ခေတ်ပြိုင်အတွေ့အကြုံ

သွန်းခ – မရေးလိုက်ရ မဖြစ်ရလေအောင်

 

သွန်းခ – မရေးလိုက်ရ မဖြစ်ရလေအောင်

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅

 

    မိတ်ဆွေတစ်ယောက်က “လာခဲ့ပေးပါ၊ သူတို့ G.T.Iကျောင်းသားဟောင်းတွေလည်း စင်္ကာပူကနေ စုပြီးပြန် လာကြမှာ၊ ဟိုမှာကြိုတင်မဲပေးလို့ ရပေမယ့်၊ မြန်မာပြည်ကို တမင်ပြန်လာပြီးတော့ကို မဲပေးကြမှာ၊ တချို့များ ခွင့်ရက် တွေကုန်နေတာ လုပ်အားခအဖြတ်ခံပြီး လိုက်လာတာတွေ ပါတယ်။ တချို့ကတော့ သူတို့သူဌေးကိုက သွားသာသွား ဆိုပြီး လွှတ်လိုက်တာပါတဲ့။ အဲဒီတော့ လာဖြစ်အောင် လာခဲ့စေချင်ပါတယ်” လို့ဖိတ်တော့ မင်္ဂလာဒုံ လေယာဉ်ကွင်းကို Fly To Vote အဖွဲ့ကြိုဖို့အတွက် ရောက်သွားတော့တာပေါ့။

 

နိုဝင်ဘာ ၆ ရက်နေ့၊ ညနေ ၃ နာရီလောက်မှာ ပြည်တွင်း၊ ပြည်ပသတင်းထောက်တွေ၊ ဂျာနယ်တိုက်တွေက သတင်းစာဆရာတွေ လေယာဉ်ကွင်းထဲမှာ တွေ့နေရပါပြီ။ သူတို့မိသားစုဝင်တွေက မကြိုရသေးခင် ရေသန့်ဘူးကမ်း၊ ပန်းလှလှလေးတွေကမ်း၊ နီနီရဲရဲ တံဆိပ်လေးတွေ အမှတ်တရ ပါးတွေမှာ ကပ်ပေးနေကြတာကို အရင်ကြုံလိုက်ရတာက စင်္ကာပူပြန်”ရွှေ”တွေပါ။ သူတို့လေယာဉ်ပေါ်မှာလည်း အောင်နိုင်ရေးသီချင်းတွေဆိုကြ၊ တပျော်တပါးနဲ့ဆိုတော့ လေယာဉ်အမှုထမ်းတွေလည်း ကြည်နူးနေကြပါသတဲ့။အမှတ်တရ လေယာဉ်ပေါ်မှာ ရိုက်လာခဲ့တဲ့ ဗီဒီယိုဖိုင်လေးလည်း ကြည့်လိုက်ရပါသေးတယ်။

     တော်တော်နဲ့မှဆင်းမလာတဲ့ အဲဒီ”ရွှေ”တွေ လူအုပ်ထဲမရောက်ခင် စည်းကမ်းတကျရှိကြဖို့ အချင်းချင်းသတိပေးနေကြသေးတာပါ။ ထွက်လည်းလာရော ၊မိသားစုတွေလည်းအနားကပ်လို့မရ၊ မီဒီယာအုပ်စုကလည်းအလုအယက်မေးကြ၊ မှတ်တမ်းဓါတ်ပုံတွေရိုက်ကြနဲ့ ပြည်တော်ပြန်တွေရဲ့ အပြုံးချိုမြမြတွေ တွေ့လိုက်ရပါတယ်။ နားလည်မှုပေးတဲ့ မိသားစုဝင်တွေကိုလည်း ကျေးဇူးတင်စရာပါ။ သေချာပြန်တွေးကြည့်တော့လည်းပြန်လာကြသူတွေဟာ သူတို့မိသားစုတွေထက် ပြည်သူတွေရဲ့ရင်ထဲက ဆန္ဒတွေကိုဖြည့်ပေးရမယ် ဆိုတဲ့အသိစိတ်ကို တာဝန်တစ်ခုလို သဘောထားပြီး ပြန်လာကြတာပါပဲ။ အားလုံး ၁၅၈ ယောက် MAI လေကြောင်းနဲ့ ရောက်လာကြပြီး အားလုံးရဲ့  အနီရောင်တီရှပ်တွေမှာ “ပြောင်းလဲဖို့ မဲပေးစို့” ဆိုတဲ့ စာတမ်းတွေနဲ့ပါ။

 

စင်္ကာပူမှာ ကိုယ့်အသိစိတ်နဲ့ ကိုယ်ဖွဲ့ထားကြတဲ့ Green and Clean (G&C)အဖွဲ့လည်း ပါတယ်လို့ သိခဲ့ရပါတယ်။ ဘောလုံးပွဲတွေမှာ၊ နီးနီးကပ်ကပ် စင်္ကာပူမှာကြိုတင်မဲပေးကြတုန်းက အမှိုက်ကောက်၊ သန့်ရှင်းရေး ဆောင်ရွက်မှု၊ စနစ်တကျရှိကြစေဖို့ စိတ်တူကိုယ်တူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ဆိုတာ သိထားရပါတယ်။

 ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာတွေ စိတ်ဝင်စားခဲ့ကြသလို နိုင်ငံရေးပါတီအောင်နိုင်ရေးအဖွဲ့တွေ ကလည်း    မြို့နယ်များအလိုက် လာရောက်ကြိုဆို အားဖြည့်သွားခဲ့ကြသေးတာပါ။ ပြည်ပမှာသွားပြီးအလုပ်အကျွေးပြုနေကြရတဲ့ မြန်ပြည်သားတွေ၊ သူတို့တတ်ထားတဲ့ပညာ၊ လုပ်နိုင်တဲ့လုပ်အားတွေကို မြန်မာပြည်အတွက်၊ တနည်းအားဖြင့် အိုးမကွာ အိမ်မကွာ မိသားစုနဲ့အတူနေပြီး အသုံးချ၊ လုပ်အားပြချင်မှာပေါ့။ ဘာဖြစ်လို့ပြည်ပ ရောက်ကုန်ကြရတာပါလဲ။ အဲဒီအဖြစ်တွေ ကွယ်ပျောက်ဖို့၊ အပြောင်းအလဲဖြစ်ချင်စိတ်၊ ပြောင်းလဲလိုစိတ် တစ်ခုကို တက်ကြွစွာ ဖော်ထုတ်ရယူဖို့ကြိုးစားကြသူတွေကို အဲဒီလို အင်နဲ့ အားနဲ့ ကြိုဆိုလိုက်ကြတာ ကြိုဆိုထိုက်သူများကို ကြိုဆိုလိုက်ခြင်းပါပဲ။

မနက်ဖြန် စပြီ ။ ရွေးကောက်ပွဲ။ အဲဒီမှာ အလွဲတွေ၊ မသမာမှုတွေ၊ မျှော်လင့်မထားကြတာတွေအတွက် ဘယ်သူမှ ကြို မပြောနိုင်သေးပေမယ့် စင်္ကာပူက အင်နဲ့အားနဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ ပြန်လာကြသူတွေ အကြောင်း၊ ပြီးတော့ရွေးကောက်ပွဲအတွက် ရွေးပဲရွေးတတ်တဲ့ Fly To Vote ဆိုတဲ့ခေါင်းစဉ်အတွက် လေးစားသဘောကျ လွန်းလို့ပါ။ အဲဒီတော့ အဲဒီအကြောင်း သတင်းအနေနဲ့ရေးဖို့ရာ နောက်ကျသွားတာကြောင့် အခုလိုစာတိုလေးပဲ ရေးလိုက်ရတော့တာပေါ့။  မရေးလိုက်ရ မဖြစ်ရလေအောင် ပေါ့ခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts