ကိုအောင်မှိုင်း သူတို့အာဘော်

ကိုအောင်မှိုင်း – အမျိုးသားပြန်လည်သင့်မြတ်ရေး ဘာလဲ ဘယ်လဲ

မတ် ၁၀၊ ၂၀၁၅ ကျောင်းသားလှုပ်ရှားမှု အကြမ်းဖက်မခံရမီက သတင်းဓာတ်ပုံ

ကိုအောင်မှိုင်း – အမျိုးသားပြန်လည်သင့်မြတ်ရေး   ဘာလဲ ဘယ်လဲ

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အပေါစားပျက်လုံးတခု မဟုတ်သလို လုပ်စားဘို့ ဂွင်ဖန်တဲ့ခေါင်းစဉ်တခုလဲ မဟုတ်ပါဘူး။ကျနော် တို့နိုင်ငံ တိုးတက်ကောင်းစားဘို့ မရှိမဖြစ် လိုအပ်ချက်လို့ပြောရပါလိမ့်မယ်။ လူတွေအသက်ရှင်ဘို့ အောက်စီဂျင်ဟာ မရှိမဖြစ် လိုအပ်ချက် တခုဖြစ်သလိုဘဲ မြန်မာနိုင်ငံ တိုးတက်ကောင်းစားဘို့ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ခေါ်တဲ့  အမျိုးသားရင်ကြားစေ့ရေးဟာ မရှိမဖြစ် လိုအပ်ချက်လို့ကျနော်တို့ယုံကြည်ပါတယ်။

ကျနော်တို့နိုင်ငံမှာ အမျိုးသားသွေးကွဲမှုဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် နက်နက်ရှိုင်းရှိုင်းဖြစ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံသား အချင်းချင်းကြား တဦးအပေါ်တဦး မယုံကြည်မှုဟာလဲ လွန်လွန်ကဲကဲ တည်ရှိခဲ့ပါတယ်။ပြည်သူလူထုနဲ့ တပ်မတော်ကြား၊ တိုင်းရင်းသား များနဲ့ ဗမာလူမျိုးများကြား၊ တိုင်းရင်းသားလူမျိုးများ အချင်းချင်းကြား၊ ဗမာလူမျိုးအချင်းချင်း ကြား စသဖြင့် သွေးကွဲမှုများဟာ ပိတ်လို့မရအောင်ကို ဖြစ်နေတယ် ဆိုတာ ထင်ထင်ရှားရှားဖြစ်ပါတယ်။ မှန်မှန်ကန်ကန် လက်တွေ့ကျကျ ရှုမြင်သုံးသပ်မယ်ဆိုရင် ဒီအတိုင်း တွေ့ကြရမှာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဘို့လိုတယ်ဆိုတာ အမျိုးသားသွေးကွဲမှုကြောင့် ဖြစ်တယ်ဆိုတာတော့ အငြင်းပွါးမယ် မထင်ဘူး။လူတိုင်းကလဲ ထောက်ခံမဲ့ ကြိုက်လဲကြိုက်မဲ့ ခေါင်းစဉ်ဖြစ်နေတော့ ခေါင်းဆောင်ဆိုသူအတော်များများကလဲ ပြောခဲ့ဆိုခဲ့ လုပ်စား ကိုင်စားခဲ့တာလဲ ကျနော်တို့သမိုင်းမှာ အထင်အရှားဘဲဖြစ်ပါတယ်။ ဟိုခေါင်းဆောင်ကပြောလိုက် ဒီခေါင်းဆောင်ကပြောလိုက်နဲ့  အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ အပေါစားပျက်လုံးတခုလိုဖြစ်လာနေတာ မြင်ရတော့ စိတ်နာနာနဲ့ ဘဲ ဒီဆောင်းပါးကိုရေးဖြစ်ခဲ့တာပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို အပေါ်ယံရွှေမှုံကြဲ လုပ်လို့မရပါဘူး။ အပြောနဲ့ အလုပ် တထပ်ထဲ သက်သေပြမှ အောင်မြင်မှာ ဖြစ်ပါတယ်။ အလုပ်မပါဘဲ အပြောချည်းဘဲဆိုရင်တော့ လူကြားကောင်းအောင် လူကြိုက်စေမဲ့ အကြောင်းအရာတခုကို ပြောပြီး လက်ခုတ်သံကို အရသာခံနားထောင်တာထက် ပိုမယ် မထင်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ စိတ်ရောကိုယ်ပါနှစ်မြုတ်လုပ်ကြဘို့ လိုမှာ ဖြစ်ပါတယ်။ ဒါမှလဲ ကျနော်တို့တိုင်းပြည် တကယ်ကို တိုးတက် ကောင်းစားမှာဖြစ်ပါတယ်။ လူထုလဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့  တိုင်းပြည်လဲ စည်ပင် သာယာဝပြောလာမှာ ဖြစ်ပါတယ်။

ကနေ့ဟာ ဒီကိစ္စကို လုပ်ဘို့အချိန်ကောင်းလို့ ကျနော်တို့ဆိုချင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အများစုအနိုင်ရတာကို ကျနော်တို့ ကြိုဆိုပါတယ်။  ဒီလိုဘဲ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီရှုံးနိမ့်တာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ ကြတဲ့အပေါ်လဲ ကျနော်တို့အနေနဲ့ အထူးဘဲကြိုဆိုလိုပါတယ်။ ဒါက ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရပါ။ ဒီမိုကရေစီ စနစ် မှာ ရာသက်ပန်ဆိုတာ မရှိပါဘူး။ အခု ၅နှစ်သက်တန်းအတွက် လူထုက ဒီလိုဆုံးဖြတ်ပေမဲ့ နောင်၅နှစ်မှာ လူထုဟာ ဘယ်လိုဆုံးဖြတ် မယ်ဆိုတာ အနိုင်ရပါတီရဲ့ လုပ်ရပ်ပေါ်မှာ မူတည်မှာဖြစ်ပါတယ်။ ကျနော်တို့ ဆိုလိုချင်တာက ရွေးကောက်ပွဲ နိုင်သည်ဖြစ်စေ  ရှုံးသည် ဖြစ်စေ ပြည်သူလူထုအကျိုးစီးပွါးကို ဆောင်ရွက်ဘို့က အဓိကဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ကနေ့ဟာ ဘာကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်ရန် အချိန်ကောင်းလို့ ကျနော်တို့ပြောနိုင်သလဲ။ ကျနော်တို့ နိုင်ငံ မှာ အင်အားစုကြီး ၃စုဟာ အထင်အရှား တည်ရှိနေပါတယ်။ လူထုခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လူထုအင်အားစု၊ တပ်မတော်အင်အားစု၊ တိုင်းရင်းသားလူမျိုးစုများအင်အားစု ဆိုပြီး အင်အားစုကြီး ၃ စု ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများအင်အားစုများဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တိမ်းညွတ်မှုများစွာရှိကြောင်း ကျနော်တို့ ထင်ထင်ရှားရှား တွေ့ ခဲ့ကြပြီးလဲ ဖြစ်ပါတယ်။ ထို့အတူဘဲ မြန်မာ ပြည်သူလူထုဟာ ဒီမိုကရေစီစနစ်ကို လိုလားခဲ့ကြတယ်။ ဒီမိုကရေစီစနစ်အတွက် စွန့်လွတ် အနစ်နာခံတိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းများစွာ ဟာ မြန်မာနိုင်ငံသမိုင်းမှာ အထင်အရှား ပေါ်ထွက်လာခဲ့ပါတယ်။ ဆက်လက် တိုက်ပွဲဝင်ကြမဲ့ အရံသူရဲကောင်းများ ဟာလဲ နေ့တဓူဝဆိုသလို ဖေါ်မပြနိုင်လောက်အောင် ပေါ်ထွက်လာခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဟာ နိုးကြားသက်ဝင် လာခဲ့ပါတယ်။

စစ်အုပ်ချူပ်ရေးကာလ သက်တန်းရှည်ကြာလာတာနဲ့ အမျှ  မြန်မာနိုင်ငံဟာ ပညာရေး ကျမ္မာရေး လူမှုရေး စီးပွါးရေး စသဖြင့် အဘက်ဘက်မှာဆိုသလို ချွတ်ခြုံကျခဲ့ပါတယ်။ နိုင်ငံတကာ စံချိန်စံညွန်းများအရ ထိတ်လန့်စရာကောင်းလောက်တဲ့ အဆင့်ကို ရောက်ခဲ့ရပါတယ်။ စစ်အစိုးရ စစ်အုပ်ချူပ်ရေးနဲ့ ဆက်လက်အုပ်ချူပ်ရန် အခြေအနေမပေးတော့တဲ့အချိန်ကို ရောက်လာတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ကျနော် ဆိုလိုချင်တာက အဲဒီကာလမှာ ကမ္ဘာမှာ အာဏာရှင်တွေ တယောက်ပြီးတယောက် အသေဆိုးနဲ့ သေကုန်ကြရပါတယ်။ အာဏာရှင်ဆန့် ကျင်ရေးလှိုင်းဟာ ပြင်းပြင်းထန်ထန်ကို ကမ္ဘာမှာ ဖြစ်ပွါးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလဲ ဒီအခြေအနေကနေ ကျော်လွှားဘို့ စစ်အုပ်ချူပ်ရေးကို  ဖြေလျှော့တာတွေ လုပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအဆောင်အယောင်တွေတချို့   ပေါ်လာပါတယ်။  ၂၀၀၈ ဖွဲ့ စည်းအုပ်ချူပ်ပုံအခြေခံဥပဒေ နဲ့ အတူ ဒီမိုကရေစီ အသွင်ယူထားတဲ့ သဏ္ဍာန်တွေ ပေါ်လာပါတယ်။ ပြောရရင်တော့ဗျာ စစ်တပိုင်းအစိုးရ ပေါ်လာပါတယ်။ ဦးသိန်းစိန်အစိုးရပေါ့။

လူထုရဲ့ နိုင်ငံရေးရေချိန်ဟာ နိုင်ငံတကာဒီမိုကရေစီ လှုပ်ရှားမှု အ၀န်းအ၀ိုင်းမှာ ဆက်လက် ရှိနေခဲ့ပါတယ်။ မျက်ခြေမပြတ်ခဲ့ဘူးလို့ ဆိုရမှာ ပါ။ လူထုရဲ့  နိုင်ငံရေးနိုးကြားမှုဟာ ခေတ်ရေစီးကြောင်းနဲ့ အတူ ရင်ဘောင်တန်း လာနိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒီရေမြင့်သစ်တခု ကို ဖြတ်သန်းလိုကြပါတယ်။ ပြောင်းလဲချင်ကြပါတယ်။ မျက်နှာဟောင်းတွေအစား မျက်နှာသစ်တွေနဲ့ အနဲဆုံး အစားထိုး အုပ်ချူပ်စေချင်ကြတာ ဖြစ်ပါတယ်။ အီသီယိုပီးယားနိုင်ငံထက်တော့ အောက်မကျချင်ကြတာ အမှန်ဖြစ်ပါတယ်။ ဒီအယူအဆဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အင်အားစုကြီး ၃စုလုံးမှာ ရှိနေကြတယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။

ဦးသိန်းစိန်အစိုးရမှာ အကန့်အသတ်တွေများစွာ ရှိခဲ့ပါတယ်။ ဥပမာဗျာ လာဘ်ပေး လာဘ်ယူ ကိစ္စကို သူဘယ်လိုမှ မကိုင်တွယ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အစိုးရကိုယ်တိုင် လာဘ်ပေးလာဘ်ယူကိစ္စတွေမှာ ပါဝင်ပါတ်သက်နေလို့ဖြစ်ပါတယ်။ အဓိက အားနည်းချက်က တော့ တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်ကို သူ့အစိုးရအတွင်း လုံးဝမတည်ဆောက်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလဲ ဦးသိန်းစိန်ကိုယ်တိုင် အတွေးအခေါ် မလွတ်မြောက်တာကြောင့် ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဦးသိန်းစိန်ကိုယ်တိုင်ကိုက စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေး ရမယ်ဆိုတဲ့ အတွေးအခ်ါမလွတ်မြောက်မှုက လွန်ခဲ့တဲ့ ၅နှစ် လုံးလုံး တိုင်းပြည်အကျိုးရှိမဲ့ကိစ္စတွေကို ခိုင်ခိုင်မာမာ မလုပ်နိုင်ဘဲ အပေါ်ယံ သဏ္ဍာန်တွေနဲ့ သာ အချိန်ကုန်ခဲ့ရတာဖြစ်လို့ တိုင်းပြည်အတွက် သိပ်ကို နစ်နာစေခဲ့တာဖြစ်ပါတယ်။ ဦးသိန်းစိန်ကို အပြစ်ပုံချနေတာ မဟုတ်သလို ရှုံ့ ချနေခြင်းလဲ မဟုတ်တာတော့ ရိုးရိုးသားသားဝန်ခံလိုပါတယ်။

ကနေ့ကျနော်တို့ ဒီချူပ်ကို ထောက်ခံတယ်။ ၀န်းရံတယ်။ တပြိုင်နက်ထဲ စောင့်ကြည့်မှာလဲဖြစ်ပါတယ်။ ထောက်ခံတာက ဦးသိန်းစိန်အစိုးရ အနေနဲ့  ကျနော်တို့တိုင်းပြည်ကို ဒီထက်ကောင်းအောင် မလုပ်နိုင်ဘူးလို့ ယုံကြည်လို့ဖြစ်ပြီး ထောက်ခံတာကတော့ လက်တွေ့ ဒီချူပ်နိုင်စေချင်လို့ ဖြစ်ပါတယ်။ စောင့်ကြည့်မှာကတော့ ဒီမိုကရေစီရဲ့ အနှစ်သာရပါဘဲ။ တိုင်းပြည်အတွက် လူထုအတွက် အလုပ်မလုပ်နိုင်ရင် ရှုံးတဲ့အလှည့်ဟာ သူ့အတွက် ဖြစ်မှာပါ။ ဒီမိုကရေစီစနစ်ဆိုတာ ရာသက်ပန်မရှိဘူးဆိုတာ အခိုင်အမာယုံကြည်လို့ ဖြစ်ပါတယ်။

ကနေ့ အင်အားစုကြီး၃ခုလုံးမှာ အပြန်အလှန် တိမ်းညွတ်မှုတွေ ရှိနေကြပါတယ်။ဒီအခွင့်အရေးကို သက်ဆိုင်ရာခေါင်းဆောင်တွေ အမိအရ အသုံးချစေချင်ပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံရဲ့  အနာဂတ်ဖြစ်သလို အေးချမ်းသာယာတဲ့ နိုင်ငံတည်ဆောက်နိုင်ဘို့ တကယ့်အခွင့်အရေးကောင်းတခု အဖြစ် ကြည့်မြင်ကြစေချင်ပါတယ်။ လပိုင်းဘဲလိုတော့တဲ့ အစိုးရဟောင်းကိုရော အစိုးရသစ်ကိုရော ကျနော်တို့ အထူးမေတ္တာရပ်ခံလိုတာက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ထောင်ထဲက ဂျပိုးသူခိုးတွေအစား နိုင်ငံရေးသမားတွေ အထူးသဖြင့် အရေးပေါ်အခြေအနေမှာ ရောက်နေတဲ့ ကျောင်းသားတွေကို ချက်ချင်း ခြွင်းချက်မရှိလွတ်ပေးပါရန် အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အင်အားစုကြီး ၃ရပ်လုံး အမြော်အမြင်ရှိရှိ၊ စေတနာရှိရှိ၊ ရိုးရိုးသားသား အမှန်တကယ် တည်ဆောက် နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။

ကိုအောင်မှိုင်း (နိုင်ဝင်ဘာ ၁၅ရက် ၂၀၁၅ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts