အတွေးအမြင်

ကိုကံညို(ထူးကြီး) – “ပုံသေနည်းပျက်”

 

ကိုကံညို(ထူးကြီး) – “ပုံသေနည်းပျက်” 

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၅ 

ကျွန်တော်တို့ တိုးဝင်ပျော်မွေ့နေရတဲ့ ပုံသေနည်းတချို့က ရေရှည်အားကိုးလို့ မရခဲ့ပါဘူး။ သတ်မှတ်ချက် စည်းဘောင်ထဲ ပိတ်မိနေတဲ့ အခါမျိုးမှာ လွတ်လပ်ပွင့်လင်းမှုခမျာ ခေါင်းတခါခါ၊ လည်တဆန့်ဆန့်နဲ့၊ မလိုလားအပ်တဲ့အဖြေတွေကြားမှာ စိတ်ပျက်လက်ပျက်ဖြစ်ရပါတယ်။ ဒါဟာ စစ်မှန်တဲ့အသစ်ကို ခုံမင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ လောကကြီးကို အဲဒီနည်းနဲ့ လျှောက်မှ နောက်ကောက် မကျခဲ့မှာ သေချာ ပါလိမ့်မယ်။

ကျွန်တော်တို့ပါဝင်ပြီး အရွေးချယ်ခံကြတယ်။ အကြောင်းအမျိုးမျိုးအတွက်၊ အရည်အချင်း တစ်စုံတစ်ရာအတွက် ‘ပထမဦးဆုံးနေရာ” ဆိုတာက တကယ်ကို အရေးပါ အရာရောက်ပါသလား။ သေသေချာချာ စဉ်းစားရပါလိမ့်မယ်။ ဥပမာတစ်ခုကို တွေးမိပါရဲ့၊ ရုပ်ရှင်လက်မှတ် တန်းစီကြတယ်ဆိုပါစို့။ တစ်ထောင်တန်း လက်မှတ်အတွက် အားလုံး တစ်ယောက် တစ်ထောင် ပေးချေ ရမှာ ဖြစ်ပါတယ်။ ပေးချေရမယ့် ငွေကြေးပမာဏက အားလုံး အတူတူဖြစ်ပါတယ်။ ဒါပေမယ့်…ရှေ့ဆုံးကလူသည် ပထမဖြစ်ပါတယ်။ ပြီးမှ နောက်လူ၊ နောက်လူတွေ။ ဒါသည် တန်းစီစံနစ်ရဲ့ ပုံသေနည်း တစ်ခုဖြစ်ပါတယ်။ အခွင့်အရေးတစ်ခု ရဖို့အတွက် ရှေ့ဆုံးကဖြစ်အောင် ကြိုးစားရပါတော့မယ်။

ဒါပေမယ့် အချိန်နည်းနည်း လောက်ပေးပြီး ရှေးဖြစ်စဉ်ကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ဝေဝါးစရာတွေ ပါဝင်လာပါတော့တယ်။ ရှေ့က တန်းစီသည်ဖြစ်စေ၊ နောက်က တန်းစီသည်ဖြစ်စေ၊ ငါးရာတန်းက တန်းစီသည်ဖြစ်စေ၊ နှစ်ထောင်တန်းက တန်းစီသည်ဖြစ်စေ၊ အားလုံး ဒီရုပ်ရှင်ကားကိုပဲ အပြည့်အဝ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ နေရာထိုင်ခင်း အနည်းငယ် ကွာခြားတာကလွဲပြီး အတန်းအစားတစ်ခုအတွင်းမှာပင် ရှေ့ဆုံးကဖြစ်ခြင်းသည် ပထမဆုံးရွေးချယ်ခံရတယ် ဆိုတဲ့ ပုံသေနည်းတစ်ခု။

သူနဲ့ ဆန့်ကျင်ဘက်တစ်ခု ရှိပါတယ်။ အမြင်သာဆုံး ဥမာကို ဆွဲထုတ်ကြည့်ကြပါစို့။ အိမ်ရှင်မတစ်ယောက်က ပန်းကန်တွေကို ဆေးကြောသန့်စင်တယ်၊ ပြီးတာနဲ့ အဝတ်နဲ့ ခြောက်သွေ့ပြောင်စင်အောင် တိုက်ချွတ်ပြီး စီစီရီရီ ထပ်တယ်။ အဲဒီထိ ဘာပြသနာမှ မရှိသေးပါဘူး၊ ပုံသေနည်းတစ်ခုကို ကန့်ကွက်လို့လည်း မရသေးပါဘူး။ ဟော အကြောင်းတစ်စုံတစ်ခုကြောင့် ပန်းကန်ပြားတစ်ချပ် လိုတယ်၊ လိုအပ်ချက်က ပြီးစလွယ်လုပ်ချလိုက်လို့ မဖြစ်တဲ့အရာ။ နှုတ်ခမ်းမှာ ပန်းတွန့်တွေနဲ့ ပန်းကန်ပြားကြီးမှ ထည့်မယ့်အစားအစာနဲ့ လိုက်ဖက်မယ် ဆိုကြပါစို့။ အဲ … အဲဒီပန်းကန်ပြားကြီးက ပထမဆုံးဆေးကြောသန့်စင်ပြီး ပန်းကန်ပြားအထပ်ထဲမှာ ဦးစွာပထမ ရှေ့ဆုံးက တန်းစီထားတဲ့ ပန်းကန်ပြား။ ထပ်ပြောမယ်၊ ပန်းကန်ပြားအထပ်မှာ ပထမဆုံးတန်းစီသူ၊ ဒါပေမယ့် သူကို လိုအပ်ချက်အတိုင်း ဆွဲယူလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ၊ ကျန်တဲ့ပန်းကန်ပြားတွေ ကွဲကုန်မှာပေါ့။ ဒီတော့ နောက်ဆုံးမှ ထပ်လိုက်တဲ့ပန်းကန်ပြားကို ပထမဆုံး ရွေးချယ် ကိုင်တွယ် ရပါတော့မယ်။ နောက်ဆုံးကနေပြန်ပြီး ရွေးချယ်မှုကို စတင်ရပါတော့မယ်။ တန်းစီစံနစ်ပုံသေနည်းတစ်ခုကို ပြောင်းပြန်လှန်လိုက်သလိုပါပဲ။ ပထမဆုံးကနေ နောက်ဆုံးဖြစ်သွားရတဲ့ ဖြစ်ရပ်။

စာမေးပွဲဖြေတာတွေ၊ အခြားယှဉ်ပြိုင်တာတွေမှာလည်း ပုံသေနည်းကနေ သွေဖယ်နေတာတွေ တွေ့ရပါတယ်။ အရင်ဦးတာတွေ၊ တန်းစီစံနစ်တွေနဲ့ မဆုံးဖြတ်တော့ပါဘူး။ အရည်အသွေးနဲ့ ဆုံးဖြတ်မှု ပြုလုပ်ကြပါတယ်။ စာမေးပွဲခန်းထဲ ပထမဆုံးရောက်တဲ့လူ၊ ဒါမှမဟုတ် မေးခွန်းကို ပထမဆုံး စတင်ဖြေဆိုတဲ့သူ၊ ဒါမှမဟုတ် စာမေးပွဲဖြေဆိုတဲ့နေရာမှာ ပထမဆုံးပြီးတဲ့လူ စတဲ့အချက်တွေနဲ့ ပထမကို ရွေးချယ်တာမဟုတ်ပဲ၊ အရည်အချင်းအပြည့်ဝဆုံးသူကိုသာ ပထမအဖြစ် ရွေးချယ်တာဖြစ်ပါတယ်။ တန်းစီစံနည်း ပုံသေနည်းနဲ့ လုံးဝ သွေဖယ်သွားပါတော့တယ်။

ကဲ … ကျွန်တော်တို့ကံဇာတာတွေ ဘယ်လောက်ကောင်းသလဲ သိရအောင် ထီထိုးကြပါစို့၊ ထီဖွင့်ဖွင့်ချင်း ထိုးတဲ့လူ ထီပေါက်သူ ဟုတ်နိုင်ပါ့မလား၊ ပထမဆုံးထီထိုးသူသည် ထီဆုပိုင်ရှင်အဖြစ်ရယ်လို့ ရွေးချယ်သွားမှာ မဟုတ်ပါဘူး။ ကံဇာတာအရ ရွေးချယ်သွားမှာဖြစ်ပါတယ်။ တန်းစီစံနစ် ဥပဒေသ လုံးဝပျက်ယွင်းသွားပါတော့တယ်။

ဒီလိုနဲ့ ပုံသေနည်းတွေက တစ်သမတ်တည်းအားကိုးမရတဲ့ ပုံမသေနည်းတွေ ဖြစ်လာပါတော့တယ်။

ကိုကံညို(ထူးကြီး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts