အတွေးအမြင်

ချစ်သူများနေ့ အတွေးများ (Ashin Nanda Wuntha)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ချစ်သူများနေ့ အတွေးများ

အရှင်နန္ဒ၀ံသ၊ ဇေယျသုခကျောင်း၊ အမာရီလိုမြို့၊

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃

• ချစ်သူများနေ့ အတွေးများ

စာရေးသူသည် မကြာမီသော ကာလမှာ မိဘဆရာ ညာတကာတို့ရဲ့ မေတ္တာလောင်းရိပ်သို့ ခေတ္တပြန်လည် ခိုဝင်ဖို့ ပြင်ဆင်လို့နေပါတယ် ……မှတ်မှတ်ရရ အမေရိကန်မှ ခရီးစတင်ထွက်ခွာမည့်နေ့သည်ကား ဖေဖော်ဝါရီလ ၁၄ ရက်……အများသိသော ချစ်သူများနေ့…..
အော် ချစ်သူများနေ့မှာ ချစ်သော မိဘ ဆရာရှိရာ ဇာတိဋ္ဌာနေဆီသို့ ပြန်ရတော့မှာဆိုတော့ ရင်ထဲမှာ ပျော်သလိုလို….

ဒါပေမဲ့ အပျော်ရဲ့ နောက်ကွယ်မှာ ငြိတွယ်ပါလာတဲ့ အတွေးကတော့ …ဒီလို ချစ်သူများ နေ့မှာမှ မိမိကို ချစ်ခင်လေးစားသူတွေရဲ့ ရင်လွှာကို ခွာချန်ပြီး ဇာတိဆီကချစ်ခင်သူတွေထံ ပြန်ဖို့ စီစဉ်မိလေခြင်းကိုပါ….။

ဟိုး ဇာတိမြေမှ မိမိပြန်လာမှာမို့ မျှော်နေသူတွေရဲ့ အပျော်ကို တွေးကြည့်မိသလို ဒီကမိမိပြန်မလာမှာကို စိုးထိတ်ပူပန်နေကြတဲ့ သူတွေရဲ့ ရင်ထဲလဲ ဝင်ကြည့်မိလိုက်ရာက ချစ်သူများနေ့ အတွေးများကို ချရေး ဖြစ်ပါတော့တယ်….

• အချစ်ကြောင့်လျှင် ..ပြုံးပျော်ရွှင်

မရှိမဖြစ် အရာတွေထဲမှာ သစ်ပင်မှာ အမြစ်၊ လူမှာအချစ် ၊တိုင်းပြည်မှာ စစ် ရယ်လို့ ရှေးက ဆိုခဲ့ကြပါတယ်၊ ရေသောက်မြစ်ကြောင့် သစ်ပင်တွေ စိမ်းလန်းစိုပြည်နေသလို စစ်တပ်အင်အား တောင့်တင်းခိုင်မာမှုက လည်း တိုင်းပြည်တစ်ခုကို အထက်တန်းကျ မျက်နှာပန်းလှစေနိုင်ပါတယ်။ ဒီနည်းအတူပင်… အချစ် ဆိုတာကြောင့်လဲ လူတွေဟာ ပျော်ရွှင်မှုတွေ သာယာမှုတွေ ရနေကြတယ်လို့ ဆိုလိုသလားတော့ စာရေးသူ တိတိပပ မသိနိုင် ဖြစ်နေပါသေးတယ်…

• သူတို့ပြောတဲ့ အချစ်

အဆိုတော်တွေကတော့ အချစ်ဆိုတာ မီးလား…အချစ်ဆိုတာ ပူလောင်သော မီးတောက် တစ်ခု စသည်ဖြင့် ရေးနေ ဆိုနေကြပါရဲ့… ဒါပေမဲ့ လောကသဘောမှာတော့ တကယ်ရော အဖြေမှန် ရှိနိုင်ပါရဲ့လား လို့ စဉ်းစားစရာပဲ ထင်ပါတယ်

• အသုံးချသူအပေါ်မှာ မူတည်ပါတယ်

အချစ်ဆိုတာ မီးဆိုပါလျှင်..မီးဆိုတာ အသိ အလိမ္မာ ညာဏ်ပညာကင်း လူအဖျင်းအတွက် ရန်သူဖြစ်နိုင်သလို လိမ်မာစွာ အသုံးချတတ်သူအဖို့တော့ မိတ်ဆွေကောင်းပမာ အကျိုးရှိတာပါပဲ ..ဒီလိုဆိုရင် အချစ်ဆိုတာကရော….. လိမ်မာစွာ အသုံးချ တတ်သူအတွက်တော့ တကယ့်အဖိုးတန်တဲ့ ရတနာတစ်ပါး လို့လဲ ဆိုနိုင်မယ် ထင်ပါရဲ့နော်

• တွေးဖူးတဲ့ အချစ်အကြောင်း

အချစ် အချစ် ချစ်တိုင်းနစ်၍ အချစ်ရဲ့ အဆုံး ထိုနိဂုံးမှာ… အမုန်းတွေရ ငိုရှုံးကြ၏ စသည်ဖြင့် ငယ်ငယ်ကတော့ ဖတ်ဖူးတွေးဖူးရေးဖူးပါရဲ့…ဒါ့အပြင် အချစ်ဆိုတာ တမာလိုခါး ပိန်းလိုယားပြီး ယဉ်ယဉ်လေးယိုင် မခိုင်လျှင် လူး ဆုပ်ရင်လဲ စူးလို့ စားရင်လဲ ရူးတတ်တယ် လို့ ငယ်စဉ်က တွေးထား ရေးသားဖူးတာကိုလဲ ပြန်လဲ တွေးမိပါရဲ့ …

• အချစ်နောက်မှာ အကျိုးပါ

အချစ်ဆိုတာ တဏှာရာဂ ရဲ့ အမည်ဖြစ်သလို တချို့နေရာမှာ မေတ္တာရဲ့ သင်္ကေတလဲ ဖြစ်နေတတ်ပါတယ် အချစ်ဆိုရာမှာ.. ၊ လင်ချစ် မယားချစ် သားချစ် သမီးချစ် ဆရာချစ် တပည့်ချစ် မောင်ချစ် နှမချစ် စသည် စသည် အမျိုးမျိုးအဖုံဖုံ စုံလှပါတယ် ။ ဘယ်လိုပဲ ချစ်ချစ် အချစ်ဆိုသမျှရဲ့ နောက်ကွယ်မှာ ကပ်တွယ်ပါလာနိုင်တဲ့ ကောင်းကျိုးဆိုကျိုးတွေကတော့ ရှိနေတတ်တာမျိုးပါပဲ ..

• အပြစ်ကင်းတဲ့ ချစ်ခြင်းတရား

အချစ်ဆိုတာ အကျိုးလိုလားမှု မေတ္တာကို ကိုယ်စားပြုတယ်ဆိုပါရင် တကယ်ချစ်ပါက ကိုယ်ချစ်တဲ့သူ အကျိုးများရာ များကြောင်းကို ဆောင်းကြဉ်းပေးဖို့ လိုမှာဖြစ်ပါတယ် .ဘယ်သူ့ကို ဘယ်လိုအချစ်နဲ့ပဲ ချစ်ချစ် တကယ်ချစ်တယ်ဆိုပါရင် ကိုယ်ချစ်တဲ့သူ နစ်မွန်းအောင် အကျိုးစီးပွားပျက်အောင် နစ်နာအောင် စသည် စသည် ဆိုးကျိုးတွေ မဖြစ်ပွားရအောင် ရှောင်ကြဉ်ဖွယ်ရာ ကံ သုံးဖြာကို ရှောင်ကြဉ်ခြင်း သည် တကယ်ချစ်ရာ ရောက်တယ် လို့ ဆိုနိုင်မယ် ထင်ပါတယ်..

• တကယ်ချစ်မူ တာဝန်ယူ

သိဂါလောဝါဒ သုတ်တော်မှာ ဗုဒ္ဓမြတ်စွာ ဟောမှာထားသော မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ် စသည်ဖြင့် တာန်ဝတ္တရား အသီးသီးရှိပါတယ် ။ ဒီတရားတွေဟာ တကယ်ချစ်သူများအတွက် လိုက်နာအပ် ဖြည့်ဆည်းအပ်တဲ့ တာဝန်တွေ ဝတ္တရားတွေ ဆိုလဲ မမှားပါဘူး။ ဒီတော့ ဘယ်သူမဆို မိမိနှင့် တော်သော မိမိတာဝန်ယူ ကျင့်သုံးထိုက်သော အဆိုပါ ဝတ္တရားတွေကို တာဝန်ယူ ဖြည့်ဆည်းဖို့ လိုမည်သာ ဖြစ်ပါတယ် ။

• အပြစ်မကင်းတဲ့ ချစ်ခြင်းတရား

နှုတ်ဖျားက ချစ်တယ်လို့ ဘယ်လောက်ပြောပြော.. မိမိဖြည့်ကျင့်ရမည့် ကျင့်ဝတ်တွေကိုလဲ မဖြည့်ဆီး ၊ အကျိုးစီးပွားကိုလဲ မဆောင်ရွက် ၊ တဏှာရာဂ စိတ်ဆန္ဒအလိုသို့သာ ကောက်ကောက်ပါအောင် လိုက်နေကြခြင်းမျိုးကိုတော့ အပြစ်မကင်းတဲ့ ချစ်ခြင်းများလို့ ဆိုနိုင်မယ်ထင်ပါတယ် ။

ကိုယ့်ကိုယ်ကို တကယ်ချစ်တယ်ဆိုပါရင်လဲ ကိုယ့်ဘဝဂုဏ်သိက္ခာ ညှိုးနွမ်းမဲ့ အရာတွေ မလုပ်သင့်ဘူးပေါ့ .. ကုန်သည်တွေ တောင်မှ ရှုံးမည့် ကုန်ပစ္စည်းတွေကို အရောင်းအဝယ်မလုပ်ကြပါဘူး ။ ဒီလိုပါပဲ ကိုယ်ရော သူပါ လူဖြစ်ရှုံးမည့် ကိစ္စတွေကိုတော့ သတိနဲ့ ရှောင်နိုင်မှ ကောင်းမည် ထင်ပါရဲ့ .. ၊ တွေးကြည့်လေ .. ကိုယ့်အနာဂတ်ကိုမှ သစ္စာမရှိနိုင်ပဲ အခြားသူများအား သစ္စာစကား ပြောနေတာဟာ ရယ်စရာပဲလို့ တွေးမိပါတယ်။

• အပျော်နောက်မှာ ဒုက္ခလာ

သုခဿ အနန္တရံ ဒုက္ခံ လို့ ဗုဒ္ဓက ဟောပြတော်မူခဲ့ပါတယ်။ ယာယီအပျော်အတွက် အဖေါ်မက်ပြီး မလျှော်ရာကံတွေ လုပ်နေမယ်ဆိုရင် ရလာဒ်ကတော့ ဒုက္ခတွေပဲ ဖြစ်လာမှာပါ ..ဒီလို အပျော်ကနေ အဖေါ်ဖြစ်လာပြီဆိုရင် ပျော်စရာ ဘဝကို တကယ်ရနိုင်ပါ့မလား ဆိုတာ စဉ်းစားစရာပါနော် ..။

ငယ်စဉ်မှာ အပျော်အပါး လိုက်စားလွန်းနေတော့ ပညာရေးလဲ မထွန်းပေါက်နိုင်တော့ဘူးပေါ့ ဒီတော့ ပညာမပါပဲ စီးပွားရှားရတာဟာ ပင်ပန်းသလောက် မထွန်းပေါက်နိုင်တာမို့ ကြီးပွားချမ်းသာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ အပျော်မက်သူတွေဟာ လောကအလယ် မျက်နှာငယ်ငယ်နဲ့ အိုသည့်အထိ ပင်ပန်းကြီးစွာ ရှင်သန်နေထိုင်ရပါတော့တယ်

• အချစ်ကြောင့်သာ ဘေးဖြစ်လာ

အချစ်ဆိုတာကို ကစားစရာအသွင် အထင်မှားပြီး ကစားနေတဲ့သူတွေအတွက် သတိထားစရာ တရားအဆုံးမတော်လေးကတော့ ပိယတော ဇာယတေ ဘယံ တဲ့ ..အချစ်ကြောင့် ဘေးဟူသမျှ သောကဟူသမျှ တို့ ဖြစ်တည်လာရတာပါ ၊ အချစ်များလေ ဘေးများလေ ဒုက္ခများလေ သောကများလေ ဆိုတာ ဘုရားဟော တရားတော်တွေမှာ အထင်အရှားပါပဲ။ ဒါကိုမှ မယုံသေးဘူး လက်တွေ့ကြုံမှ ယုံကြမယ်ဆိုရင်တော့ အဆိပ်သောက်ရင် သေတတ်တယ်ဆိုတာ မယုံလို့လက်တွေ့စမ်းကြည့်သူနဲ့ တူပါလိမ့်မယ် လို့ သတိစကား ဆိုပါရစေ

• ချစ်သူဝေးမဲ့ အတွေးများ

လူတိုင်းမှာတော့ ချစ်သူ ခင်သူ များစွာ ရှိတတ်တာမျိုးပါ ..မိဘ ဆွေမျိုး သူငယ်ချင်း စသည်ဖြင့်ပေါ့ သူတို့တစ်တွေ က ကိုယ့်ကိုချစ်တာ ခင်တာဟာ ကိုယ့်ရဲ့ အကျင့်သိက္ခာနဲ့ ရိုးသားမှု ကြိုးစားမှုတွေကို တန်ဖိုးထားပြီး ချစ်ကြ ခင်ကြတာ ထင်ပါတယ် ။ မိမိမှာသာ သူတို့ချစ်ခင် ယုံကြည်ထိုက်သော ဂုဏ်အရည်အချင်း မရှိဘူးဆိုရင် ချစ်ကြခင်ကြတော့မှာ မဟုတ်ပါဘူး ။ ဒါဆိုရင် ကိုယ့်ကိုယ်ကို သိက္ခာကျအောင် ဂုဏ်နိမ့်စေကြောင်း မကောင်းမှုဒုစရိုက်တွေ မှာ ပျော်ပိုက်နေခြင်းဟာ ချစ်သူဝေးမဲ့ အတွေးများလို့ ဆိုနိုင်ပါလိမ့်မယ် ။ မိဘတို့ကွယ်ရာမှာ မိဘတို့ဆန္ဒကို ကြဉ်ဖယ်ကာ ထင်ရာစိုင်းခြင်းမျိုးတွေပေါ့

• အရှုံးမများစေရန် အမုန်းတရားကြားကခံ

ကိုယ့်ကို တကယ်တန်ဖိုးထားသူ ချစ်ခင်သူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးရပြီဆိုရင် နစ်နာလွန်းလှပါတယ် ၊ ကျန်တာတွေ ဆုံးရှုံးလျှင် ပြန်ရှာ ရနိုင်ပေမဲ့ လူတစ်ယောက်ရဲ့ ယုံကြည်မှု့ကို ဆုံးရှုံးရပြီဆိုရင် တော့ အများရဲ့ ယုံကြည်မှုကို အလွယ်ပြန်ရနိုင်ုဖို့ ခက်ခဲသွားပါပြီ..ဒါကြောင့် အပျော်အပါးလိုက်စားမှုတွေ ဒုစရိုက် အတွေးမိုက်မှာ နှစ်ချိုက်ပျော်ရွှင်မှုတွေဟာ ဟာ သူတော်ကောင်းတွေ ရွံမုန်းတဲ့ အရာတွေပါ ..မိမိတို့ဘဝမှာလဲ တကယ်အရှုံးမများစေဖို့ တခါတလေမှာ သူတော်တို့ထုံး နှလုံးမူပြီး အပျော်အပါးကို ရွံမုန်းကြည့်ကြစမ်းပါလား လို့ တိုက်တွန်းပါရစေ

• မုန်းသူတိုးမှာ ရင်မှာစိုး

ချစ်သူများနေ့ ဆိုပြီး မိမိထင်ရာ လျှောက်လုပ်မယ်ဆိုရင်တော့ တစ်ယောက်သူအတွက် အများရဲ့ အချစ်ကို ဆုံးရှုံးရမယ်ထင်ပါတယ် အများရဲ့ အလိုမကျသော အကြည့်များအောက်မှာ မိမိတို့ ကိုယ်ကျင့်သိက္ခာလဲ ပွန်းပဲ့ပါသွားကောင်း ပါသွားနိုင်တာမျိုးပါပဲ ။ တကယ်လို့များ မတော်မလျှော်တဲ့ အဖြစ်ဆိုးတွေ ၊ဥပဒေနဲ့ မလွတ်ကင်းတဲ့ အဖြစ်တွေ ကြုံခဲ့ရမယ်ဆိုရင် မိမိရော ချစ်သူမှာပါ သက်ဆိုင်သူတွေရဲ့ ငြိငြင်မှု အပြစ်တင်မှု ကဲ့ရဲ့မှုတွေ ခံရမှာ မလွဲပါဘူး..ချစ်သူများနေ့မှာ မုန်းသူတွေတိုးမှာလဲ စိုးရိမ်မိပါတယ်လို့ ဆိုချင်လိုက်ပါရဲ့ပေါ့..

• ချစ်သူများနေ့ ဆိုတာ

ဖေဖဝါရီလ ၁၄ ရက်သာ ချစ်သူများနေ့ဆိုပါရင် ကျန်တဲ့ နေ့တွေဟာ မုန်းသူများနေ့ဖြစ်နေပေရော့လား လို့ အတွေးမှားစရာပေါ့… မိမိရဲ့ နှလုံးသားမှ ဖြစ်တည်လာတဲ့ အချစ်နဲ့ လောကကြီးကို အလှဆင်မယ်ဆိုပါရင် နေ့စဉ်နေ့တိုင်းဟာ ချစ်သူများနေ့ ဖြစ်သင့်တာပဲ မလား .. အမုန်းဆိုတဲ့ အရာဟာ အကျည်းတန် ပြဿနာများကို သယ်ဆောင်လာပြိး ဘဝရဲ့ အေးချမ်းသာယာမှုတွေကို ဖျက်ဆီးနိုင်စွမ်း အပြည့်ရှိတာမို့ လောကကမ္ဘာ ငြိမ်းချမ်းသာယာဖို့ နေ့စဉ် နေ့တိုင်း ချစ်သူများနေ့ ဖြစ်ပါစေကြောင်း ဆုတောင်းရင်း ချစ်သူများနေ့ အတွေးများကို နိဂုံးချုပ်လိုက်ပါရစေ

ဇေယျသုခ အရှင်နန္ဒဝံသ

(Photo – http://farm3.staticflickr.com/2678/4356129106_979c22c1d4_z.jpg )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts