မှတ်စုမှတ်တမ်း

ရန်ဝင်း (တောင်တံခါး) – “ ပုဂံလက်သစ် ”

ရန်ဝင်း (တောင်တံခါး) – “ ပုဂံလက်သစ် ”

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၅

ပုဂံကို ရောက်တိုင်း ရောက်တိုင်း ရှေးဟောင်းပုဂံခေတ်ထဲကို ပြန်ရောက်သွားသလိုလို နွေးထွေး လွမ်းဆွတ်ရတဲ့ ခံစားရချက်မျိုး ကို ပုဂံချစ်မြတ်နိုးသူတိုင်း ခံစားဖူးကြပေမယ်။

ဒီကနေ့ ပုဂံကိုဘုရားဖူးပဲ ဖြစ်ဖြစ်၊ လေ့လာရေးပဲ ဖြစ်ဖြစ်၊ ရောက်ကြမယ်ဆိုရင် ပထမဦးဆုံးသတိပြုမိကြမှာက ပုဂံဘုရားအများစုကို ပြုပြင်ထားပြီးပြီ ဆိုတာပါပဲ။ အရင်တုန်းက ရောက်ဖူးပြီးသားဆိုရင် ပိုပြီး သတိထားမိကြပေလိမ့်မယ်။

ပုဂံက ဂူဘုရားတွေ အားလုံးလိုလိုပဲ အထက်ဆုံးမှာ ပုံစံဆင်တူတဲ့ စေတီ သေးသေး ရှည်ရှည်တွေ ဖြည့်တည်ထားတာကို တွေ့ရပါတယ်။ တစ်ချို့စေတီတွေကိုလဲ အထွတ်တွေ ဖြည့်ထားတယ်။ အမြင်ဆန်းတဲ့ ပုံစံသစ်တွေ ဖြစ်နေလို့ အရင်တုန်းက စွဲမက်ခဲ့ရတဲ့ ရှေးဟောင်းပုဂံရှုခင်းနဲ့ ကွာခြားနေတယ်လို့ ခံစားမိပါတယ်။ အရင်တုန်းက ရင်းနှီးနေတဲ့ ဘုရားစေတီတွေကိုလဲ မမှတ်မိတော့ပါ။ ဒီတခါ လွမ်းရပုံက တစ်မျိုးဖြစ်နေတယ်။ ရင်ထဲကပုဂံကို တစ်ခါ ထပ်လွမ်းရပြန်တယ်။

 

(၁) နတ်လျောင်းကျောင်း (နတ်လှောင်ကျောင်း) ယခင်

 

(၂) နတ်လျောင်းကျောင်း (နတ်လှောင်ကျောင်း) ယခု

ဒီကနေ့ ပုဂံမှာ ဘုရားစေတီတွေနဲ့ ရှေးဟောင်း အဆောက်အဦးပေါင်း နှစ်ထောင်ကျော် ကျန်ရှိနေသေးပေမယ့် လုံးဝ ထပ်မျှ တူတဲ့ အဆောက်အဦးနဲ့ ဘုရားတွေ မရှိပါ။ နှစ်တွေကြာလာတော့ အကြောင်း အမျိုးးမျိုးးကြောင့် ကွန်းတောင်ပေါက်၊ မဟာဗောဓိပုံစံ ကွန်းတောင်ပေါက်၊ ထူပါပေါက်၊ စေတီပေါက် ဂူဘုရားတွေရဲ့ အထက်ပိုင်း အထွတ်တွေ ပျက်စီးကုန်တယ်။ အမြင့်ဆုံးအပိုင်းအနေနဲ့ ကွန်းတောင်အထိပဲ ကျန်တာ များတယ်။

 

(၃) ငကျွဲနားတောင်း၊ ယခင်
(၄) ငကျွဲနားတောင်း၊ ယခု

နှောင်းခေတ်တွေမှာ ပုဂံဘုရားတွေကိုပြုပြင်ကြရင်းနဲ့ မူလလက်ရာတွေ ပျက်စီးကုန်တာလဲ မနည်းပါ။ မပြုပြင်ခင်က မူလလက်ရာ ဘယ်လောက်ကျန်ပြီး ဘယ်လိုပုံစံမျိုးရှိခဲ့မလဲဆိုတာ၊ ဒီကနေ့မှာ ဘယ်သူမှ တပ်အပ် မပြောနိုင်ကြတော့ပါ။ ဒီတော့ အနီးစပ်ဆုံး အမှန်ရရှိနိုင်ဖို့ သုတေသနပြုကြရပါမယ်။ အရင်တုန်းကလည်း ဒီလို လုပ်ခဲ့ကြတာကြောင့် အခုလည်း ဒီလိုပဲ လုပ်မယ် ဆိုတာမျိုး၊ ကောင်းအောင်ပြင်တာပဲ ဖျက်တာမှ မဟုတ်တာလို့ စိတ်ထဲမှာရှိနေရင်၊ ရှေးဟောင်း အဆောက်အဦးတွေ ပြင်တဲ့ ပုဂ္ဂိုလ်များ ကြပ်ကြပ် စဉ်းစားသင့်ကြပါတယ်။ နောင်ပြင်ရန်ခက်တဲ့အမျိုးလို့ စာဆိုရှိတဲ့အတိုင်း မပြုပြင်ခင်ကတည်းက လေ့လာကြဖို့ တိုင်ပင်ကြဖို့၊ ပညာရှင်တွေရဲ့ အမြင်တွေနဲ့ ညှိနှိုင်းကြဖို့ လိုပါလိမ့်မယ်။

မကြာသေးခင်ကမှ တပြိုင်နက်တည်းလိုပဲ အသစ် ထပ်ထည့်တာတွေကတော့ ဆိုခဲ့တဲ့ ထိပ်ပိုင်းက စေတီအငယ်တွေပါပဲ။ အရင်တုန်းကတည်းက လုပ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တာကတော့၊ အစိတ်အပိုင်းတွေကို ပြောင်းလဲပြင်ဆင် (alteration) ၊ ဖြုတ်ပစ် (obliteration)/ ၊ပုံစံမတူတဲ့ အသစ်တွေ ထပ်ဖြည့်ထည့် (addition) တာတွေ မလုပ်ဘူးဆိုတဲ့၊ တချိန်က ရှေးဟောင်းကျောက်စာဌာန၊ ရှေးဟောင်းသုတေသနဌာနကို ဦးစီးအုပ်ချုပ်သူတွေနဲ့ သမိုင်းသုတေသီ ပညာရှင်တွေရဲ့ အင်မတန်မှ လေးစားစရာ ခံယူချက်နဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပေမယ်။

ပုဂံဘုရားတွေရဲ့ ထိပ်ဆုံးမှာ မူလက ဘာရှိခဲ့သလဲ။ ထီးလား အထွတ်လား၊ ကွန်းတောင်ရဲ့ အထက်စေတီက ဘယ်လိုပုံစံများ ရှိခဲ့မလဲလို့ သိချင်တဲ့သူ တော်တော်ပဲ များလိမ့်မယ်။ သို့ပေမယ့် ဒီကနေ့ ပုဂံလက်သစ် ဘုရားအထွတ်တွေကို ကြည့်ပြီးတော့ အဖြေမှန် ရနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။

ပုဂံမှာ တစ်ခုထဲသာ ရှိတဲ့ ဟိန္ဒူနတ်ကျောင်း၊ နတ်လှောင်ကျောင်း အထွတ်ကလဲ အခု အသစ် ထပ်ဖြည့်ထားသလို မူလတုန်းက အဲဒီပုံမျိုး ရှိခဲ့ပါမလားလို့ စဉ်းစားမိစရာပါပဲ။

ပုဂံခေတ်ဦးပိုင်း လက်ရာ မြင်းကပါစေတီ၊ ဘူးဘုရား၊ လောကနန္ဒာ တို့နဲ့ ခေတ်ပြိုင် မဟုတ်ဘဲ၊ ရှေးပိုကျနိုင်တယ်လို့ ယုံကြည်ရပြီး သရေခေတ္တရာက ပျူခေတ်လက်ရာ ဘောဘောကြီးဘုရား ပုံစံမျိုးလိုပဲ၊ ပုံစံ တော်တော်ရိုးစင်းသေးတဲ့ ဘုရားတစ်ဆူကတော့ ငကျွဲနားတောင်းစေတီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ငကျွဲနားတောင်းစေတီကို အထွတ်စေတီပါ အပြီး ထည့်လို့ အသစ်ပမာ တည်လိုက်ပါပြီ။

ထူးခြားချက်အင်္ဂါရပ်ဖြစ်တဲ့၊ စဥ့်အစိမ်းရောင်သုတ် အုတ်ချပ်တွေ စီထားတာကို ဖေါ်ထားသေးတာက လွဲရင် ငကျွဲနားတောင်းစေတီ က စေတီအသစ်နဲ့ မခြားပါ။ မူလ အထွတ်စေတီ က အခုထပ်ထည့်ထားတဲ့ပုံစံမျိုး ရှိခဲ့လိမ့်မယ်လို့ အတပ်ပြောစရာ အထောက်အထား မရနိုင်ပါ။ ပုဂံတ၀ိုက်မှာ အရင်ကတည်းက အဲဒီပုံစံမျိုး တစ်ဆူထဲသာရှိတော့ လေ့လာချင်တဲ့သူတွေအတွက် အမြင်ဆန်းတဲ့ ပုံစံအသစ်ကိုသာ တွေ့မြင်နိုင်ကြတော့တာပါပဲ။

ဘုရားစေတီဟောင်းတွေကို ပြင်တိုင်း ကောင်းတယ်လို့ မဆိုချင်ပါ။ ပြင်လိုက်တော့မှ ရှေးလက်ရာ ပျက်သွားရင် အစားထိုးလို့ရတာမျိုး မဟုတ်လေတော့ အင်မတန် နှမျောစရာ ကောင်းပေတယ်။ ပုဂံဘုရားတွေမှာ တွေ့ရလေ့ရှိတဲ့ ကျိန်စာတွေမှာ မူလကုသိုလ်ရှင်တွေက သူတို့ရဲ့ ကောင်းမှုတွေကို ပြုပြင်သူတွေအတွက် ဆိုရင် ကုသိုလ် ထပ်တူထပ်မျှ ရပါစေဆိုပြီး ဆုတောင်းပေးထားသေးတာပဲလို့တော့ စောဒက တက်နိုင်ပါတယ်။ အများ ယုံကြည်ကြတဲ့ ဘုရားဟောင်းတွေကို ပြုပြင်ရင် ရနိုင်တယ်ဆိုတဲ့ ကုသိုလ်အကြောင်းကို ဒီနေရာမှာ ထည့်သွင်းပြီး မဆွေးနွေးပါ။

အများစုက အဟောင်းကို ဖယ်ပြီး အသစ်နဲ့ လဲတာဟာ ဘုရား ကြည်ညို သပ္ပာယ်စရာ ပိုဖြစ်တယ်လို့ ယုံကြည်ပြီး၊ သာသနာ အဓွန့်ရှည်ဖို့ ပြုလုပ်တဲ့ ကိစ္စပဲလို့ မှတ်ယူကြပေမယ်။ ရှေးလက်ရာတွေ ဘယ်လောက် ပျက်သွားပြီလဲဆိုတာ သတိမထားတော့ဘဲ၊ ခေတ်အဆက်ဆက် ပြုပြင်ပေါင်း များခဲ့လို့ ပျက်ပေါင်း များခဲ့လှပြီ။ အမြင်ဆန်းတဲ့ ပုံစံသစ်တွေဖြစ်နေလို့ ပုဂံခေတ်လက်ရာတွေပါ ဆိုပြီး ဂုဏ်ယူနိုင်ပါ့မလား တွေးမိတယ်။ ဒီကနေ့ ခေတ်စားလာတဲ့ World Heritage စာရင်းဝင်ဖို့ အကြောင်းချင်းရာတွေကို တင်ပြရာမှာ ပုဂံလက်သစ် လက်ရာတွေကို တင်ပြနိုင်ပါ့မလားလို့လည်း တွေးမိပါသေးတယ်။

လူထုဒေါ်အမာရဲ့ အနှစ် ဂ၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ ‘ပုဂံလက်သစ် နှင့် အခြားစာတမ်းများ’ စာအုပ်မှာ ဆရာကြီး ဒေါက်တာသန်းထွန်း က ဒီလို ရေးပြီး ထောက်ပြထားပါတယ်။

“မပျောက်ဆုံးအောင်ထိန်း conservation တာရယ်၊ ဆက်ပြီးမပြို မပျက်အောင်ကာကွယ် preservation တာရယ်၊ မူရင်းပုံစံမပျက်ပြန်တည်ဆောက် restoration တာရယ်၊ ရှေးပုဂံအတွက် ဒီသုံးခုကို ဖြစ်အောင် ဆောင်ရွက်ကြဖို့ပဲ ရှိပါတယ်။”

ညွှန်း။ ပုဂံလက်သစ်နှင့် အခြားစာတမ်းများ၊ ဒေါက်တာသန်းထွန်း

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts