ကဗျာ

ဆောင်းဖြူ – ဇာတ်ညွှန်းအမှား

ဆောင်းဖြူ – ဇာတ်ညွှန်းအမှား
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၅

အမှောင်ညက
အလင်းလကို မွတ်သိပ်သလို
လွမ်းလွမ်းဆွတ်ဆွတ်ဖြစ်ရ

ဘ၀တွေ …
လမ်းညွှန်ဆိုင်းဘုတ်ဝိုးတ၀ါး
ခြေထောက်တွေ ဘယ်ကိုသွားရပါ့

ဘ၀တွေ …
ကလေးဆန်ဆန် ပေါက်ကွဲချင်ခဲ့သမျှ
လူကြီးဆန်ဆန် မျိုသိပ်ကြရ

ဘ၀တွေ …
တစ်ကြိမ်တစ်ခါ အနိုင်ရဖို့
အကြိမ်တစ်ရာမက ယိုင်လဲ
ရှုံးပွဲတွေကို ပေးဆပ်ခဲ့ရ

ဘ၀တွေ …
ဘ၀တွေလေ ဘ၀တွေပေါ့
ရက်ရာဇာမှုန်ဝါးနေတဲ့
ပြဿဒါးရာသီထဲမှာ
လက်ဆုပ်လက်ကိုင် ပြနိုင်တာဆိုလို့
မစို့ မပို့ မာနနည်းနည်းနဲ့
ဆန္ဒထူထူထဲထဲသာ ကျန်တော့တယ် ။

ဆောင်းဖြူ
၁ ၉ ၉ ၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts