိုကြီးဗျာ။ လက်ရှိဝန်ကြီးမှာ ဒီအရည်အချင်း မရှိပါဘူး။

နောက်ဆုံး တင်ပြရသူမှာ  စာနယ်ဇင်းကာတွန်းဆရာ ဟန်လေး ဖြစ်သည်။ သူကတော့ ပြန်ကြားရေးဝန်ကြီး ဖြစ်လိုသည်ဟု ဆိုလာလေသည်။

ကာတွန်းဟန်လေး။     ။ ကျွန်တော် ပြန်ကြားရေးဝန်ကြီးလုပ်မယ်ဗျာ။ ကျွန်တော့် အားနည်းချက်ကတော့ Facebook သိပ်မကျွမ်းကျင်ဘူး။ အဲ… အားသာချက်ကတော့ ကျွန်တော် ကာတွန်း၊ ပန်းချီ ဆွဲတတ်တယ်။ ဒီပညာနဲ့ ပြန်ကြားရေးလုပ်ငန်းတွေ ပိုပြီး ထိရောက်မယ်လို့ ယုံကြည်ပါတယ်။

ရောက်လာသော စာနယ်ဇင်းသမားတို့၏ တင်ပြချက်များကို နားထောင်ပြီး ဥက္ကဋ္ဌက နိဂုံးချုပ် ဆွေးနွေးသည်။  ဧကန်မုချ လူမှန် နေရာမှန် ဖြစ်ရမည်ဟု ကတိပြုလိုက်သည်။

စာနယ်ဇင်းသမားတို့လည်း ဥက္ကဋ္ဌအိမ်ဂေဟာရုံးခန်းမှ ပျော်ရွှင်စွာ ထွက်ခွာခဲ့ကြလေသည်။ အားလုံးထဲတွင် ငြိမ်းချမ်းအေးက မျှော်လင့်ချက် အကြီးမားဆုံးထားသူဖြစ်သည်။ အိမ်မပြန်သေးဘဲ ချိတ်လုံချည် အဝယ်ထွက်လေသည်။ အယ်ဒီတာနိုင်စွမ်းက သူ့ချစ်ဇနီးထံ ချက်ချင်း ဖုန်းဆက်ပြီး “မင်းကို ငါးနှစ်တိတိ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားနိုင်တော့မယ်” ဟု လှမ်းပြောလိုက်သည်။

ဇေယျာလှိုင်ကလည်း မော်ကွန်းဝိုင်းတော်သားများထံ အင်တာနက်မှ စာလှမ်းရေးလိုက်သည်။ သူ၏ စာထဲတွင်… အစိုးရအသစ်ဖွဲ့တာနဲ့ ငါတို့ကောင်တွေအားလုံး ဝန်ကြီး၊ ဒုဝန်ကြီး ဖြစ်တော့မယ်၊ ဒီတော့ တို့မဂ္ဂဇင်း နားဖို့အတွက် ခုကတည်းက ပြင်ဆင်ထားကြစို့ ဟု ရေးထားလေသည်။

ပေါ်ပြူလာပါတီဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည့်အကြောင်း အမေရိကန်သံရုံး၊ တရုတ်သံရုံးတို့က စုံစမ်းသိရှိသဖြင့် အဆိုပါ စာနယ်ဇင်းသမားတို့ကို အရေးပေါ် ချည်းကပ်၊ ဖိတ်ခေါ်ပြီး နေ့လယ်စာစားပွဲ၊ ညစာစားပွဲများဖြင့် တည်ခင်း ဧည့်ခံကာ မိတ်ဖွဲ့ကြသေး၏။

တွေ့ဆုံပွဲပေါ်ပေါက်ပြီး ၅ လ အကြာတွင် အားလုံး ရင်ခုန်စွာ စောင့်မျှော်နေသည့် ရွေးကောက်ပွဲအနိုင်ရ ပေါ်ပြူလာပါတီ အစိုးရအဖွဲ့ ပေါ်ပေါက်လာလေသည်။ ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီး ဝန်ကြီးတာဝန်ယူရေးကိစ္စ ဆွေးနွေးရန် မှားယွင်း ဖိတ်ကြားခံရသော စာနယ်ဇင်းဆရာတို့ တစ်ယောက်မှ အစိုးရအဖွဲ့သစ်တွင် ပါဝင်ခြင်း မရှိကြသဖြင့် ၎င်းတို့အားလုံး ခဲလေသမျှ၊ သဲရေကျ၊ ပုလဲမြေခလေတော့သည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် အဆိုပါ စာနယ်ဇင်းဆရာတို့ ဘီယာဆိုင်တစ်ဆိုင်တွင် ဆုံဖြစ်ကြလေသည်။ ၎င်းတို့၏ ဝန်ကြီးအိပ်မက် လက်တွေ့ဖြစ်မလာပုံတို့ကို အပြန်အလှန်ရင်ဖွင့်ကြခြင်း ဖြစ်၏။

ကာတွန်းဟန်လေး။     ။ ငါက ပြန်ကြားရေးဝန်ကြီး ဖြစ်ချင်ပေမယ့် အစိုးရအဖွဲ့သစ်မှာ ဒီဌာန မပါဘူး တဲ့။ ဒီဌာနက ပြည်သူပိုက်ဆံကိုသုံးပြီး အစိုးရကောင်းကြောင်း ဝါဒဖြန့်နေတာဖြစ်တဲ့အတွက် ဒီဌာနကို ဖြုတ်ပြီ တဲ့။ အစိုးရကောင်း တက်ပြီဆိုတော့ ဝါဒဖြန့်စရာ မလိုတော့ဘူး တဲ့။ သောက်ရှက်ပဲ။ ငါဖြင့် ဝန်ကြီးဖြစ်မယ်ဆိုတဲ့အကြောင်း တစ်ရပ်ကွက်လုံးကို ကြွားထားမိတာ။

သမဝါယမဝန်ကြီး ဖြစ်တော့မည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေသော  ဖြိုးသီဟချိုသည်လည်း ကာတွန်းဟန်လေး၏ဖြစ်ရပ်မျိုး ကြုံရလေသည်။ အစိုးရသစ်၏ ဌာနများထဲတွင် သမဝါယမ ပါမလာပေ။ ဇေယျလှိုင်၏ ဖြစ်ရပ်ကလည်း ထိုနည်းလည်းကောင်းပင်။

ဇေယျာလှိုင်။   ။ အစိုးရသစ်က စက်မှု ဝန်ကြီးဌာနကို တစ်ကနေ ငါးအထိ ဖွဲ့ဖို့ နေနေသာသာ … ပြန်ပြီးတော့ ချုံ့လိုက်သေးတယ်။ စီးပွားရေးနဲ့ဆိုင်တဲ့ဝန်ကြီးဌာနအားလုံးကို ပေါင်းလိုက်မယ် တဲ့။ ငါတို့ ဆယ့်ငါးယောက် စက်မှုဝန်ကြီးဌာနကို သိမ်းပိုက်ရေးအိပ်မက် ရေစုန်မျှောပြီကွာ။

ခက်ဇော်။     ။ ကျွန်တော်ကိုင်ချင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဖျက်တဲ့ထဲ မပါဘူးဗျ။ အဲ… ပြည်ထဲရေးဝန်ကြီးကို စစ်တပ်က စေလွှတ်ရမယ်လို့ ဥပဒေထဲ ပြဋ္ဌာန်းထားတာကြောင့် အဲဒီနေရာ ရချင်ရင် စစ်ထဲဝင် လို့ ဥက္ကဋ္ဌက ကျွန်တော့ကို အကြံပေးပါတယ်။ ဒီတော့ ကျုပ်ရဲ့ ဝန်ကြီးအိပ်မက်လည်း ဘာထူးသေးလို့လဲ၊ ခင်ဗျားတို့နဲ့ အတူတူပဲ။

နိုင်စွမ်း။     ။  သိမ်းဆည်းမြေများ မူလပိုင်ရှင်ထံ ပြန်ပေးရေး ဝန်ကြီးဌာန ဆိုပြီး အသစ်ဖွဲ့ဖို့ ကျွန်တော် အကြံပေးတာလည်း အလုပ်မဖြစ်ဘူးဗျာ။ ဒီဌာနဟာ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးမှာ ရှော့ရှိတယ်လို့ ဆိုတယ်။ ကျွန်တော်လည်း ဝန်ကြီး မဖြစ်တော့ဘူး ဆိုတော့ ကျွန်တော့မိန်းမကို ဘယ်လို မျက်နှာပြရမှန်းတောင် မသိတော့ဘူး။

နောက်ဆုံး ရင်ဖွင့်ရမည့်သူမှာ ပညာရေးဝန်ကြီးဖြစ်ချင်သည်ဟု ကမ်းလှမ်းဖူးသော ငြိမ်းချမ်းအေး ဖြစ်လေသည်။ သူ့ကိုလည်း ဝန်ကြီး မခန့်ချေ။ အကြောင်းရင်းမှန်မှာ ပညာရေးဥပဒေဆန့်ကျင်သပိတ်မှောက်သည့် ကျောင်းသားများဘက်မှ ရပ်တည်ဖူးသည် ဟူသော အချက်ကြောင့်ပင်တည်း။ ထိုအချက်ကို ကာယကံရှင်ကိုယ်တိုင်ပင် မသိလိုက်ချေ။ သူ၏ ဝန်ကြီးအိပ်မက် ဆပ်ပြာပူပေါင်းလိုဖြစ်သွားရခြင်းမျာ တခြားအကြောင်းရင်းများကြောင့်ဟု သူက ထင်နေသည်။

” ပညာရေးဝန်ကြီးဌာနကိုတော့ မဖျက်ဘူးဗျ။ ကျွန်တော့ရဲ့ အရည်အချင်းကိုလည်း ဥက္ကဋ္ဌက သဘောကျတယ်လို့ ဆိုတယ်… ဟဲဟဲဟဲ။ အရည်အချင်းရှိတဲ့သူဆိုတော့လည်း အတိုက်အခိုက်ခံရတာ ထုံးစံပေါ့ဗျာ။ ကျုပ်ဟာ ငယ်ငယ်တုန်းက ကျောင်းပြေးဖူးတဲ့သူဖြစ်တဲ့အတွက် ပညာရေးဝန်ကြီး မဖြစ်သင့်ဘူးတို့ ဘာတို့ ငယ်ကျိုးငယ်နာ ဖော်တဲ့သူလည်း အများသားဗျ။ ကျုပ် ဝန်ကြီးဖြစ်ရင် ကျောင်းသားတွေအတွက် ကျောင်းပြေးတဲ့နေ့ဆိုပြီး အပတ်စဉ် သတ်မှတ်လိမ့်မယ်လို့ ခြေထိုးသူတွေလည်း ရှိတယ်ဗျ။ ဒီလိုနဲ့ ကျုပ်လည်း မဖြစ်သေးတဲ့ ဝန်ကြီးဘဝကနေ ပြုတ်ရတာပါပဲ”  ဟု ငြိမ်းချမ်းအေးက ပြောလိုက်လေသည်။     ။

(ဤသရော်စာကို မန္တလေးအခြေစိုက် နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် Friday Times ဂျာနယ်မှ ကူးယူ ဖော်ပြသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts