ကဗျာ ခိုင်မာကျော်ဇော

ခိုင်မာကျော်ဇော – ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ


 

ခိုင်မာကျော်ဇော – ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅

ရှမ်းပြည်ဟာ
မြန်မာပြည်ရဲ့ …. ပါရီပါပဲ
ငါတို့ ရင်တွေ ကြေကွဲရတယ်။

ပါရီဟာ
ကမ္ဘာ့ကြီးရဲ့  အနုပညာအသဲနှလုံးတဲ့
အနုပညာကို ရင်ခုန်သူမို့ 
မငြင်းဘူး ယုံတယ်။

ရှမ်းပြည်ဆိုတာ
ပအို့ ဝ်၊ ပလောင်၊ ရှမ်းညီနောင်နဲ့ 
ကချင်၊ ၀၊ လားဟူ
တောင်ရိုး၊ ဓနု၊ အင်းသားစုရာ
ပြည်ထောင်စုရဲ့ နှလုံးသည်းပွတ်တည်ရာ
ဖက်ဒရယ်ပြည်ထောင်စုကို ရင်ခုန်ရင်တော့
ပင်လုံကို မမေ့ကြနဲ့ ။

မမေ့ကြနဲ့ 
ငါတို့ ရဲ့  ပါရီကို
ဗုံးမိုးတွေ ရွာလို့ နေပြီ။

မမေ့ကြနဲ့ 
ဗုံးခိုကျင်းထဲက
အစာ ပေးပါ
ရေ ပေးပါလို့ 
ကလေးတွေရဲ့  ငိုကြွေးသံဟာ
ပြည်ထောင်စုရဲ့ ရှိုက်သံပါ။

မမေ့ကြနဲ့ 
စစ်ရှောင်စခန်းဆိုတာ
ဒုက္ခတွေကို ထမ်းပိုးထားရတဲ့နေရာ
ဟောနန်းကြီးတွေလို မသာယာဘူး။

မမေ့ကြနဲ့ 
သားပျောက်တဲ့ မိခင်
ဇနီးဆုံးတဲ့ ယောက်ျား
ခြေ လက် မျက်လုံး
ဆုံးရှုံးသူတွေရဲ့ နှလုံးသားမှာ
အနာတရတွေ ကိုယ်စီနဲ့ ပါ။

အမုန်းစကားတွေ မပြောကြနဲ့ တဲ့
စစ်ပွဲတွေဖြစ်နေကြတာလေ
ပန်းပွင့်တွေ ကြဲနေကြတာမဟုတ်ဘူး
စစ်ပွဲတွေကို ငါတို့ မုန်းတယ်
စစ်သားတွေကို ငါတို့ မုန်းတယ်
မတရားမှုကို ငါတို့ မုန်းတယ်
ခွဲခြားမှုတွေကို ငါတို့  မုန်းတယ်
မေ့လျော့မှုတွေကိုလည်း ငါတို့ မုန်းတယ်။

မုန်းသင့်လို့ မုန်းတယ်
ကျည်ဆံစစ်စစ်တွေနဲ့ 
မြင်မြင်သမျှပစ်နေတဲ့
စစ်ဘုရင်တွေကို
ဘုရားသခင်အထင်နဲ့ 
အာမင်ဆိုပြီး နေရမှာလား။

မမေ့ကြနဲ့ 
ရှမ်းပြည်ဟာ ငါတို့ ရဲ့  ပါရီ
ရှမ်းပြည်ဟာ ငါတို့ ရဲ့  နှလုံးသည်းပွတ်
ရှမ်းပြည်ဟာ ငါတို့ ရဲ့ ရင်ခုန်သံ
ရှမ်းပြည်ဟာ ငါတို့ ရဲ့  မနက်ဖြန်လည်းဖြစ်တယ်။

ခိုင်မာကျော်ဇော
(နိုဝင်ဘာ ၁၇၊ ၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ခိုင်မာကျော်ဇော – ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ
  1. အမုန်းစကားတွေ မပြောကြနဲ့ တဲ့
    စစ်ပွဲတွေဖြစ်နေကြတာလေ
    ပန်းပွင့်တွေ ကြဲနေကြတာမဟုတ်ဘူး…ဟုတ်တယ်။ ဒါ ကျနော်တို့ခံစားမှု နင့်နင်းသီးသီးခံစားရမှု၊ စစ်ဘီလူးတွေကတော့ သူတို့ရဲ့လူမဆန်မှုကိုမေ့လျော့ပြီး ချစ်ခြင်းမေတ္တာကို သူတပါးနည်းတူ ရယူပိုင်ဆိုင်ချင်လို့ တစာစာပူစာဟစ်ကြွေးနေကြသေးတော့တယ်ဗျာ။ စက်ဆုပ်ဖို့ကောင်းလိုက်တာများ…

Comments are closed.