ဗိုလ်ထက်မင်း ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – NCA လက်မှတ်ထိုးတဲ့အရေး အသွင်မတူတဲ့ အမြင်များ ကောက်နှုတ်ကြည့်ခြင်း – အပိုင်း (၅) ၊ နိဂုံးချုပ်

ဗိုလ်ထက်မင်း –  NCA လက်မှတ်ထိုးတဲ့အရေး အသွင်မတူတဲ့ အမြင်များ ကောက်နှုတ်ကြည့်ခြင်း – အပိုင်း (၅) ၊ နိဂုံးချုပ်

(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၅

 

၃၉။    NCA စာချုပ်နဲ့တပ်မတော်ရဲ့ထားရှိနိုင်တဲ့ မဟာဗျုဟာအခင်းအကျင်းစီမံချက်ကို သုံးသပ်တင်ပြ

သွားပါ့မယ်။ တပ်မတော်ရဲ့ မူလမဟာဗျူဟာအဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံအုပ်စုအဖြစ် သဘောထားပြီးရင်ဆိုင်နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေကိုတော့ ဖက်ဒရယ် ပြည်ထောင်စုအရေး အပေါက်တပေါက် ဖွင့်ထားပြီး ထိန်းညှိရန် ကြိုးစားနေတာလို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေက တပ်မတော်အပေါ် မိတ်ဘက်သဘောထားရှိလာရင် ဒုတိယမဟာဗျုဟာအနေနဲ့ တပ်မတော်ထူထောင်ပေးခဲ့တဲ့ “ပါတီ” ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲ လုပ်ကိုင်စေခြင်း၊ တိုင်းရင်းသားအများစုကို တပ်မတော်က ဆက်လက် ထိန်းကြောင်းညှိနှိုင်းသွားခြင်းတို့အပြင် ထိန်းသိမ်းကိုင်တွယ်ရခက်နေတဲ့ ‘၀’ နဲ့တကွ အခြားအဖွဲ့များကိုပါ ဆက်လက် စည်းရုံးနိုင်ခြင်း၊ တရုတ်သြဇာမှ လွန်မြောက်ရန် ကြိုးပမ်းခြင်း တို့အထိ စီမံချက်များ ဆွဲလိုက ဆွဲထားနိုင်ပါတယ်။  တပ်မတော်၏ နိုင်ငံရေးမဟာဗျုဟာ အခင်းအကျင်းအနေနဲ့ အစိုးရပါတီ space ၊ဒေါ်အောင်ဆန်းစုကြည်ဦးစီး အတိုက်အခံ space ၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ space တွေကိုသတိထားပြီး ကိုင်တွယ် ကစားနေပုံ ပေါက်ပါတယ်။ နောက် အရေးကြီးတဲ့ သံသယ အစဉ်အလာကြီးတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆို၊ လုပ်ကိုင်၊ တွေးခေါ်တဲ့ အချက်အလက်များ နောက်ကွယ်မှာ မြှပ်ကွက်တွေရှိနေတယ်လို့ ယူဆနေတဲ့ တပ်မတော်ရဲ့  သံသယနက်ရှိုင်းမှုပါပဲ။

၄၀။    ဒါကို NLDက ရိပ်မိဟန်တူလို့ သဘောထားကြေညာချက် အောက်ပါအတိုင်း ထုတ်ခဲ့ပါတယ် –

“ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကမူ ယခင်ကအတိုင်း တပ်မတော်နှင့် ပြေငြိမ်းလိုသောသဘော ရှိပြီး NLD ခေါင်းဆောင်များက တပ်အနေဖြင့် တိုင်းပြည်၏ နောက်ထပ်ခြေလှမ်းများကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု အမြဲတမ်းသဘောထားခဲ့ကြကာ သူတို့ပါတီအတွင်း တပ်အပေါ် မုန်းတီးမှုများ ကာလရှည်ကြာစွာ ရှိနေခဲ့သည်ကို ပိုမိုလွန်ကဲမလာစေရန် ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ကြတယ်။ NLD ပါတီ၏ ရွေးကောက်ပွဲကြေညာချက်တွင် တပ်မတော်ကို ဒီမိုကရေစီနှင့် ပြည်သူတို့ကို အကာအကွယ်ပေးသည့် အဖွဲ့အစည်းတခုအဖြစ် သဘောထားကြောင်း၊ အနာဂတ်တွင် NLDက အစိုးရဖွဲ့စည်းနိုင်ပါကလည်း ခေတ်မီတပ်မတော်တခု ဖြစ်အောင် တည်ဆောက်သွားမည်ဟု ကတိပြု ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တပ်နှင့် NLD ကြားမှ မယုံသင်္ကာ ဖြစ်မှုများကို ဖယ်ရှားသွားရန်  အလွန် ဆန္ဒရှိနေကြောင်း” ပြောသွားခဲ့ပါတယ်။

၄၁။    ကြေညာချက်ဟာ နောက်ကျသွားတယ်လို့ စာရေးသူမြင်ပါတယ်။ လက်တွေ့နယ်ပယ်မှာ သူမရဲ့ ကြွေးကြော်ချက်ဖြစ်တဲ့ ပုဒ်မ (၄၃၆) နဲ့ ပုဒ်မ ၅၉(စ) တပြိုင်တည်းပြင်မယ်လို့ဆိုတာဟာ တပ်မတော်အဖို့ လက်မခံနိုင်လောက်တဲ့ အနေအထားဖြစ်ပြီး စာရေးသူအမြင်အနေနဲ့ စောလွန်းတယ်လို့ ယူဆပါတယ်။ ပုဒ်မ (၄၃၆) ပြင်ရင်တောင် တပ်မတော်ရဲ့ (၂၅%) ပါဝင်မှုကို မပြင်သေးပါဘူးဆိုတဲ့ အာမခံချက်စကား  တိတိကျကျ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပေါ်မထွက်တာဟာလည်း တပ်မတော်က သံသယဖြစ်ပေါ်စေပါတယ်။  လွှတ်တော် တပေါက်တည်း ဒေါ်အောင်ဆန်းစုကြည်အား ဖွင့်ပေးလိုက်တာနဲ့ ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်မှာ ဦးရွှေမန်းက အခြေခံဥပဒေအရေး၊ ဥပဒေပြုရေးတွေမှာသာမက အစိုးရအုပ်ချုပ်ရေးတွေမှာပါ သူ့အာဘော်တွေ ရှေ့တန်းတင်လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် အရေးကြီးသောအချက်ဖြစ်တဲ့ ၄၃၆ ကို အဓိက အာရုံစိုက်လာခြင်းတို့အပေါ် တပ်မတော်က စိုးရိမ်စိတ် ကြီးမားခဲ့ဟန်တူပါတယ်။

၄၂။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ခေတ်မှီရန်  အနောက်နိုင်ငံတွေရဲ့ စစ်ရေးဆိုင်ရာ အထောက်အကူရဖို့ စိတ်အား ထက်သန်နေရာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အားပေးထောက်ခံမှု ပြခဲ့ရင်။ လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေကို ဒေါ်အောင်ဆန်းစုကြည်သာ တရုတ်လွှမ်းမိုးမှုအောက်က ဆွဲထုတ်ပြီး လက်မှတ်ထိုးဖို့ ဆောင်ရွက်နိုင်ခဲ့ရင် … တပ်မတော်ရဲ့ သဘောထားတွေ သံသယတွေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာကို စာရေးသူက တွက်နေမိပါတယ်။

၄၃။    တဖန်တပ်မတော်အနေနဲ့တိုင်းရင်းသားစစ်မျက်နှာပြန်ကြည့်တဲ့အခါ MNDAA  နဲ့တပ်မတော် တိုက်ပွဲဖြစ်ပွါးတုံးက UMFC က ဖိအားပေးတဲ့ ပုံစံအသွင်မျိုးပြုလုပ်တာကို တပ်မတော်က လက်ခံပြီး ၂ ဖက် အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ရပါတယ်။ ယခင်တုန်းက အခြေအနေမျိုးဆို တပ်မတော်က လက်ခံမှာ မဟုတ်ပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး NCA တက်လာရင် အများ၏ တညီတညွတ် တောင်းဆိုမှူတွေကို လက်ခံဖြေကြားပေးရတော့မှာမို့ တပ်မတော်မှာ အကျပ်အတည်း တွေ့နိုင်ပါတယ်။ လက်ရှိအခင်းအကျင်းအရ အားလုံးမတက်နိုင်တဲ့အတွက် တဝက်ဘဲတက်လာလို့တပ်မတော်အဖို့ အသက်ရှူချောင်သွားဟန် တူပါတယ်။

၄၄။     PLAN (A) ဆိုရင် အားလုံး တအုပ်တမကြီး ထိုးလာရင် စောင့်ကြည့်ရမည့်အဖွဲ့တွေ များစွာဖွဲ့ရပြီး နယ်မြေဧရိယာ ပိုင်းခြားမှု အသေးစိတ် တပြိုင်နက်လုပ်ရမှာဖြစ်ပါတယ်။  PLAN (B) ဆိုတာက တဝက်တပျက် ထိုးလာမှာကို ကြိုတင်တွက်ဆထားဟန်တူပြီ်း တပ်ချုပ်အနေနဲ့ POWER GAME ကစားရတာ ပိုဟန်ကျနိုင်တယ်။ PLAN (C) ကတော့ နောင်အစိုးရလက်ထက်ကျမှ ထိုးမယ့်အစီအစဉ် ဖြစ်တယ်။ ဒီတော့ ဆက်ဆံရေးကောင်းမွန်တဲ့KNU နဲ့ အရင်ကနဦး အပစ်ရပ်လုပ်ခြင်းဖြင့် ရရှိတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး  အားနည်းချက်တွေ ပြင်ကာ နောင်ထိုးမဲ့အဖွဲတွေကို အကဲစမ်းလို့ ရပါတယ်။ မထိုးတဲ့အဖွဲ့တွေရဲ ဧရိယာဟာ ရှုပ်ထွေးနိုင်တာမို့ (၈) ဖွဲ့ကိစ္စပြီးရင် အချိန်နဲ့ အင်အား အသာစီးမှု ရယူထားနိုင်ပါတယ်။

၄၅။    တပ်မတော်အနေနဲ့ TRADER HOTEL နဲ့ စစ်ကိုင်းဗုံးကွဲမှူတွေ၊ တပ်ချုပ်ခရီးစဉ် အပစ်ခံရတာတောင် KNU ကို ဖိအားမပေးဘဲ နားလည်မှူ၊ ယုံကြည်မှု ပေးဆပ်ကာ အတိုင်းအတာတခုထိ ပျော့ပြောင်းမှုကို ပြနေပေမယ့်၊ လက်မှတ်မထိုးတဲ့အဖွဲ့တွေကျတော့ တကွက် မှားလိုက်တာနဲ့တပ်မတော်က ခြေလှမ်းကျဲကျဲတိုးပြီး မှားကွက်ကို ကိုင်တွယ်နေတာတွေ တွေ့နေရပါပြီ။  ဥပမာ – KIAရဲ့ ထမင်းအိုးဖြစ်တဲ့ သစ်ခုတ်ရာလမ်းကြောင်းကို ပိတ်ဆို့ပြီး တရုတ်တွေအပါ ကားတွေကို ဖမ်းပြလိုက်ကာ လည်မြိုညစ်တဲ့နည်းဗျူဟာ သုံးပါတယ်။ တပ်မတော်ရဲ့ ထောင်ချောက်ပဲ ပြောပြော အခုဆိုရင် လောက်ကိုင်စစ်ဌာနချုပ်ကို တိုက်ခံရတုံးက တပ်ချုပ်က ကျွန်တော်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ဌာနချုပ်ကို မတိုက်ခဲ့ဘူးဆိုတဲ့ လေသံပြင်ကာ SSPP/ SSA ဌာနချုပ်ကို တိုက်မယ်ဆိုတာမျိုး ဖြစ်နေပြီဖြစ်တယ်၊

၄၆။    တပ်မတော်ဟာ ၁၉၈၈ အာဏာသိမ်းတုန်းက တစညကို ပစားပေးပြီး ကစားခဲ့သော်လည်း ၁၉၉၀ခုနှစ်ရွေးကောက်ပွဲရလဒ် မလှတာကြောင့် တစည (တပ်မတော်အုပ်စုဟောင်း)တွေကို ပစ်ပယ် ခဲ့ပါတယ်။ တပ်မတော်ဟာ အရာရှိမျိုးဆက်သစ်တွေကို လေ့ကျင့်ပေးကာ (တစည) အစား ကြံ့ဖွတ်ပါတီ ပေးထောင်ပြီး ထွက်ပေါက်ပေးနည်းနဲ့ ကစားနေပြန်ပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မရှုမလှ ကြံ့ဖွတ်ပါတီ ရှုံးနိမ့်ခဲ့တဲ့အပြင် ထိပ်စည်းက ဦးရွှေမန်း လေသံတွေ ပြောင်းလာချိန်မှာတော့ တပ်မတော်အဖို့ မျက်လုံးပြုး မျက်ဆံပြာ ဖြစ်လာပုံ ရပါတယ်။ ဒါကြောင့် တပ်ရဲ့ထိပ်ပိုင်းက Power line –up 3 ရှိတဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်း နဲ့ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ မြတ်ဟိန်းတို့ကို ပါတီထဲ သွတ်သွင်းခဲ့ရပါတယ်။

၄၇။    တပ်မတော်သားများရဲ့အမြင်အနေနဲ့ ပါတီဘက်ကို ကူးပြောင်းတဲ့သူတွေအများစုဟာ စစ်သား ဘဝမေ့၊ ရဲဘော်ရဲဘက်စိတ်ကုန်ခမ်းကာ အရပ်သားစိတ်ပြောင်းပြီး တပ်ကိုပြန်နင်းတဲ့ သာဓက၊ လတ်တ လော ဦးရွှေမန်းဖြစ်စဉ်က မီးမောင်းထိုးပြနေတယ်လို့ ယူဆနေပုံပါပဲ။ ပါတီအပေါ် ယုံကြည် စိတ်ချရမှု လျော့နည်းလာတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အရင်ခေတ်ကလို သီးခြားနေလို့ မရတော့ဘဲ ပြည်သူ့စစ်မဟာဗျုဟာ ချမှတ်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နိုင်ငံရေး၊ (ပြည်တွင်း ပြည်ပ)၊ သံတမန်ရေးရာ၊ သတင်းမီဒီယာကဏ္ဏတွေမှာ ထိတွေ့ဆက်ဆံလာသလို၊ တပ်မတော်ဆေးတပ်ဖွဲ့များကို ပြည်သူလူထုအတွင်း စေလွှတ်ကာ တဖုံ၊ သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေးကဏ္ဍမှာ လူထုနဲ့ ထိတွေ့ ဆက်ဆံ စည်းရုံးပြီး တပ်မတော်ရဲ့ယဉ်ကျေးမှုသစ် ဖွင့်လာတာ တွေ့ရပါတယ်။

၄၈။   မည်သို့ပင်ဖြစ်စေ အတိုက်အခံ နိုင်နိုင်သော်လည်း လွှတ်တော်နဲ့ အစိုးရမှာ အများစု ဖွဲ့ခွင့်ရမှာဖြစ်ပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ အသာစီးရယူထားတဲ့ တပ်မတော်ဟာ သူ့အပေါ်နားလည်တဲံ့သူကိုသာ သမ္မတအဖြစ် ထောက်ခံတင်မှာမို့ အတိုက်အခံတင်လာမည့်သူထက် အခွင့်အရေးပိုရနေပါတယ်။

၄၉။    လာမည့်ရွေးကောက်ပွဲမှာ အခြေအနေ မလှရင်တော့ တစညလိုပဲ  ကြံ့ဖွတ်ကို ပစ်ပယ်ပြီး တပ်မတော်မျိုးဆက်သစ် နောက်တဆက်နဲ့ နိုင်ငံရေး ဆက်ကစားဖို့ ရှိပါတယ်။ ရွေးကောက်ပွဲလမ်းနဲ့ တက်လာကြမယ့် အင်န်အယ်ဒီ၊ တိုင်းရင်းသားနဲ့ အခြားအတိုက်အခံတွေကို လွှတ်တော်အတွင်းမှာပင် လုံးထွေးအောင် ထားနိုင်သလို၊ အစိုးရကိုတော့ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ NCA PROCESS အရ UPDJC နိုင်ငံရေးဆွေးနွေးပွဲမှာ ဦးဏှောက်စားခိုင်းထားပြီး၊ လိုအပ်လာရင် အပေါ်က (အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ) နဲ့ ထိန်းချုပ်ရင်း ရွေးကောက်ပွဲအလွန်မှာ တပ်မတော်က Power Game ဆက်ကစားကြဖို့ သေချာနေပါတယ်။

၅၀။    ဒါကတော့ အားလုံး ကျေနပ်မယ့် “ဂိမ်း”လို့ယူဆပါတယ်။ တပ်မတော်အုပ်စုဟောင်းတွေလည်း အထုပ်အပိုးနဲ့ နောက်ဆုတ်၊ တပ်မတော်အုပ်စုအသစ်ကလည်း အထုပ်အပိုးတွေ စုဖို့ ဆက်တိုး၊ အတိုက် အခံတွေကိုလည်း တုတ်တဖက် မုန့်တဖက်နဲ့ တထောင့်တည ပုံပြင်လိုသက်ဇိုးရှည်နိုင်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။  အချုပ်ဆိုရသော် ဘယ်အစိုးရဘဲတက်တက် အခြေခံဥပဒေပြုပြင်ဖို့ ပါတီတွေက တင်ပြလာလို့ရှိရင်  လက်မှတ်မထိုးတဲ့အဖွဲတွေကို ပစ်မှတ်မှတ်ပုံတင်ထားကာ အချိန်မရွေးရောဂါ ရှာထားပြီး ငြင်းဖို့အထောက်အထား ရသွားပြီဖြစ်လို့ တပ်ချုပ်တယောက် အိပ်ပျော်စားဝင်နေမယ့်ပုံရကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts