သတင်းပဒေသာ

နိုင်ငံတော် ထိပ်သီး ၃ ဦးက ဒေါ်အောင်ဆန်းစုကြည် ပန်ကြားချက်ကို အသီးသီးလက်ခံကြောင်း ထုတ်ပြန်

နိုင်ငံတော် ထိပ်သီး ၃ ဦးက ဒေါ်အောင်ဆန်းစုကြည် ပန်ကြားချက်ကို အသီးသီးလက်ခံကြောင်း ထုတ်ပြန်

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၅

နိုဝင်ဘာ ၁၀ က ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံတော်ထိပ်သီး ၃ ဦးဖြစ်တဲ့ တပ်ချုပ်၊ သမ္မတ နဲ့ လွှတ်တော်နာယကတို့ကို အသီးသီး တွေ့ဆုံလိုကြောင်း စာထုတ်ပြန်ခဲ့တာကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထိပ်သီး ၃ ဦးစလုံးက လက်ခံကြောင်း အသီးသီး ပြန်ကြားခဲ့ပါတယ်။ လွှတ်တော်နာယက ဦးရွှေမန်းက ရှေ့တပတ်မှ စတင်ပြီး အဆင်ပြေတဲ့နေ့ တွေ့ဆုံဖို့ စီစဉ်မယ်လို့ ပြောပါတယ်။ တပ်ချုပ်နဲ့ သမ္မတကတော့ ၎င်းတို့ ပြန်ကြားရေးအဖွဲ့အသီးသီးကနေ ရွေးကောက်ပွဲ ကော်မရှင်ကိစ္စရပ်များအပြီးမှာ တွေ့ဆုံကြရန် ပြန်ကြားလိုက်ပါတယ်။ ထိုသို့ ပြန်ကြားချက်များ ရရှိကြောင်းကို အင်န်အယ်ဒီဌာနချုပ်က ပြန်လည်အတည်ပြုတဲ့စာ ထုတ်ပြန်ပါတယ်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် အပြည့်အစုံက အောက်ပါအတိုင်းဖြစ်ပါတယ်။

နေပြည်တော် နိုဝင်ဘာ ၁၁

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံခွင့် တောင်းသည့် စာနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အလွန် ကြားကာလ တည်ငြိမ် အေးချမ်းမှု ရှိစေရန် အတွက် အားလုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံခွင့် တောင်းသည့်စာကို ဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာ ၁၀ ရက် နေ့စွဲဖြင့် သီးခြားစီ ပေးပို့ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော် သမ္မတရုံးနှင့် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့တို့က ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်း ထုတ်ပြန်ချက်များတွင် ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ် အေးချမ်း အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။ ထိုသို့ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံသား တာဝန် ကျေပွန်စွာ ပါဝင် မဲပေးခဲ့ကြသော တိုင်းရင်းသား မိဘပြည်သူများ အားလုံး၊ အောင်မြင်သော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အဆင့်ဆင့်သော ကော်မရှင်များ၊ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး တတ်နိုင်သမျှ ပံ့ပိုးကူညီ ဆောင်ရွက် ခဲ့ကြသော တပ်မတော် တပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မဲရုံတာဝန် ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများ၊ ရွေးကောက်ပွဲ အထူးရဲများ၊ လေ့လာ စောင့်ကြည့်မှုများ ဆောင်ရွက် ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ဂုဏ်သိက္ခာရှိရှိ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အားလုံးကို နိုင်ငံတော်နှင့် နိုင်ငံသားများ ကိုယ်စား ကျေးဇူးတင် ရှိပါကြောင်း။

ယနေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် နေရာအများစုဖြင့် ဦးဆောင်နိုင်မှု အပေါ် ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများ၏ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစား လိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်း နိုင်ရေးကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts