ဓာတ်ပုံသတင်း မောင်စွမ်းရည်

မောင်စွမ်းရည် လှည်းတန်းက ရာပြည့်ဓာတ်ပုံပြခန်း အလည်ရောက်

 မောင်စွမ်းရည် လှည်းတန်းက ရာပြည့်ဓာတ်ပုံပြခန်း အလည်ရောက်

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅

ယခုလရာပြည့်တဲ့ ဆရာမကြီး လူထုဒေါ်အမာ ဓာတ်ပုံနောက်ခံနဲ့ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မောင်စွမ်းရည်၊ ထင်အောင်၊ တက္ကသိုလ်ရွှေရီဝင်း

 နိုဝင်ဘာ ၁၈၊ နေ့ခင်းက လှည်းတန်းစင်တာ၊ တတိယထပ်ရှိ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်နဲ့ မိတ်ဆွေများ ရာပြည့်ဓာတ်ပုံပြခန်းကို ဆရာမောင်စွမ်းရည်နဲ့ ဆရာမဒေါ်စမ်းစမ်းနွဲ့တို့ အလည်အပတ်ရောက်ရှိခဲ့ပါတယ်။ စာရေးဆရာ လင်းယုံနီ၏ သား စာရေးဆရာ ထင်အောင်လည်း လာရောက်နှုတ်ဆက်တာကို တွေ့ရပါတယ်။ ဆရာမ တက္ကသိုလ်ရွှေရီဝင်း၊ ဂျုနီယာဝင်း၊ မယုနဲ့ ရန်နောင်(ဗိုလ်တထောင်)တို့က ဧည့်ခံကြိုဆိုခဲ့ပါတယ်။ 

 

ရာပြည့် စာပေမိတ်ဆွေများ ပြခန်းကို ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရာပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၅ မေလက မိုးမခမီဒီယာဝိုင်းတော်သားများ အစီအစဉ်နဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့နဲ့ ခေတ်ပြိုင် စာပေနဲ့ နိုင်ငံရေးမိတ်ဆွေများရဲ့ ပုံတူ ဓာတ်ပုံ၊ ပန်းချီတွေ စုစည်း တင်ဆက်ထားတာ ဖြစ်ပါတယ်။ ၂၀၁၅ မှာ ရာပြည့်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အမှူးထားတဲ့အပြင် ဆရာကြီး လူထုဦးလှ၊ လူထုဒေါ်အမာတို့ ရုပ်ပုံများလည်း ပါဝင်ပါတယ်။ လက်ရှိမှာ ဓာတ်ပုံပေါင်း ၈၀ ကျော်ခန့် စုဆောင်းထားပြီး ဖြစ်ပါတယ်။ 

 

ပြခန်းရဲ့ လက်ရှိနေရာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် စစ်အစိုးရလက်ထက်မှာ မူလက ဦးခင်မောင်လတ်ရဲ့ အင်္ဂလိပ်စာ စာသင်ကျောင်းရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ အဲသည်နေရာနဲ့ လှည်းတန်းလမ်းဆုံ အောင်ချမ်းသာလမ်းဝန်းကျင်ကို ဆောက်လုပ်ရေးစီမံကိန်းအဖြစ် စစ်အစိုးရလက်ထက်မှာ အဓမ္မအသိမ်းခံရပြီးနောက် ယခုလှည်းတန်းစင်တာအဖြစ် ပေါ်ထွန်းလာခြင်း ဖြစ်ပါတယ်။ မူလ အိမ်ရှင်များ၊ လုပ်ငန်းရှင်များနဲ့ စီမံကိန်းကုမ္မဏီတို့ကြား အငြင်းပွားမှု အများအပြားဖြစ်ပွားခဲ့ ဖြစ်ပွားဆဲ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရုံးခန်းကို လှည်းတန်းစင်တာ အပေါ်ထပ်မှာ ဖွင့်ထားတာကို တွေ့ရပါတယ်။ အဓမ္မအသိမ်းခံရပြီး ပြန်ပေးတဲ့ တိုက်ခမ်းတခမ်းကို ဆရာကြီး ဆရာမကြီးတွေရဲ့ အထိမ်းအမှတ်အဖြစ် ပြခန်းသဖွယ် ထားရှိတာ ဖြစ်ပါတယ်။ ပုဂ္ဂလိကပြခန်းဖြစ်တာကြောင့် ကြည့်ရှုလိုလျင် မိုးမခရန်ကုန်ဌာနကို ဆက်သွယ်ရမှာပါ။



 

ဆရာမောင်စွမ်းရည်ကတော့ ထပ်မံဖြည့်စွက်စေလိုတဲ့ စာပေမိတ်ဆွေပုဂ္ဂိုလ်များ စာရင်းတွေ အကြံပေးသွားပါသေးတယ်။ လိုအပ်နေသေးတဲ့ ဓာတ်ပုံတွေကတော့ … ဦးသန့်၊ ကျော်အောင်၊ မင်းကျော်၊ နတ်နွယ်၊ ကြည်မြ၊ ဒေါ်အုန်း၊ လင်းယုံသစ်လွင်၊ တိုက်စိုး၊ မင်းအောင်၊ ဇေယျာမောင်၊ မြသန်းတင့်၊ မြသန်း၊ လေထီးဦးကျော်ရင်၊ မင်းယုဝေ၊ ငွေတာရီ၊ မြကေတု၊ သိပ္ပံမောင်ဝ၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ တက္ကသိုလ်ဘုန်းနိုင်၊ မာလာ၊ တင်အေး (ရှမ်းပြည်)၊ တက္ကသိုလ်နေ၀င်း၊ မောင်နေ၀င်း၊ တက္ကသိုလ်နန္ဒမိတ်၊ ဒဂုန်ဦးလှဘေ၊ ဦလှရွှေ၊ စိန်စိန်၊ ဦးဂုဏ်ဘဏ်၊ ထင်လင်း၊ ဒေါင်းနွယ်ဆွေ၊ မောင်ပေါက်စည်၊ မိုးစည်နဲ့ မောင်ကြည်လင် တို့ ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်ကြီးများရဲ့ တပည့်၊ မိတ်ဆွေ၊ မိသားစုဝင်တွေအနေနဲ့ ဓာတ်ပုံတွေ မျှဝေပေးရန်လည်း ဖိတ်ခေါ်အပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts