စာစုတို

စမ်းစမ်းတင် – ကျောက်စိမ်း

စမ်းစမ်းတင် – ကျောက်စိမ်း
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၅

ကျောက်စိမ်းဆိုတော့ ဦးကျောက်စိမ်းကို ဆိုင်ဆိုင် မဆိုင်ဆိုင် သွားသတိရမိတာကလား..။  ဗမာပြည်မှာ ခေတ်မီအဆင့်မြင့် ပထမဆုံး ရုပ်ရှင်ရုံ သမ္မတကို တည်ဆောက်ထူထောင်တဲ့ ဦးကျောက်စိမ်းပါ။ ယောက်လမ်းနဲ့ ရွှေတိဂုံဘုရားလမ်းက ရုပ်ရှင် ရုံပေါ့။

ရန်ကုန်မှာ တခမ်းတနား ခေတ်အမီဆုံး ဒီရုပ်ရှင်ရုံဖွင့်စက အဲဒိမှာရုပ်ရှင်သွားကြည့်ရင် ဝတ်ကောင်းစားလှဝတ်ပြီးသွားကြည့်ရတာ။  ရုံထဲအ၀င် လူသွားလမ်းမှာ ခင်းထားတဲ့ ကတ္တီပါးသားလိုနုညံ့နေတဲ့ ကော်ဇောနီပေါ် ခြေတလှမ်းချင်းနင်းရင်း လူပါ ဘဝင်မြင့်သွားချင် သလိုလိုဖြစ်ရတဲ့ရုပ်ရှင်ရုံ။

လူကြီးတွေပြောလို့ ပြလို့ ရုပ်ရှင်ရုံပိုင်ရှင် ဦးကျောက်စိမ်းကို မြင်ဖူးပါတယ်။

အဲဒိခေတ်က လူဂုဏ်တန်တွေ စီးတဲ့ မာစီဒီးမစီး။ ဗောက်စ်ဝက်ဂွန်မစီး ။ ဘောက်ဆောမစီး- ဖီးယက်မစီး၊ ဂျစ်ကားစီးတဲ့သူဌေး။  အသားကဖြူဖြူလတ်လတ် တရုတ်ကပြားထင်ပါရဲ့။ (အဲဒိတုန်းက ဘာလူမျိုးဖြစ်ဖြစ် ဘယ်သူကမှ နင်ကဘာ ငါကဘာ ပြောနေတဲ့ ခေတ်မဟုတ်- သူတို့ကိုယ်တိုင်လည်း ဗမာစိတ် ဗမာအတွေးနဲ့- ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင်)

ဦးကျောက်စိမ်းကိုမြင်ဖူးတုန်းက ပုဆိုးကွက်ကြားနဲ့ -သူ့ ဂျစ်ကားပေါ်လွှားကနဲတက်သွားတဲ့မြင်ကွင်းတောင် ခုထိမြင်ယောင် သေး။

ရုပ်ရှင်ရုံကို သူတယောက်တည်းပိုင်သလား အစုစပ်ပိုင်သလား သေသေချာချာမသိပေမဲ့ သူပိုင်တယ်ဆိုတာတော့ မှတ် မိနေရဲ့။

ကုသိုလ်ကံများနော် ဒိလောက်အရင်းအနှီးကြီးနဲ့ တည်ဆောက်ခဲ့တာ ၆၂ နှစ် စစ်အာဏာသိမ်း တော်လှန်ရေးကောင်စီ အမိန့်ကြေညာစာတခုတည်းနဲ့ပဲ လက်လွတ်ဆုံးရှူံးခံလိုက်ရရှာတယ်။

လူပြောသူပြောတွေအရ ဦးကျောက်စိမ်း စိတ်ကယောက်ဖြစ်သွားပုံရတယ်ဆိုတာလောက် သိလိုက်ရပြီး ပြည်သူပိုင် ရုပ် ရှင်ရုံမှာ ရုပ်ရှင်ကြည့်မပျက်သွားကြည့်ဖြစ်ပေမဲ့ ကော်ဇောနီကတ္တီပါခင်းက မသားနားတော့တာအမှန်။

ဟော …   ဒီရက်အတွင်း ကြားရပြန်ပြီ   ကျောက်စိမ်း..။

ကျောက်စိမ်းသံ… ကချင်ပြည်နယ်သံကြားရရင် နယ်လှည့်ပါးရိုက်ကြီး ဒီပြည်နယ်ကို အပိုင်စားရချိန်မှာ သယံဇာတတွေပို ပြုန်းသွားတာလို့ ကချင်ပြည်နယ်သား ကချင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးအောင်ဝါပြောဖူးသံက ပဲ့တင်လာရိုက်ရဲ့..။

တရုတ်တွေသည်းခြေကြိုက်လွန်းတဲ့  ဗမာ့ကျောက်စိမ်းကို ၁၃-၁၄ ရာစုကတည်းက လိုက်ရှာနေတာတဲ့- ၁၉၁၂ ခုထုတ် မြစ်ကြီးနားဂေဇက်မှာ ပါတာကတော့  ၁၃ ရာစုလောက်မှာ ယူနန်ပြည်နယ်က တရုတ်ကုန်သည်လေးတယောက် သူစီးလာတဲ့ မြည်းမှာ ကုန်တွေတင်တော့  တဘက်တချက် ဟန်ချက်မညီလို့ တွေ့ရာကျောက်တုံးတတုံးကောက်ပြီး အလေးချိန်မျှအောင် ထိန်းညှိပြီး ပြည်ကြီးပြန်ပါသတဲ့..။

ဟိုရောက်တော့မှ သူအမှတ်တမဲ့ကောက်ခဲ့တဲ့ ကျောက်တုံးက တကယ့် အရည်အသွေးကောင်း ကျောက်စိမ်းတုံးဖြစ်နေတာတွေ့ရကတည်းက ကျောက်စိမ်းတွင်းကိုရှာနေတာ ရာစုနှစ်များစွာကြာခဲ့ပေါ့..။

ဥရုချောင်းကို အ နှစ်နှစ် အလလက ချောင်းနေ- အနှစ် နှစ် အလလက ရှာနေတာပဲဆိုပါတော့..။

မင်းအဆက်ဆက်ကလည်း  မချဉ်းကပ်နိုင်၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ မ-ဆ-လ ခေတ် ဘယ်ခေတ်ကမှာ မချဉ်းကပ်နိုင်တဲ့ ဥရုချောင်း… ခုတော့ ရေကြောင်းပြောင်း…နေ့နေ့ညညတူးနေတဲ့ စက်ယန္တရားကြီးတွေ ဒဏ်ထိ…..မြေစာပုံ တွေနဲ့နစ်…။

ဒါတွေကို  ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ကြီးကဖွင့်ချလိုက်တော့ ဘယ်သူတွေ ဘယ်လိုပတ်သက်နေတာ ကွက်ကွက်ကွင်းကွင်းပေါ့..။

ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး ဗိုလ်ခင်ညွန့်ကြိုးပမ်းတဲ့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတဲ့ အသီးအပွင့်တွေ ခံစားလိုက်ရ တာတွေပေါ့..။

မုဒိတာမပွားနိုင်လည်း သူ့ကုသိုလ်နဲ့သူလို့ပြောနိုင်ပေမဲ့  ဒီကုသိုလ်ဟာ အကုသိုလ်လည်းဖြစ်နေတာ အံ့သြစရာလည်း မ ဟုတ်ပြန်..။ ကုသိုလ်ဆက်ချင်ရင်တော့ ကျောက်စိမ်းကရတဲ့ ငွေတွေကို တရုတ်ကိုလျော်ကြေးပေးပြီး
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းလိုက်ဖို့ပါပဲ။

ဦးသိန်းစိန်ကလည်း သူ့သမ္မတသက်တမ်းမှာ ဆိုင်းငံ့ထားမယ်ပဲပြောခဲ့တာ.. လုံးဝရပ်လိုက်ပြီလို့ ပြောထားတာမှမဟုတ်တာ- အင်း….. မြစ်ဆုံအရေးက တကယ့်ကို  စိတ်မအေး..။  ပြောရရင် တော်လှန်ရေးကောင်စီခေတ်က ဦးကျောက်စိမ်းဆုံးရတာ ရုပ်ရှင်တရုံ၊ ၈၈ လွန်စစ်အစိုးရခေတ်က စလိုက်ထားတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရင် ဆုံးရှူံးနစ်နာ ရမှာက တနိုင်ငံလုံး။

စမ်းစမ်းတင် @ SanSan Cynthia Tin
၂၀၁၅၊ အောက်တိုဘာ ၂၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts