သတင်းဆောင်းပါး မောင်ရင်ငတေ

မောင်ရင်ငတေ – မုန်တိုင်း၏အစ သို့မဟုတ် Ba-Ta-Clan ရဲ့ အဆုံးနိဂုံးလား

Bataclan ပြဇာတ်ရုံ မူလအနေအထား
 
မောင်ရင်ငတေ – မုန်တိုင်း၏အစ သို့မဟုတ် Ba-Ta-Clan ရဲ့ အဆုံးနိဂုံးလား
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅ Le Bataclan, L’Origine Ba-Ta-Clan

ဘာတာကလန်

၁၈၆၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ မြို့တော်ပါရီရဲ့ ထိမ်းသိမ်းစောင့်ရှောက်ရမယ့် အဆောက်အဦး စာရင်းမှာပါဝင်နေပြီဖြစ်တဲ့ တရုတ်ဘုံကျောင်းသဏ္ဍန် ဗိသုကာလက်ရာ အဆောက်အဦးကြီးတခုပါ၊

ပါရီမြို့လယ် အမှတ် ၁၁ ရပ်ကွက် Boulevard Voltaire လမ်းမပေါ်မှာ တည်ရှိပါတယ်၊

 
ဂျာမန် ဂျူးနွယ်ဖွား ကိုလုံးမြို့သား ပြင်သစ်လူမျိုး ပြဇာတ်ဆရာ စာရေးဆရာ Jacques Offenbach (1819-1880) နဲ့ ပြင်သစ်လူမျိုး ပါရီမြို့သား ပြဇာတ်ဆရာ Ludovic Halévy (1834-1908) တို့ရဲ့ Ba-ta-clan ခေါ် Chinoiserie Musicale ပြဇာတ်တိုလေးရဲ့ အမည်ကိုယူပြီး အဲဒီ ပြဇာတ်ရုံကို Le Bataclan လို့ အမည်ပေး မှည့်ခေါ်ခဲ့တယ် ဆိုပါတယ်၊
 
မူလအစကတော့ Café-Chantant ခေါ် Café-Concert တခုပါ၊

မြေညီထပ်မှာ ကဖေးနဲ့ ပြဇာတ်ရုံ ရှိပြီး ပထမထပ်မှာတော့ ကပွဲခန်းမကျယ်ကြီး ရှိပါတယ်၊

ဒီ ဘာတာကလန် ပြဇာတ်ရုံဟာ ကုသိုလ်ကံမကောင်း သမိုင်းကြောင်း မလှခဲ့ပါဘူး၊

ပြဇာတ်ရုံကနေ ရုပ်ရှင်ရုံ ဖြစ်ခဲ့သလို နောက်တဖန် ပြဇာတ်ရုံ ပြန်ဖြစ်ခဲ့ရပါတယ်၊


၁၉၃၃ ခုနှစ်မှာတော့ မီးလောင်ကျွမ်းခံခဲ့ရလို့ အပေါ်ထိပ်ပိုင်းက တရုတ်ဘုံကျောင်းသဏ္ဍန် ဗိသုကာ လက်ရာတွေ ဆုံးရှုံးပျက်စီးခဲ့ရပြီး အခုလက်ရှိ အဆောက်အဦးပုံစံကတော့ ၁၉၅၀ ခုနှစ်နောက်ပိုင်း ကာလတွေမှာ ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပါတယ်၊ ရုံပိုင်ရှင်တွေလည်း ခေတ် အဆက်ဆက်မှာ တလက်ပြီးတလက် ပြောင်းခဲ့သလို ပိတ်ထားခဲ့ရတဲ့ ကာလတွေလည်း ရှိခဲ့ပါတယ်၊
 
၁၉၈၃ ခုနှစ်နောက်ပိုင်းမှာ Rock’n’Roll အဖွဲ့တွေ ပြင်သစ်ရဲ့ Post-Punk ဆရာကြီး Alain Pacadis (1949-1986) တို့ရဲ့ ကျက်စားခဲ့ရာနေရာ ဖြစ်လာခဲ့ပါတယ်၊ ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ အခုလက်ရှိ ပိုင်ရှင်သစ်လက်သို့ ရောက်ရှိလာပြီး ရုံတွင်းပိုင်းတွေကို ခေတ်မီနည်းပညာတွေ တပ်ဆင်ပြင်ဆင်ပြီး

Café-Théâtre, Discothèque တွေအပြင် Concert စတိတ်ရှိုးပွဲတွေကိုပါ လက်ခံကျင့်ပ လာနိုင်ပြီး ပြင်သစ် တေးဂီတ အနုပညာလောကမှာ နာမည်ရပြီး လူငယ်တွေ ကျက်စားရာ နေရာတနေရာ ဖြစ် လာတာပါ၊ အခုအခါမှာတော့ ပရိသတ် ၁၅၀၀ နီးပါးဆန့်တဲ့ Concert Hall တခု ဖြစ်နေပါပြီ၊

 
Bataclan ပြဇာတ်ရုံ နိုဝင်ဘာ ၁၃ ၊ အကြမ်းဖက်ခံရမှု အပြီး မြင်ကွင်း
 
မနေ့ည ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့်

ပွဲကြည့်သူ ၈၇ ဦး သေဆုံခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်၊ အဲဒီ Bataclan Concert Hall ဇာတ်ရုံမှာ အမေရိကန် ခေတ်ပေါ် တေးဂီတအဖွဲ့ Eagles of Death Metal အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို လာရောက် ကြည့်ရှုကြတဲ့ လူငယ်ပရိသတ်က ရုံအပြည့် တထောင်ငါးရာကျော် ရှိနေခဲ့တာကြောင့် သေဆုံးမှု ဒီလောက် များပြားရတာ ဖြစ်ပါတယ်တဲ့၊ ဘာတာကလန် ပြဇာတ်ရုံရဲ့ အခုလက်ရှိ ပိုင်ရှင် ကတော့ ဂျူးနွယ်ဖွား ပြင်သစ်တဦးပါတဲ့။

 
တခြားနေရာ ခြောက်နေရာလောက်မှာလည်း အလားတူပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပေမယ့် ဒီပြဇာတ် ရုံမှာလောက် လူစုဝေးမှု မများတဲ့အတွက် အသေအပျောက် နည်းခဲ့တယ်ဆိုပေမယ့် စုစုပေါင်း ၁၅၀ ဝန်းကျင်ခန့် ရှိနိုင်ပါတယ် ဆိုကြပါတယ်။
 
ပေါက်ကွဲမှု တိုက်ခိုက်မှုတွေ ဖြစ်ပွားချိန်မှာ Eagles of Death Metal အဖွဲ့ သီဆိုနေတဲ့ သီချင်းက မကြာခင်ကမှ ဖြန့်ချီခဲ့တဲ့ Zipper Down ဆိုတဲ့ အခွေထဲက သီချင်းတပုဒ်ကိုသီဆိုနေတာ ဖြစ်ဖို့များ ပါကြောင်း၊
 
ကုသိုလ်ကံမကောင်း သမိုင်းကြောင်းလည်း မလှခဲ့ပါတဲ့ အဲဒီဘာတာကလန် ပြဇာတ်ရုံရှေ့လမ်းမကို မောင်ရင်ငတေ ရံဖန်ရံခါ ဖြတ်လျှောက်မိစဉ်က မော့ကြည့်ပြီး တရုတ်ဘုံကျောင်း တဝက်တပျက်ပုံစံ အနေအထားနဲ့ တွေ့ရတာမို့ ကိုးလိုးကန့်လန်အဆောက်အဦးတခု ဖြစ်မှာပါလေတွေးမိရင်း တခါဖူးမျှ

မှတ်တမ်း မတင်ခဲ့ဖူးပါဘူး၊ 

 
အခုတော့ ဒီအဆောက်အဦးက ပါရီသမိုင်းမှာ တွင်ကျန်ရစ်တော့မှာမို့လို့ ဒီအခု အမည်းစက်ကြီးကြောင့် တန်ဖိုးတွေ တက်လာလိမ့်မယ် သို့မဟုတ် ကျဆင်းသွားလိမ့် ဆိုတာ အိမ်ခြံမြေ ပွဲစားတွေရဲ့ ဆွဲဆောင်နိုင်မှုပေါ် မူတည်သလို ဒါမျိုးကိုမှ ရူးသွပ်စွာ ဝယ်ယူချင်များလည်း ရှိကောင်း ရှိလာနိုင်ကြောင်းပါ၊
 
အကြမ်းဖက် တိုက်ခိုက်သူများက ပြောတဲ့ မုန်တိုင်း၏ အစ သို့မဟုတ် Ba-Ta-Clan ရဲ့ အဆုံး နိဂုံး ဟုတ်မဟုတ်ကတော့ စောင့်ကြည့် ရပါဦးမည်။
 
မောင်ရင်ငတေ ၁၄၁၁၂၀၁၅

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts