ကဗျာ

ကိုသစ် (သီတဂူ) – လက်သန်းပေါ်က ဆေးတစက်နဲ့

ကိုသစ် (သီတဂူ) – လက်သန်းပေါ်က ဆေးတစက်နဲ့

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၅


အိပ်လို့မပျော်ဘူး
ဒီမနက် အရုဏ်မတက်ခင်ကတည်းက
နိုးနေခဲ့တယ် … သား
မနက်ခြောက်နာရီဆိုရင် အမေ မဲပေးရတော့မယ်လေ။

အေ မစာမတတ်ဘူးဆိုတာ ရွာသားတွေ အကုန်သိတယ်
ကြယ်လေးတစ်ခု ငှက်ကလေးတစ်ကောင်
အမေမဲပေးခဲ့ပြီသား
အနာဂတ်ကလေးငယ်တွေ အမေလို စာမတတ်တဲ့ဘ၀မျိုး မရောက်စေချင်လို့ပေါ့။

အမေက အသက်ကြီးပြီ
မြန်မာလူမျိုးဖြစ်တာတောင်
မြန်မာစာလုံးတွေကို မဖတ်တတ်ခဲ့ဘူး
မ၀ရေစာနဲ့ ကြီးပြင်းခဲ့ရလို့များလား
အမေခန္ဓာကိုယ်က ပိန်ပါးပါး
အထိတ်တလန့်နဲ့ ရှင်သန်ခဲ့ရတဲ့ နေ့တွေအတွက်
အမေ ဘာမှအစားပြန်မလိုချင်ဘူးသား
အမေက အသက်ကြီးသွားပြီ
အခုကစလို့ နောင်လာမယ့် မျိုးဆက်မှာ
ကလေးတွေကို စာကောင်းကောင်းတတ်စေချင်တယ်
အာဟာရအပြည့်နဲ့ ၀၀တုတ်တုတ်ကလေးတွေရှိစေချင်တယ်
ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာရပ်လို့ ခေါင်းမော့ရင်ကော့
အကြောင်းမဲ့သက်သက် ဘာကိုမှကြောက်လန့်မနေစေချင်ဘူး။

အမေတို့က အမှောင်ထဲမှာ လူဖြစ်ခဲ့ရတာ
အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာအတွက်
အသက်စွန့်သွားကြတဲ့ သူရဲကောင်းတွေအကြောင်း
အမေကောင်းကောင်းသိတယ်
လက်သန်းပေါ်က ဆေးတစက်နဲ့
အမှောင်ယံညဥ့်နက်နက်ကို အမေတို့ မောင်းထုတ်နိုင်ခဲ့ပြီ။

မကြာခင် ရောင်ခြည်ဖြာတဲ့ နေ့သစ်ကို ရောက်တော့မယ်
မှန်ကန်တည့်မတ်တဲ့ ယုံကြည်ချက်နဲ့ ကြိုးစားကြမှ
အရင်လို ဘ၀မျိုးပြန်မရောက်မှာ
ကိုယ်တိုင်က မသီးပွင့်နိုင်တော့ဘူးဆိုရင်တောင် နောင်မျိုးဆက်တွေအတွက်
အားတင်းဆက်လျှောက်ပေါ့
လက်သန်းပေါ်က ဆေးတစက်နဲ့
အမှောင်ယံညဥ့်နက်နက်တွေကို အမေတို့ ဒီနေ့ဖယ်ရှားပေးခဲ့ပြီသား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts