မောင်မိုးသူ

လူထုအောင်ပွဲ ၊ ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲ နှင့် ဘကြီးမိုး

လူထုအောင်ပွဲ ၊ ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲ နှင့် ဘကြီးမိုး
ဘကြီးမိုး၊ ကုမုဒြာသတင်းဂျာနယ် ၊၁၇ နိုဝင်ဘာလ ၂၀၁၅

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ ၏ အောင်ပွဲဟာ ပြည်သူလူထုရဲ့ အောင်ပွဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲဖြစ်တယ်ခင်ဗျ။

၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်များဟာ မဲဆန္ဒဖြင့် အရွေးခံစရာမလိုဘဲ ၂၅ ရာခိုင်နှုန်း အော်တိုမက်တစ်ရရိှပြီး ဖြစ်ပါတယ်။ သည်တော့ အထွေထွေရွေးကောက်ပွဲကြီးဆိုပေမဲ့ ၇၅ ရာခိုင်နှုန်းမှာသာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သည်ရွေးကောက်ပွဲမှာ လှုပ်လှုပ်ခတ်ခတ်နဲ့ ဖေ့ဘုတ်ခ် ဆရာကြီးဘူးလက်က တွက်ပြတယ်။ သူတို့ရဲ့ ကြံ့ခိုင်ပါတီဟာ၂၆ ရာခိုင်နှုန်း အနိုင်ရရင်ပဲ စစ်တပ်ရဲ့ ၂၅ နဲ့ ပေါင်း ၅၁ ရာခိုင်နှုန်းရှိပြီမို့ အစိုးရဖွဲ့နိုင်တယ်လို့ အော်ကြီးဟစ်ကျယ် ပြောပါတယ်။

ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တစ်သီးပုဂ္ဂလထဲမှာမှ ထူးထူးဆန်းဆန်း လက်ရှိအစိုးရဝန်ကြီး နှစ်ဦးဟာ တသီးပုဂ္ဂလ အမည်နဲ့ အရွေးခံပါတယ်။ (တဦးနိုင်ပြီး တဦး ရှုံးပါတယ်)။ အဲသည်လို ယှဉ်ပြိုင်ကြရာမှာ အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းက အရေအတွက်အားဖြင့် ကြံ့ခိုင်ထက် ပိုပါတယ်။ ဘယ်လောက်များသလဲဆိုရင် လက်ရှိအစိုးရရဲ့ ကြံ့ခိုင်ထက်တောင် ပိုများဆိုပဲ။

နိုင်ငံရေးပါတီတွေ ၉၀ ကျော်၊တသီးပုဂ္ဂလတွေ အများကြီးဆိုပေမဲ့ တကယ့် တကယ်က ပါတီကြီးနှစ်ခု ယှဉ်ပြိုင်ရတဲ့ ပွဲလို့ အားလုံးက နားလည်ထားကြပါတယ်။

ကိုယ်စားလှယ်တွေ စာရင်းတင်သွင်းပြီးတဲ့နောက် မဲဆွယ်စည်းရုံးရေးတွေ လုပ်ကြရပါတော့တယ်။ သည်မှာတင် အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပြည်လုံးအနှံ့ ခရီးဆန့်ပြီး နယ်ထွက် စည်းရုံးရေး ဟောပြောပွဲတွေ ပြုလုပ်ပါတယ်။ဂျာနယ်တစောင်ရဲ့ ဖော်ပြချက်အရ ပြည်လုံးအနှံ့ ခရီးမိုင်ပေါင်း အများကြီး အများကြီး ၇၀၀၀ ဆိုလား ထွက်သတဲ့။ မဲဆွယ်စည်းရုံးရေး ဆင်းရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ` ပြောင်းလဲချိန်တန်ပြီ ´ ဆိုတဲ့ အချက်ကို အဓိက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက်တွေ အားလုံးဟာ နိုင်ငံရေးသဘောတရားစာအုပ်တွေထဲက အကိုးအကားများ မပါတဲ့အပြင် အင်္ဂလိပ်စာလုံး တလုံးမှ မပါဘဲ ပြည်သူတွေ နားလည် အရှင်းလင်းဆုံး အလွယ်ကူဆုံး ရင်ထဲကို အရောက်ဆုံး စကားလုံးများနဲ့ ဟောပြောခဲ့ပါတယ်။ နားထောင်တဲ့ ပရိတ်သတ်ပြည်သူကလည်း တခဲနက်အားပေးထောက်ခံခဲ့ကြပါတယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်း များကလည်း မြို့နယ်အလိုက် အနီရောင် ဝတ်စုံတွေဝတ်၊ အနီရောင် အလံတွေထူ၊ တအိမ်တက်ဆင်းသွား စုပေါင်းမဲဆွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တချိန်တည်းမှာ အနှေးယာဉ်များကလည်း ရာနဲ့ချီပြီး ထောက်ခံ ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုကိတ်မုန့် ပေးပို့ခဲ့တာ တွေ့ရပါတယ်။

အနုပညာသည်အဖွဲ့တွေကလည်း တပြည်လုံးအနှံ့ဟောပြောကြ၊ သီဆို ဖျော်ဖြေကြ လုပ်ကိုင်ခဲ့ကြပါတယ်။ အဲသည် အနုပညာရှင်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ဝင်းထဲမှာ ဖိတ်ကြားပြီး ဂုဏ်ပြုချီးကျူးစကား ပြောခဲ့ပါသေးတယ်။

အဲသည်လို အင်န်အယ်လ်ဒီက လုပ်နေလေတော့ အစိုးရနဲ့ ကြံ့ခိုင်ကလည်း မနေသာတော့ဘဲ မဲဆွယ်စည်းရုံးရေးတွေ၊ ဟောပြောရေးတွေ၊ ဖျော်ဖြေရေးတွေ အပြိုင်အဆိုင် လုပ်ပါတော့တယ်။ အဲသည်မှာ ပိုဆိုးကုန်တော့တာပေါ့။ ဟောပြောကြတဲ့ လူကြီးများကလည်း သူတို့ တသက်လုံး ပြည်သူလူထုကို အမိန့်ပဲ ပေးတတ်လာခဲ့လေတော့ အမိန့်ပေးဟောပြောချက်တွေနဲ့ တလွဲတချော် ဟောပြောချက်တွေ ဟောပြောရင်း အင်န်အယ်လ်ဒီကို မဲဆွယ်ပေးသလို အထိ ဖြစ်ခဲ့ရပါတယ်။

ဖျော်ဖြေရာမှာလည်း သိကြ ကြားကြတဲ့အတိုင်း အဆင်မပြေလို့ သူတို့ဖျော်ဖြေခိုင်းသူများက ၁၀ သိန်းရလို့ပါဆိုတော့ ပိုဆိုးတာပေါ့။ ဝတ်စားဆင်ယင်မှုကလည်း ခေတ်လွန်ဖြစ်နေလေတော့ ကြံ့ခိုင်အတွက် မဲဆွယ်ပေးသလို မဖြစ်ဘဲ အင်န်အယ်လ်ဒီကို မဲဆွယ်ပေးသလို ဖြစ်သွားတဲ့အပြင် ကြံ့ခိုင်အတွက် မဲဆွယ်ဖျော်ဖြေပေးခဲ့တဲ့ အနုပညာသည်တွေ ပြည်သူက ဆန့်ကျင်ခံရတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ တကယ်မဲပေးဖို့ ဖြစ်လာတော့ ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုအတိုင်း အနီရောင်မဝတ် ၊အလံမထူ၊ တံဆိပ်များလည်း မတပ်ဆင်ကြဘဲ ရွေးကောက်ပွဲနေ့မှာ မဲရုံက ၆း၀၀ နာရီမှ ဖွင့်တာကို စိတ်အားထက်သန်စွာ၊ စည်းကမ်းရှိစွာ ၄း၀၀ နာရီကပဲ စောင့်ဆိုင်း ပေးခဲ့ကြပါတယ်။ ပြည်တွင်းမှာလားဆိုတော့ မဟုတ်ပါဘူး။ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားတွေဟာ ဆန္ဒမဲပေးဖို့အရေး မြန်မာသံရုံးရှေ့ကို ညကတည်းက အိပ်စောင့်ပြီး မဲပေးခဲ့ကြတာတွေ့လိုက်ရပါတယ်။ စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံသားများဟာ စင်္ကာပူမှာ မဲပေးခွင့်မရလိုက်လို့ မြန်မာနိုင်ငံကို လေယာဉ်နဲ့ ပြန်လာပြီး မဲပေးတာတွေအထိ ရှိလာတာကို တအံ့တဩ တွေ့ကြရပါတယ်။

အဲသည်လို အဲသည်လို ပြည်သူလူထုက စိတ်အားထက်သန်စွာ၊ စည်းကမ်းရှိစွာ တခဲနက် မဲပေးလိုက်ကြတော့ မဲများရေတွက်ပြီးတဲ့နောက် ၁၅ ရက်နေ့ အချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာခိုင်နှုန်း ၈၀ ကျော် အပြတ်အသတ် အနိုင်ရခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် လွှတ်တော် သုံးရပ်စလုံးမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ စည်းကမ်းရှိ၊ စိတ်အားထက်သန်စွာ တခဲနက် မဲပေးလိုက်တာကြောင့် အနိုင်ရခြင်း ဟာ ပြည်သူလူထုရဲ့ အောင်ပွဲဖြစ်ပါတယ်။

တချိန်တည်းမှာ သည်လိုအပြတ်အသတ် အောင်ပွဲရရှိအောင် ဦးဆောင်လုပ်ဆောင်နိုင်ခဲ့တဲ့ ဒီချုပ်ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်။ အဲသည်လို  အောင်မြင်မှုကို နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတကာက အကြီးအကဲများရဲ့ ချီးကျူးဂုဏ်ပြုစကား ပေးပို့ခြင်းခံရပါတယ်။

ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် စကားကို ဘယ်လောက်များ နားထောင်ပြီး စည်းကမ်းရှိသလဲဆိုရင် အနိုင်ရပြီးသည့်တိုင် အောင်ပွဲမကျင်းပကြဖို့ ညွှန်ကြားတာကိုလည်း အထူးတလည် လိုက်နာတာကို တွေ့ရပါတယ်။

အားလုံးပေါင်းလိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လူထုအောင်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲ ဖြစ်ကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts